လဝါးကျေးရွာတွင် ပြည်သူ ၉ ဦးအသတ်ခံရသည့်အမှုနှင့်ပတ်သက်ပြီး ပြည်သူ့ကော်မရှင်ဘက်က စုံးစမ်းထားသည့် အချက်အလက်များအား KIO/KIA ထံပေးပို့ထား

168

 

မေ၊၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ လဝါးကျေးရွာဘက်မှာ ပြည်သူ ၉ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ကော်မရှင်ဘက်က စုံစမ်းရရှိထားတဲ့ အချက်အလက်၊ ဒေတာတွေကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ဘက် ဧပြီလအတွင်းက ပေးပို့ထားပြီးပြီလို့ ပြည်သူတွေဘက်က ဖွဲ့စည်းထားတဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီပေးပို့ထားတဲ့အထဲမှာ ပြည်သူ့ကော်မရှင်ဘက်က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအပြင် အမှုကိုဖြစ်မြောက်အောင် အားပေးအားမြှောက် ပြုလုပ်ခဲ့ကြသူတွေရဲ့ အမည်စာရင်းတွေကိုပါ ထည့်သွင်းပေးပို့ထားတယ်လို့လည်း သိရပါတယ်။

ဧပြီလ(၂၅)ရက်နေ့က အထက်ပါ ပြည်သူ(၉)ဦး အသတ်ခံရတဲ့ သုံးလပြည့် ခွန်အားယူ ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ KIO/KIAဘက်က အဲဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက်ကိုင်တွယ်လုပ်ဆောင်သွားဖို့ သီးသန့်တရားရေးကော်မရှင် ဖွဲ့စည်းပြီးသွားကြောင်း အကြောင်းကြားလာတာမျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ KIO/KIAဘက်ကနေ သီးသန့်တရားရေးကော်မရှင်ဖွဲ့ပြီးကြောင်း အကြောင်းကြားလာတာမျိုးသာရှိပြီး ပြည်သူတွေဘက်က ဖွဲ့ထားတဲ့ ကော်မရှင်တွေနဲ့ တရားဝင်တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပြောလာတာမျိုးတွေ လက်ရှိအချိန်အထိ မရှိသေးတဲ့အတွက် အားမရတဲ့ အပိုင်းတွေတော့ ရှိနေတယ်လို့ အထက်ပါ ကော်မရှင်အဖွဲ့ဝင်ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဒီအမှုကို ဆုံးဖြတ်ပေးမယ့် သီးသန့် တရားကော်မရှင်ဖွဲ့ထားပြီလို့ အကြောင်းကြားလာကြတယ်။ အလုပ်လုပ်တာ အရာမရောက်သေးဘူးလို့ ရှင်းရှင်းလင်းလင်းမြင်ရတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အားပေးအား‌မြှောက် လုပ်နေတဲ့သူတွေ လွတ်နေသေးတယ်။ အဲဒါတွေကိုလည်း အမြန်ဆုံး အရေးယူမှုတွေ လုပ်သွားရမယ်”လို့ သူက ပြောပါတယ်။

အမှုဖြစ်တာ (၄)လရှိနေပြီ ဖြစ်ပေမဲ့ တိကျတဲ့ အဖြေမထွက်လာသေးတဲ့အတွက် KIO/KIA အနေနဲ့ ပြည်သူတွေဘက်က ဖွဲ့ထားတဲ့ ကော်မရှင်တွေနဲ့ တရားဝင်တွေ့ဆုံ ဆွေးနွေးတာတွေ၊ ပြည်သူတွေရဲ့ ယုံကြည်မှု ရရှိအောင် လုပ်ဆောင်သင့်နေပြီလို့ အထက်ပါ အဖွဲ့ဝင်က ဆက်လက် ပြောပါတယ်။

“ခုထိ ကျွန်တော်တို့ ကော်မရှင်နဲ့ တွေ့ဆုံရအောင် ဟိုလို၊ ဒီလို လုပ်ရအောင်ဆိုပြီး တရားဝင်ဆွေးနွေးတာ မရှိသေးဘူး။ ဒါကို ပေါ့ပေါ့တန်တန်နေရင် ပိုပြီးတော့ ဒီပြဿနာက နောက်ဆို ကျွန်တော်တို့ နိုင်ငံတွင်း KIA/KIOက သိက္ခာ မရှိလာဘူး။ အဓိက ကတော့ KIO/ KIAရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်တဲ့အပြင် ပြည်သူတွေကနေ ယုံကြည်ထားတဲ့ ယုံကြည်ချက်တွေ လျော့လာမယ်ဆိုတဲ့ အချက်တွေပေါ့”လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အမှန်တရားပေါ်ပေါက်နိုင်ရေးအတွက် ပြည်သူ့ကော်မရှင်တင်မဘဲ KIO/KIA ဘက်ကပါ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KIO/KIA ပြန်ကြားရေးတာဝန်ခံဆီ မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းထားပြီး အခုချိန်ထိတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

အသတ်ခံရတဲ့ ပြည်သူ ၉ ဦးဟာ အသက်၂၀ ကျော်ကနေ ၅၀ ဝန်းကျင်အရွယ်တွေ ဖြစ်ကြပြီး မိုးကောင်းမြို့က ဦးကျော်စိုး၊ ဆားမှော်ကျေးရွာက မခေါန်ဘူ၊ မနန်လွမ်တို့ နှစ်ဦး အပြင်၊ ဗန်းမော်မြို့ဘက်က ဦးလဇွမ်တူးလွမ်၊ ထွန်းအေး(မာရှောင်)၊ ဦးရှဲ့၊ ၊ ဦးထွန်းယုံ၊ ဖိုးတုတ်တို့ ဖြစ်ပြီး ဦးယော်ဟန်ကတော့ နမ္မတီးမြို့က ဖြစ်ပါတယ်။

သေဆုံးသွားသူ ၉ ဦးဟာ ဇန်နဝါရီလ ၂၄ ရက်နေ့က မိတ်ဆွေဖြစ်သူ မိုးကောင်းမြို့နေ ဦးကျော်စိုးဆိုသူရဲ့ လဝါးကျေးရွာဘက်က စိုက်ပျိုးရေးခြံဘက် ငါးဖမ်းထွက်တဲ့အချိန် KIA/PDFတွေကနေ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် လဝါးကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာ ၇ ပေလောက်ကျယ်ဝန်းတဲ့ ကျင်းတစ်ခုမှာ ၇ ဦးရဲ့ အလောင်းကိုတွေ့ရတဲ့အပြင် နောက်ထပ်တစ်ကျင်းမှာတော့ ၂ ဦးကို မြှုပ်ထားခဲ့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here