ဆေးဝါးနဲ့ ကျန်းမာရေးဌာနမရှိတဲ့ ပူတာအိုမြို့က ကျေးရွာအနေနဲ့ သက်ဆိုင်ရာသို့ စာတင်ပြခဲ့ပါက တာဝန်ယူဖြေရှင်ပေးသွားမည်ဟု စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ပြော

248
Lungshayang-putao

စက်တင်ဘာ၊၂၃

ဆေးဝါးနဲ့ ကျန်းမာရေးဌာနမရှိတဲ့ ပူတာအိုမြို့နယ်ထဲက လုံရှာယန်၊ ဖတ်မာ၊ တန်ဂျာ စတဲ့ကျေးရွာတွေမှာ ဆေးဝါးလိုအပ်နေတဲ့အကြောင်း သက်ဆိုင်ရာဌာနတွေဆီကို စာတင်ပြရင် တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

လက်ရှိအချိန် အဲဒီကျေးရွာတွေမှာ ရာသီပေါ်တုပ်ကွေး အဖြစ်များနေပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း ၂ ဒဿမ ၅ ရာခိုင်နှုန်း အထဲမှာ  ကချင်ပြည်နယ်မှာတော့ ၀ ဒဿမ ၇ ရာခိုင်နှုန်း ရှိနေပြီး လက်လှမ်းမှီတဲ့  ဒေသတွေကို ကျန်းမာရေး ဝန်ထမ်းပို့ဆောင်ပေးတာတွေ အခမဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်နေတယ်လို့ ဦးခက်ထိန်နန်က ပြောပါတယ်။

“ ဆေးဝါးမလုံလောက်တာကို ကျွန်တော်တို့ဆီကို တင်ပြလိုက်ရင် ကျွန်တော်တို့အနေနဲ့ ပြည်နယ်ကျန်းမာရေးဌာနနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကျွန်တော်တို့က ပို့ပေးတယ်” လို့ ပြောဆိုခဲ့တာပါ။

အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး လုံရှာယန်ကျေးရွာနေ အမျိုးသားတစ်ဦးက အာဏာမသိမ်းခင်ချိန်ထိ ကျေးရွာတွင်း ကျေးလက်ကျန်းမာရေးဌာန ရှိသလို ရာသီအလိုက်ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို လာရောက်ကုသပေးတာတွေ စမ်းသပ်ပေးတာတွေမျိုး ရှိခဲ့တာကြောင့် စာတင်ပြတာမျိုးမရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။

ကျွန်တော်တို့လည်း တင်ပြရမယ်ဆိုတာကို မသိဘူးလေ။ အရင်ကတော့ အစိုးရက လာလာကြည့်ပေးတော့ ကျွန်တော်တို့လည်း မတင်ပြတာဟုတ်တယ်။ အခုတော့ တင်ရမယ့်သဘောပေါ့နော်” လို့ ဒေသခံ အမျိုးသားက ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ မိမိတို့ တတ်ကျွမ်းတဲ့ တိုင်းရင်းဆေးတွေနဲ့ ကုသနေကြတဲ့အပြင် ရောဂါပြင်းထန်တဲ့ တချို့ဒေသခံတွေကတော့ ရွာအတွင်းမှာပဲ ဖြစ်သလို ကုသနေရတာပါ။

ဒေသခံပြည်သူတွေဟာ ဖျားနာပြီး ဆေးရုံတက်ရမယ်ဆိုရင် ပူတာအိုမြို့ဘက်အထိ သွားရောက်ကုသရတဲ့အတွက် အခက်အခဲဖြစ်နေကြတာပါ။

လုံရှာယန်ကျေးရွာမှာ အိမ်ထောင်စု (၄၀၀၀) ကျော်ရှိပြီး တန်ဂျာကျေးရွာမှာ လူဦးရေ (၅၀၀) ကျော်ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန် လုံရှာယန်ကျေးရွာမှာ ရာသီပေါ်တုပ်ကွေးဖြစ်နေတဲ့ ကလေးသူငယ် (၁၀၀) ကျော်ရှိတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

အဲဒီ ကျေးရွာတွေဟာ မြစ်ကြီးနား – ပူတာအို သွားလမ်းပေါ်က ကျေးရွာတွေဖြစ်တဲ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလကစ စစ်ကောင်စီနဲ့ KIA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာတွေဖြစ်ပြီး ပူတာအိုမြို့နဲ့ မိုင် (၄၀) လောက်ဝေးတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here