ဗန်းမော်လေယာဉ်ကွင်း တည်ဆောက်စဉ်က သိမ်းဆည်းခံထားရသည့် မြေ (၅) ဧက ပြန်လည်ရရှိရေးအတွက် မူလပိုင်ရှင်အမျိုးသမီးက စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်ထား

0
397
ဗန်းမော်မြေသိမ်း

စက်တင်ဘာ ၂၃

ဗန်းမော် လေယာဉ်ကွင်းတည်ဆောက်ချိန်က သိမ်းဆည်းခံလိုက်ရတဲ့ မြေ (၅) ဧကကို ပြန်ရရှိရေးအတွက် မူလမြေပိုင်ရှင် အမျိုးသမီးက စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဆီကို စာတင်တောင်းဆိုထားတယ်လို့ သိရပါတယ်။

မြေသိမ်းဆည်းခံလိုက်ရတဲ့ နေ့ကစပြီး အခုအချိန်ထိ အိမ်ပိုင် ယာပိုင်မရှိဘဲ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်နေရတဲ့အတွက် ပြန်လိုချင်တာ ဖြစ်တယ်လို့ လျှောက်ထားသူ အမျိုးသမီးက ဆိုပါတယ်။

ဖြစ်နိုင်ရင်တော့ ကျွန်မတို့အရင်ကတည်းက နေလာခဲ့တဲ့ ချက်မြှုပ်နယ်မြေကိုတော့ ပြန်လိုချင်တယ်။ ဒါပေမယ့် သူတို့မဖြစ်မနေ၊ အသုံးပြုရမယ့်မြေဆိုရင်တော့ လျော်ကြေး၊ နစ်နာကြေး ပေးရင်လည်း ကျွန်မတို့လက်ခံတယ်။ ကျွန်မတို့ နေလို့ရတဲ့ နေရာမှာ သူတို့နေရာပေးရင်လည်း လက်ခံမယ်လို့တော့ စဉ်စားထားပါတယ်။”လို့ ဆိုပါတယ်။

စာတင်ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၀) ရက်နေ့က မြေစာရင်းဌာနတွေနဲ့ သက်ဆိုင်ရာဌာတွေ ကွင်းဆင်းမယ်ဆိုပြီး လေယာဉ်ကွင်းကိုသွားခဲ့ပေမယ့် မြေတိုင်းတာတာတွေ မပြုလုပ်ခဲ့ရဘူးလို့ မြေလျှောက်ထားသူ အမျိုးသမီးက ပြောပါတယ်။

ကျွန်မတို့ကို ဆင့်ခေါ်စာပေးလို့ ကျွန်မတို့သွားတာ။ သူတို့က ကျွန်တော်တို့ လေယာဉ်ဆင်းချိန်နီးပြီတဲ့။ အချိန်မအားတော့ဘူးပြောလို့ ဒါဆိုနောက်ရက်ပေါ့။ အဲဒီလိုပြောတော့ ဟုတ်မှာပါဆိုပြီး ကျွန်မတို့လည်းပြန်သွားတာ အခုထိ ဘာအကြောင်းမှလည်းမပြန်လာဘူး”လို့လည်း ဆိုပါတယ်။

အဲဒီမြေ (၅)ဧကကိုရရှိဖို့အတွက် ဇွန်လ (၂၅) ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဆီကို စာတင်ထားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ရုံးကို စာတင်ထားပြီဖြစ်တဲ့အတွက် ဖြေရှင်းပေမယ့် အကြောင်း ပြောခဲ့တယ်လို့လည်း အဲဒီအမျိုးသမီးကဆက်လက်ပြောပါတယ်။

အခုဒီဟာပြန်ရဖို့ ကြိုးစားလာရတာက ကျွန်မတို့ အဲဒီမြေကနေ ပြောင်းရွှေ့ခံလိုက်ရတဲ့ နေ့ကတည်းက နေစရာမရှိလို့ အရမ်းခက်ခက်ခဲခဲနဲ့ လျှောက်နေတဲ့အချိန် အခုဒီစစ်အစိုးရက နေရပ်တွေကို အတိအကျပြနိုင်ရင် သူတို့ဖြေရှင်းပေးမယ်ဆိုပြီး တီဗွီသတင်းမှာ ကြေညာခဲ့တဲ့အတွက် ကျွန်မတို့လည်း နေရပ်အတိအကျ တင်ပြနိုင်ရင် ရမှာပဲဆိုပြီး စာတင်တဲ့အနေအထားအထိ ရောက် သွားတာ ဟုတ်တယ်”လို့လည်း လျှောက်ထားသူအမျိုးသမီးက ဆိုပါတယ်။

၁၉၉၅-၉၆ ခုနှစ်က လေယာဉ်ကွင်းစီမံကိန်းလို့ဆိုပြီး ပြောင်းရွေ့ပေးဖို့ ရပ်ကွက်လူကြီးတွေ လာရောက်ပြောဆိုခဲ့တဲ့အတွက် အိမ်ထောင်စု (၉) စု ပြောင်းရွှေ့ခဲ့ရပြီး နစ်နာကြေး၊ လျော်ကြေးတွေနဲ့ အစားထိုးမြေပေးတာတွေ မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တပ်သိမ်းမြေ ပြဿနာတွေကို လက်ရှိ စစ်ကောင်စီအစိုးရလက်ထက်မှာ ဖြေရှင်းပေးသွားမှာ ဖြစ်တဲ့အတွက် နစ်နာခဲ့တဲ့သူတွေ အနေနဲ့ စာရွက်စာတမ်း၊ အထောက်အထား စုံစုံလင်လင်နဲ့ တင်ပြဖို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

ပြည်နယ်စစ်ကောင်စီအနေနဲ့ အစိုးရအပြောင်းအလဲဖြစ်နေချိန် တောင်သူတွေ တင်ပြလာတဲ့စာတွေကို မြေပြင်အထိ ကွင်းဆင်းစစ်ဆေး ပြီးနောက် သက်ဆိုင်ရာဌာန အဆင့်ဆင့်ရဲ့ တင်ပြချက် ပေါ်မှုတည်ပြီး စစ်တပ်နဲ့ ညှိနှိုင်းပေးမှုတွေကို ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့လည်း ဦးခက်ထိန်နန်က ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here