ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်ဖက်မှ ဝင်ရောက်လာသည့် တစ်သျှူးငှက်ပျောကားများမှအပ ကျန် ကုန်စည်ကားများကို တရုတ် နယ်စပ်ဂိတ်ဖြစ်သည့် ယူနန်ဂိတ်မှ ဝင်ရောက်ခွင့် ယာယီပိတ်ပင်ထားကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တည် နယ်စပ်ဂိတ်တွင် ဒီဇင်ဘာလ(၁၆)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတစ်ဦး ရှိခဲ့ခြင်းကြောင့် ကချင်ပြည်နယ် ကန်ပိုက်တည် တရုတ်နယ်စပ်ဂိတ် မှ ဝင်ရောက်လာသည့် ကုန်စည်ကားများကို လွန်ခဲ့သည့်တစ်ပတ်ခန့်မှ တရုတ်ယူနန်ပြည်နယ်မှ အဝင်အထွက် ယာယီပိတ်ပင်ထားခြင်း ဖြစ်သည်။
“ဒီဘက်က Covid ပိုး ကန်ပိုက်တည်မှာ တစ်ယောက် တွေ့လို့ပေါ့နော်။ ယူနန်ပြည်နယ် အစိုးရကို သူတို့ တင်ပြတယ်ဆိုလား၊ အဲဒါကြောင့်မလို့ ဒီဘက်က တစ်သျူး ငှက်ပျောကားကြီးတွေကိုပဲ ခွင့်ပြုပြီး၊ ကုန်စည်ကားတွေ ဘာတွေကတော့ခန သူတို့ဘက်က အဝင်မခံဘူး ဖြစ်နေတာပေါ့”ဟု ဦးထွန်းထွန်းက ရှင်းပြသည်။
ကုန်စည်ကားများကို အဝင်မခံသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနေရာ ဖြစ်သည့်အတွက် အချိန်အတန်ကြာ ပိတ်ပင်ထားမည် မဟုတ်ကြောင်းလည်း ဦးထွန်းထွန်းမှ ဆက်လက်ပြောသည်။
“သူတို့လည်း အကြာကြီး ပိတ်နိုင်မှာ မဟုတ်ပါဘူးနော်။ သူတို့ ခနတဖြုတ်ဒီဟာကတော့ နှစ်နိုင်ငံအကျိုးစီးပွားရှိတဲ့ အခါကျတော့ နယ်စပ်ကုန်သွယ်ရေးဆိုတော့”ဟု ဦးထွန်းထွန်းကပြောသည်။
တရုတ် နယ်စပ်သို့ တင်ပို့နေသော ကုန်စည်ကားများကို လွန်ခဲ့သည့် တစ်ပတ်ခန့်ကနေ စတင် ပိတ်ပင်ထားပြီး လက်ရှိတွင် ကုန်စည်ကားပေါင်း (၂၀၀)ဝန်းကျင်ခန့် ရှိကြောင်း ကန်ပိုင်တည် နယ်စပ်တွင် ကုန်စည်တင်ပို့နေသည့် ကိုနော်မွတ်က ပြောသည်။
“မိသားစုတွေက ကားတစ်ခေါက်ထွက်မှ မိသားစုအဆင်ပြေတဲ့ဟာတွေ ရှိတယ်။ သူတို့ ပိတ်လိုက်တဲ့အခါကျတော့ အများကြီးဒုက္ခ ရောက်တာပေါ့”ဟု နော်မွတ်က ပြောသည်။
ကုန်စည်အများစု၏ အဝင်အထွက်ကို ကန်ပိုင်တည်လမ်းကြောင်းမှ တင်ပို့နေပြီး ယခုကဲ့သို့ တရုတ်ပြည်ဘက်မှ ဝင်ခွင့်ပိတ်ထားသောကြောင့် ကုန်ပစ္စည်းဈေးနူန်းများ မြင့်တက်လာနိုင်ကြောင်း ကိုနော်မွတ်က ပြောသည်။
ကန်ပိုင်တည် တရုတ်ပြည်နယ်စပ် လမ်းမကြီးတွင် ကုန်စည်ကားများ သွားလာရန် မဟုတ်ဘဲ၊ တရုတ်တစ်သျူးငှက်ပျောကားများ သွားလာရန် အတွက်သာ လမ်းဖောက်ထားသကဲ့သို့ ဖြစ်နေကြောင်း ကုန်စည်ပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်တူးတူးမှ သုံးသပ်ပြောဆိုသည်။
“သူတို့ဘက်က ငှက်ပျောတွေကျတော့ မဝင်မဖြစ်ပေါ့နော်။ လာပြီး ရင်းနှီးမြှုပ်နှံထားတာ ဆိုတော့။ ငှက်ပျောကျတော့ ဖွင့်ပေးထားတာပေါ့”ဟု ဒေါ်တူးတူးက ဆိုသည်။
ကချင်ပြည်နယ်သည် တရုတ်ပြည်မှ တင်ပို့နေသော ကုန်ပစ္စည်းများကို အဓိက အားထားနေရပြီး ကန်ပိုင်တည် နယ်စပ်ဂိတ်သည် ကချင်ပြည်နယ်သို့ ကုန်စည်အများပိုင်း တင်ပို့နေသော နယ်စပ်ဂိတ်တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
ဝိုင်းမော်မြို့နယ် အတွင်း တစ်ရက်လျှင် တရုတ်တစ်သျှူးငှက်ပျောကား အစီးရေ(၁၀၀)ခန့် ဝင်ထွက်သွားလာနေသည်ဟု သိရပြီး လက်ရှိတွင် Covid စည်းကမ်းချက်များနှင့်အညီ သွားလာခွင့် ပြုထားသည်ဟုလည်း ဦးထွန်းထွန်းက ဆိုသည်။
Ah Je







