လှည်းယဉ်အမှတ်တံဆိပ် တော်ဖီနှင့် ကောင်းကြိုက်အမှတ်တံဆိပ် ငရုတ်သီးမှုန့်(အရောင်တင်)များကို ဖျက်ဆီးရန် ညွှန်ကြားထား

623

ဒီဇင်ဘာ ၂၁

ဈေးကွက်အတွင်း ရောင်းချနေသည့် လှည်းယဉ် အမှတ်တံဆိပ် တော်ဖီနှင့် ကောင်းကြိုက် အမှတ်တံဆိပ် ငရုတ်သီးမှုန့်(အရောင်တင်)များကို အစားအသောက်နှင့် ဆေးဝါးကွတ်ပဲမှုဦးစီးဌာနမှ သတ်မှတ်ချက်နှင့် မညီသော အစားအသောက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

လှည်းယဉ် အမှတ်တံဆိပ် တော်ဖီတွင် Sodium Cyclamate (အချိုဓာတ်လွန်ကဲခြင်း) သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေမှုကြောင့် စားသုံးရန် မသင့်ကြောင်း ပြည်နယ်အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဋ္ဌာန(FDA)မှ ဦးစီးအရာရှိ (အစားသောက်) ဦး ဘုန်းနိုင်ဝင်းက ပြောသည်။

“Sodium Cyclamate ဆိုတာ ဓာတုပစ္စည်းတစ်မျိုးပေါ့နော်။ သတ်မှတ်ပမာဏထက် ကျော်လွန်နေလို့ ကချင်ပြည်နယ် တစ်ခရိုင်လုံး၊ တစ်ပြည်နယ်လုံးအနေနဲ့ ဈေးကွက်ကနေ ပြန်သိမ်းပြီး ကောင်းမွန်သော ထုတ်ပိုးမှု ကျင့်စဉ်နဲ့ အညီ ထုတ်လုပ်ဖို့ ခံဝန်ကတိရေးထိုးမှု ဆောင်ရွက်ထားပါတယ်”ဟု ဦးဘုန်းနိုင်ဝင်းက ပြောသည်။

အဆိုပါ ဓာတ်တစ်မျိုးသည် သကြားအစားထိုး အစားအသောက် ဖြည့်စွက်ပစ္စည်း ဖြစ်ပြီး သတ်မှတ်ပမာဏအတိုင်း သုံးစွဲလျှင် ဆိုးကျိုး မဖြစ်စေနိုင်သော်လည်း သတ်မှတ်ပမာဏထက် ကျော်လွန်စားသုံးမိပါက ဆီးအိမ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် အရေပြားဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

ထို့အပြင် ကောင်းကြိုက်တံဆိပ် ငရုတ်သီးမှုန့်(အရောင်တင်)တွင်လည်း Aflatoxin b1 ခေါ် မှိုအဆိပ် ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်းကြောင့် ဆက်လက်ရောင်းချခြင်း မပြုရန်နှင့် သိမ်းဆည်းဖျက်ဆီးရန် လုပ်ငန်းရှင်ကို ညွှန်ကြားထားကြောင်း ဦးဘုန်းနိုင်ဝင်းက ဆိုသည်။

“သူက အဆိပ်အတောက် ဖြစ်စေတာပေါ့။ ထုတ်လုပ်တဲ့ တစ်နေရာရာမှာ တစ်ခုခု ချို့ယွင်းချက် ရှိတဲ့အတွက်ကြောင့် မှိုပေါက်သွားတဲ့အတွက်ကို Aflatoxin b1 ဖြစ်တာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ Aflatoxin ခေါ် မှိုအဆိပ်တစ်မျိုးသည် စိုက်ပျိုးသီးနှံများ သိုလှောင်သည့် နေရာတွင် အများဆုံးတွေ့ရပြီး အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသည်းကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ နှလုံးကင်ဆာများ ဖြစ်စေနိုင်သည့် ပြင်းထန်သည့် မှိုအဆိပ်ဖြစ်ကြောင်း FDA ပြောကြားချက်အရ သိရသည်။

အဆိုပါစားသောက်ကုန်များကို ထုတ်လုပ်သည့် ဒေသရှိ FDA ထံ ထောက်ခံချက်ရယူရန်၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရန်၊ သတ်မှတ်ချက်နှင့် ကိုက်ညီစွာ ထုတ်လုပ်ရောင်းချရန် သတိပေးချက် ထုတ်ပြန်ထားကြောင်းသိရသည်။

အစားသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရှိသည့် ပြည်တွင်း ထုတ်ကုန်များကို ကြည့်ကြပ်ကွပ်ကဲခြင်း၊ ထုတ်ကုန်နမူနာရယူကာ သီးသန့်စစ်ဆေးမှုများ၊ ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here