တဝမ်ချောင်းတံတားအနီးက စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းခွဲတိုက်ခိုက်သဖြင့် စစ်ကြောင်းမှူးအပါအဝင် (၄) ဦးသေဆုံး

1763
စစ်ကောင်စီ စစ်ကြောင်း

မေ၊၂၄

ကချင်ပြည်နယ်၊ တနိုင်းမြို့ တဝမ်ချောင်း တံတားအနီး တောလမ်းမှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မေလ(၂၂)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းမှူးအပါအဝင် (၄)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ(၇)ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် မေလ(၁၉)ရက်နေ့က တရုံချောင်းအကျော်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းတို့မှ မိုင်းဆွဲတိုက်ခဲ့သည့် စစ်ကောင်စီ ခြေလျင် တပ်သားများ ဖြစ်ကြောင်း သတင်းအရင်းအမြစ် တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” (၉)နာရီလောက်မှာ ဖြစ်တာ။ တရုံချောင်းမှာ မိုင်းဆွဲခံရတဲ့ စစ်ကြောင်းတွေ အဲဒီညပဲ တောထဲဝင်သွားကြတာ။ တောထဲ နှစ်ည အိပ်ပြီးမနက်ပိုင်းရောက်တော့ တဝမ်ချောင်း တံတားထိပ် အနားမှာ မိုင်း(၆)လုံး ထောင်ထားတာ။ သူတို့ ထွက်လာတာနဲ့ မိုင်းဆွဲတိုက်ခိုက်တာ။”ဟု ဆိုသည်။

သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူများအား နာရေးကူညီမှု ကားဖြင့် လာရောက်သယ်ဆောင် သွားကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။

“အင်အား (၇၀)လောက် ရှိမယ်။ သူတို့က လီဒိုလမ်းအတိုင်းလည်း မသွားဘူး။ တောလမ်းနဲ့ပဲ သွားလာနေကြတာ။ သုတို့ကို တနိုင်းက နာရေးကားကနေ သယ်ပြီး သွားလိုက်ကြပြီ။ တချို့က အရပ်ကား နှစ်စီး စီးသွားကြတာ။ တနိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ် အနားကနေ စစ်ကားက ပြန်လာကြိုသွားကြတာ”ဟု ဆိုသည်။

ဒါ့အပြင် မေလ(၁၈)နေ့ညကလည်း တရုံကျေးရွာမှ တနိုင်းမြို့ဘက်သို့ ည(၁၁)နာရီ အချိန်တွင် ဆင်းလာသည့် ကားအသေး(၂)စီးကိုလည်း ကန့်သတ်ချိန်ကျော်လွန်ပြီး သွားလာခဲ့သည့်အတွက် KIAမှ မီးရှို့ ဖျက်ဆီးခဲ့သည်။

ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here