တိုင်းပြည်စီးပွားတိုးတက်ဖို့ ပညာရေးကဏ္ဍ မြှင့်တင်စို့

1073

ဒီနေ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူ နိုင်ငံတွေ စီးပွားရေးကဏ္ဍမှာ အောင်မြင်နေတာ တွေ့ကြမှာပါ။ အကြောင်းရင်းက သူတို့နိုင်ငံအတွက် ပြည်သူပြည်သားတွေရဲ့ ပညာရေးအခန်းကဏ္ဍကို မြှင့်တင်လိုက်လို့ပါပဲ။
ဒီနေ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပညာရေးကဏ္ဍကို မြှင့်တင်ဖို့ဆိုပြီး ပညာရေးဘတ်ဂျက်တွေ တိုးမြှင့်လို့ ကြိုးစားနေကြတာတွေ့ရပါတယ်။ ဒီနေရာမှာ လွဲမှားမှုတွေကို စတွေ့ရတာပါပဲ။

ပညာရေး ဘတ်ဂျက်တွေကို ကျောင်းဆောင်သစ်ကြီးတွေ ဆောက်၊ လိုအပ်တဲ့ အဆောင်အယောင်တွေဖြည့်တဲ့ နေရာတွေမှာ သုံးစွဲလိုက်ကြတဲ့အပြင် နောက်ဆက်တွဲ လိုအပ်နေတဲ့ စီမံခန့်ခွဲမှုဆိုင်ရာနဲ့ ပြင်ဆင်မွန်းမံစရိတ် စတဲ့ လိုငွေတွေအတွက် ဆက်လက် ဖြည့်ဆည်းဖို့ သုံးစွဲလိုက်ကြပြန်ပါတယ်။

ကျောင်းသားလျှော့ချရေးနဲ့ ကျောင်းဆရာ၊ဆရာမ အရေအတွက် မြင့်မားလာစေရေး ပေါ်လစီတွေ ရေးဆွဲဆောင်ရွက်တာက အပေါ်ယံကြည့်ရင် မှန်သလိုနဲ့ နည်းနည်းလွဲနေတာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဂျာမဏီနိုင်ငံ၊ မြူးနစ် IFO Institute နဲ့ အမေရိကန်နိုင်ငံ Stanford တက္ကသိုလ်တို့ ပူးတွဲဆောင်ရွက်ခဲ့တဲ့ သုတေသနတွေ့ရှိချက်အရ ပညာရေးအသုံးစရိတ်တွေ တိုးမြှင့်ရုံနဲ့ ပညာရေးအောင်မြင်မှုတွေကို မရနိုင်ဘူးဆိုတာပါ။

တကယ်တော့ လိုအပ်နေတာက ပညာရှင်တွေကို မွေးထုတ်ပေးနိုင်မယ့် တကယ်အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမတွေကိုပါ။ ဒါ့ကြောင့် တက်ရောက်သင်ကြားနိုင်မယ့် ကျောင်းသား အရေအတွက်နဲ့ အရည်အချင်းထက် သင်ကြားပို့ချပေးကြမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကို ကြပ်မတ်စစ်ဆေးဖို့ လိုပါတယ်။
သုတေသန တွေ့ရှိချက်တစ်ခုအရ ညံ့တဲ့ ဆရာ၊ ဆရာမရဲ့ အတန်းမှာ သင်ကြားမှုခံယူရတဲ့ ကလေးရဲ့ ပြောင်းလဲတိုးတက်မှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းသာရှိပြီး၊ အတော်ဆုံးသော ဆရာ၊ ဆရာမတွေရဲ့ အတန်းမှာ သင်ယူတဲ့ ကလေးတွေကတော့ ရာခိုင်နှုန်း ၁၅၀ အထိ တိုးတက်တယ်ဆိုတာပါ။

ဆရာ၊ဆရာမတွေရဲ့ အရည်အချင်းကို အာရုံထားခဲ့လို့ ကမ္ဘာပေါ်မှာ အောင်မြင်မှု အမြင့်မားဆုံး ကျောင်းသူ၊ ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်ခဲ့တာ တောင်ကိုးရီးယားနဲ့ ဖင်လန်နိုင်ငံတွေဆိုတာ တွေ့ရပါတယ်။
ဒီလိုပညာရေးကဏ္ဍကို မြှင့်တင်ပေးရာမှာလည်း အတန်းစားမရွေးဘဲ အလွှာစုံ မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ လူချမ်းသာအုပ်စုတွေထက် ဆင်းရဲသားအုပ်စုတွေဟာ နိုင်ငံတစ်နိုင်ငံတွင်းမှာ အများဆုံးအုပ်စု ဖြစ်လို့နေတာကြောင့် မရှိနွမ်းပါးသူတွေရဲ့ ပညာအရည်အချင်းနိမ့်ကျရင် တိုင်းပြည် နိမ့်ကျစေနိုင်တာကို သတိချပ်စေချင်ပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ ကလေးတစ်ယောက်အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့် ကုန်ကျစရိတ်ရှိတယ်လို့ Harvard တက္ကသိုလ်က Profesor Heckman ရဲ့ တွေ့ရှိချက်က ဆိုပါတယ်။ အခုလို ရင်းနှီးမြှုပ်နှံမှု လုပ်ပေးလိုက်ခြင်းကြောင့် တစ်နှစ်ကို ၁၆ ရာခိုင်နှုန်းလောက် အရင်းပြန်ပြီး ဒီလိုလုပ်ခြင်းရဲ့ အကျိုးက ဒီကလေးတွေအတွက် ၂၅ ရာခိုင်နှုန်း အကျိုးရှိစေတယ်လို့ ဆိုပြန်ပါတယ်။

ကျန်တဲ့ ၇၅ ရာခိုင်နှုန်းက လူ့အဖွဲ့အစည်းဆီ စီးဆင်းသွားပြီး၊ ဒုစရိုက်မှုတွေ လျော့နည်းသွား စေခြင်း၊ လူ့အဖွဲ့အစည်း ပိုပြီး စည်းလုံးစွာ နေထိုင်နိုင်ခြင်း၊ ကုန်ထုတ်စွမ်းအားများ တိုးမြှင့်လာနိုင်ခြင်း စတဲ့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် တိုင်းပြည်တစ်ပြည် ကြီးပွားတိုးတက်ဖို့အတွက် ပညာရေးအသုံးစရိတ် မြှင့်တင်ပေးရာမှာ လူမှုရေးရော စီးပွားရေးအရပါ ထိရောက်ဖို့ လိုအပ်တဲ့အပြင် အရည်အသွေးမြင့် ဆရာ၊ဆရာမတွေကို စိစစ်ကြပ်မတ်ပြီး မွေးထုတ်ပေးဖို့ လိုအပ်ပါကြောင်း မြစ်ကြီးနားသတင်းဂျာနယ်က ရေးသားအပ်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here