တုတ်ထိုးအိုးပေါက် ဂျာနယ်စကားဝိုင်း

1337

တုတ်ထိုး – ဒီလိုဗျ။
အိုးပေါက် – တွေ့တာနဲ့ ဆရာကြီးလုပ်တော့မယ်။

တုတ်ထိုး – ဆရာလုပ်ချင်လို့ မဟုတ်ပါဘူးဗျာ။ ကြားဖူးနားဝလေး ပြန်ပြောပြချင်လို့ပါ။
အိုးပေါက် – ပြောပါဗျာ။ ပြောပါ။

တုတ်ထိုး – တစ်ခါကတဲ့၊ သူခိုးတစ်ယောက်က အိမ်တစ်အိမ်မှာ ဝင်ခိုးတယ်။ သိပ်ပြီး အခိုးကျွမ်းကျင်တဲ့ သူခိုးဝိဇ္ဇာကြီးပေါ့။ တစ်ရက်တော့ အဲ့ဒီ သူခိုးဝိဇ္ဇာကြီးဟာ လူမိပြီး အဖမ်းခံရရောတဲ့ဗျာ။
အိုးပေါက် – ပြောတော့ သူခိုးဝိဇ္ဇာဆို။ ဘာလို့ မိတာလဲ။

တုတ်ထိုး – သူက မီးပျက်နေတဲ့အချိန် ဝင်ခိုးမိတာကိုး။ သူလည်း ဝင်ခိုးရော ရုတ်တရက် မီးက ပြန်လာတယ်တဲ့။
အိုးပေါက် – အိမ်ရှင်တွေ မြင်သွားရော ဆိုပါတော့။

တုတ်ထိုး – မမြင်ဘူး။ မီးပျက်တုန်း ဝင်ခိုးတာ။ မီးပြန်လာတော့ ပျော်ပြီး အဲဒီသူခိုးက ထအော်တာတဲ့။ အဲ့ဒါနဲ့ မိရော။
အိုးပေါက် – EPC မီးပျက်တာ မှန်လို့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတောင် ဖျက်ဆိုကြတာ ရှိတယ်။

တုတ်ထိုး – ဘယ်လို ဆိုကြတာတုန်း။
အိုးပေါက် – ___ အားလုံးတက်ကြ ___ ငါ့ထော်လာဂျီ___ ငါ့ကို လူတိုင်း___ ဆဲဆိုနေကြသည် ____ အိမ်တိုင်း လိုလိုက သိပ်မကြည် ___ ငါ့နာမည်က ___ EPC___

တုတ်ထိုး – ကျုပ်တောင် သီချင်းဆိုချင်လာပြီ။ ဟဲ ဟဲဟဲ။
အိုးပေါက် – ဘယ်လို ဆိုမှာတုန်း။

တုတ်ထိုး – မင်းတို့ ရပ်ကွက်ထက်___ ငါတို့ရပ်ကွက်က ပိုမိုက်တယ်___ မင်းတို့ရပ်ကွက်ထက်___ ငါတို့ရပ်ကွက်က____ ပိုမိုက်တယ် ဟိတ်ကောင်__ ပိုမိုက်တယ်____ ဟိတ်ကောင် ပိုပျက်တယ်____
အိုးပေါက် – တာဝန်ရှိသူ တချို့က ပြောတာပဲ။ “ဝန်အားလျှော့”တာပါတဲ့။

တုတ်ထိုး – ကျုပ်မိတ်ဆွေ တစ်ယောက်ကတော့ ပြောတယ်။ “ဝန်အားလျှော့”ဆိုတဲ့ စကားလုံးဟာ ဝင်္ကဝုတ္တိအင်္လကာ မြောက်ပါတယ်တဲ့။
အိုးပေါက် – ဘာတဲ့ဗျာ။

တုတ်ထိုး – ဝန်အားလျှော့ = ဝင်္ကဝုတ္တိအင်္လကာ။ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်မည်၊ မီးပျက်မည်ဟု သွယ်ဝိုက်မပြောဘဲ ဝန်အားလျှော့မည်ဟု သွယ်ဝိုက်ပြောဆိုသောကြောင့် ဝင်္ကဝုတ္တိအင်္လကာမြောက်ပါသည်တဲ့။
အိုးပေါက် – မှတ်တောင် ထားရဦးမယ်။

တုတ်ထိုး – ဒါနဲ့ နေပါဦး။ ကျုပ်တို့ ကချင်ပြည်နယ်မှာတရုတ်ငှက်ပျောကိစ္စဟာ တော်တော်လေး ဂယက်ထနေတယ်နော်။
အိုးပေါက် – ဟုတ်ပါ့ဗျာ။

တုတ်ထိုး – ဒီတစ်ပတ် ၇ ီပေ မှာ ဖတ်လိုက်ရတဲ့ တရုတ်ငှက်ပျောနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ၊ အင်တာဗျူးတွေ ဖတ်လိုက်ရတယ်။
အိုးပေါက် – ဘာတွေ ထူးခြားသလဲဗျ။

တုတ်ထိုး – ထူးခြားတာ ဘာတွေ့ရလဲဆိုတော့ ဖုံးတဲ့သူက ဖုံး၊ဖော်တဲ့သူက ဖော်နေကြတာပါပဲဗျာ။
အိုးပေါက် – လင်းစမ်းပါဦးဗျာ။

တုတ်ထိုး – မေ ၂၂ ထုတ် 7 Day News မှာ ဖတ်လိုက်ရတာက ဘာလဲဆိုတော့ တရုတ်လုပ်ငန်းရှင်တွေက မြန်မာပိုင်နက်အတွင်း ဝင်ပြီး နည်းမျိုးစုံးသုံးပြီး တစ်သျှူးငှက်ပျောတွေ စိုက်ပျိုးနေပေမယ့် တရုတ်နိုင်ငံ နယ်နိမိတ်တွေထဲမှာ စိုက်ပျိုးခြင်း လုံးဝမရှိဘူးလို့ ကချင်ဒေသခံတွေက ပြောတယ်တဲ့။ ဝိုင်းမော်မြို့နယ်ဟာ ဧရိယာစတုရန်းမိုင် ဆယ့်နှစ်သိန်းလေးသောင်းဧကခန့် ကျယ်ဝန်းပြီး ၂၀၁၈ က တိုင်းတာခဲ့တဲ့ဂြိုဟ်တုမြေပုံ သတင်းအရ မြို့ဧရိယာရဲ့ ဆယ်ပုံတစ်ပုံလောက်ရှိတဲ့ ဧက တစ်သိန်းငါးသောင်းခန့်ဟာ တစ်သျှူးငှက်ပျော စိုက်ပျိုးမြေ ဖြစ်နေပြီလို့ စစ်တမ်းတွေက ဆိုတယ်။
အိုးပေါက် – မြေမျို မြေပြိုတာတွေအပြင် တရုတ်ငှက်ပျောက ကိုလိုနီဖြစ်နေတဲ့ ကိန်းပါ။ တရုတ်ငှက်ပျောက တဖြည်းဖြည်း ဝါးမျိုနေတာပဲဗျ။

တုတ်ထိုး – ကချင်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်ကျော်ဝင်းကလည်း တစ်သျှူးငှက်ပျော စိုက်ပျိုးရေးကုမ္ပဏီ၃၀ ကျော်က ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်မရှိဘဲဒေသခံတောင်သူတွေနဲ့ တိုက်ရိုက်စာချုပ်ချုပ်ပြီး စိုက်ပျိုးနေကြတာလို့ ပြောထားတာ ရှိပါတယ်။
အိုးပေါက် – ကောင်းကျိုးတွေ ဆိုးကျိုးတွေ ဘာတွေ ဖြစ်မလဲ။

တုတ်ထိုး – စိုက်ပျိုးရေးကဏ္ဍကနေ အခွင့်အလမ်းတွေ ရနိုင်လို့ တစ်သျှူးငှက်ပျော စိုက်ပျိုးရေးကို မျက်လုံးစုံမှိတ်ပြီးအကျောက်အကန် ငြင်းဆန်နေရုံနဲ့ မပြီးဘူးလို့ ကချင်ပြည်နယ် စိုက်ပျိုးရေး ဝန်ကြီးက ဆိုထားတာလည်း ဖတ်လိုက်ရတယ်။
အိုးပေါက် – မျက်လုံးစုံမှိတ်ပြီး လက်ခံမနေဖို့လည်း လိုတာပါပဲ။

တုတ်ထိုး – စစ်တမ်းတွေအရတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတာပေါ့။ LSECNG ရဲ့ စစ်တမ်းအရတော့အလုပ်အကိုင် အခွင့်အလမ်းတွေ ရတယ်။ လမ်းပန်းဆက်သွယ်ရေး နည်းနည်း ကောင်းလာတယ်။ လတ်တလော ငွေရတယ်။ ရေညစ်နွမ်းတဲ့နေရာတွေမှာ ရေတွင်း တူးပေးတာတွေ ရှိတယ်။
အိုးပေါက် – ဆိုးကျိုးကရော။

တုတ်ထိုး – ဆိုးကျိုးကတော့ဗျာ။ မြန်မာအမျိုးသမီးအချို့နဲ့ တရုတ်အမျိုးသားတချို့ ငြိစွန်းမှုတွေကြောင့် နောက်ဆက်တွဲ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ရှိလာတယ်။ နောက်ပြီး တရုတ်နိုင်ငံဆီ လူကုန်ကူးခံရတာတွေ ရှိလာတယ်။ တစ်သျှူးစိုက်ပျိုးရေးမှာ သုံးတဲ့ ပိုးသတ်ဆေးတွေက အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျတာမျိုး ဖြစ်စေတယ်။ အသက် သေဆုံးတာ၊ မျက်စိကွယ်တာမျိုး ဖြစ်တယ်။ သစ်တောပြုန်းတီးမှု ဖြစ်တယ်။ တောရိုင်းတိရစ္ဆာန်တွေ မျိုးသုဉ်းတယ်။ သဘာဝပတ်ဝန်းကျင် အဆိပ်သင့်တယ်။ မြေဆီလွှာတွေ ပျက်စီးတယ်။ စစ်ရှောင်ပြည်သူတွေရဲ့ မြေတွေဟာ တရုတ်တစ်သျှူး ငှက်ပျော စိုက်ခင်းတွေ ဖြစ်လာတယ်။ ပြီးတော့ ဒေသခံပြည်သူတွေရဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေ ပျောက်ဆုံးကုန်တာပါပဲ။
အိုးပေါက် – ဒါကြောင့် တစ်သျှူးငှက်ပျော စိုက်ပျိုးရေးကိုမျက်လုံးစုံမှိတ် အကြောက်အကန် ငြင်းဆန်နေရုံနဲ့ မပြီးဆိုတဲ့ ကချင်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီးရဲ့ စကားကို လက်ခံသလို တစ်သျှူးငှက်ပျော စိုက်ပျိုးရေးကို မျက်လုံးစုံမှိတ်လက်မခံဖို့ တောင်းဆိုလိုက်ရပါတယ်။

တုတ်ထိုး – ရေရှည် အကျိုးစီးပွားကို ကြည့်ဖို့ လိုတာပေါ့ဗျာ။ လတ်တလော ဝင်ငွေတွေ ရမယ်။ နောက်မျိုးဆက်တွေအတွက်မှာတော့ မြေဆီလွှာတွေ ပျက်စီးမယ်။ ဘယ့်နှယ်လုပ်ကြမတုန်းဗျာ။
အိုးပေါက် – ဝါရှောင်ဆရာတော်ဘုရားကတော့ မိန့်ဆိုထားတယ်။ “အစိုးရကို ပြောချင်တာက ကချင်ပြည်နယ်ကပျက်စီးနေပြီ။ အဲဒါကို အချိန်နဲ့ တစ်ပြေးညီ မြေပြင်အနေအထားကို သေသေချာချာ အတွင်းကျကျ လေ့လာပါ။ ဒီအစိုးရကို ပြည်သူတွေက သိပ်ချစ်တယ်လေ။ ဒီအစိုးရမှ မကယ်ရင် ဘယ်သူကယ်မလဲ ပြောချင်ပါတယ်”တဲ့။

တုတ်ထိုး – ခင်ဗျားလည်း စာတွေ ဖတ်ထားတာပဲ။
အိုးပေါက် – ကချင်ပြည်နယ်ကိစ္စဆိုတော့ စိတ်ဝင်စားတာပေါ့ဗျာ။

တုတ်ထိုး – အဲ့ဒီ 7 Day News မှာပဲ ဖတ်လိုက်ရတာ ရှိသေးတယ်။ အဲ့ဒီမှာ ကချင်ပြည်နယ် စိုက်ပျိုးရေး ဝန်ကြီး ဦးကျော်ကျော်ဝင်းနဲ့ တွေ့ဆုံခြင်းဆိုပြီး အင်တာဗျူးမှာ ဖတ်လိုက်ရတာ ရှိတယ်။ ဘာတဲ့။ “ကချင်ပြည်နယ်အတွက် ဝင်ငွေမှာ တစ်သျှူးငှက်ပျောကဏ္ဍက ရတဲ့ငွေရာခိုင်နှုန်း ဘယ်လောက်ရှိနေလဲ” ဆိုတော့ “ကျွန်တော်တော့ သေချာမသိဘူး”တဲ့။
အိုးပေါက် – …..။

တုတ်ထိုး – သို့သော်တဲ့ ကျွန်တော်တို့ အခွန်အခရနေတယ်။ကားတစ်စီးမှာ စည်ပင်ရဲ့ အခွန်အခလည်း ရသလို နယ်စပ်ကုန်သွယ်ရေးကလည်း အခွန်အခရပါတယ်။ ကားတစ်စီးမှာတော့ အနည်းဆုံး ငါးသိန်းကျပ်လောက် ရပါတယ်။မနည်းဘူးလို့ ပြောချင်ပါတယ်”တဲ့ဗျ။
အိုးပေါက် – …..။

တုတ်ထိုး – “ဘာများ ဖြည့်စွက်ပြောလိုပါသလဲ” ဆိုတော့ “အကျိုးနဲ့ အပြစ်ဆိုတောက နေရာတိုင်းမှာ ရှိပါတယ်”တဲ့။ “အကျိုးရလဒ်က ပိုများတယ်ဆိုရင် လက်ခံပြီး လုပ်ရမယ်။စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ထိန်းချုပ်မှုတွေ လုပ်ပြီးသွားရမယ်။ အရေးကြီးတာကတော့ ကိုယ့်နိုင်ငံမှာ လာပြီးရင်းနှီးမြှုပ်နှံတာကို ကိုယ့်နိုင်ငံအတွက် အခွန်အခရရှိရေးကိစ္စကတော့ လက်ခံရမှာပဲ။ ဆောင်ရွက်သွားရမှာပဲ။ အဲ့ဒီလိုမှ မဟုတ်ရင် ဘယ်အခွန်မှ ရလာမှာ မဟုတ်ဘူး။ လက်မခံဘူး၊ ဆန့်ကျင်နေမယ်ဆိုရင်လည်း ကျွန်တော်တို့မှာ အခွန်အခဆိုတာလည်း ရစရာ မရှိတော့ဘူး”တဲ့။
အိုးပေါက် – အခွန်၊ အခွန်။ အခွန်တော့ ရပါပြီ။ ကျုပ်တို့ကချင်ပြည်နယ်ကြီး အခွံချည်း ကျန်နေရင် ဘယ်လိုလုပ်မလဲဗျာ။ အခွန်လည်း ထည့်တွက်ကြပါ။ အခွံလည်း ထည့်တွက်ကြပါလို့ အိုးပေါက်လည်း ဖြည့်စွက်ပြောလိုက်ပါရစေခင်ဗျာ။ တိုင်းပြည်အတွက် အခွန်အခအတွက် စေတနာထားတာ ကျေးဇူးတင်ပါတယ်။ တခြားလုပ်ငန်းတွေကနေအခွန်အခတွေ ရှာကြပါ။ ဝါရှောင်ဆရာတော် ဦးဝိဇယမိန့်သလို “လူသူမသိဘဲ မက်လုံးတွေပေးရင်း တဖြည်းဖြည်းနဲ့ ကျွံကုန်သွားပြီး တရုတ်တွေအများကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို ဖြစ်သွားတာ…”မျိုး မဖြစ်ဖို့လည်း သတိရှိစေချင်ပါတယ်ဗျာ။

တုတ်ထိုး – အင်္ဂလိပ်ကျွန်၊ ဂျပန်ကျွန်က ကျွတ်လွတ်ပြီးငှက်ပျောကျွန်ဘဝကနေ မနောမြေကြီး လွတ်မြောက်ပါစေဗျာ။
အိုးပေါက် – ဝါရှောင်ဆရာတော်ဘုရားနဲ့ အပြင်မှာ စကားလက်ဆုံကျတော့ ဆရာတော်ဘုရား မိန့်တဲ့စကားလေးနဲ့ဒီနေ့ စကားဝိုင်းကို ချုပ်လိုက်ချင်သဗျာ။

တုတ်ထိုး – ဘာတဲ့။
အိုးပေါက် – “အခွန်ရတဲ့ ၅ သိန်းဟာ နိုင်ငံမြေယာ၊ ပြည်သူရဲ့ အနာဂတ် ငါးကမ္ဘာမက ပျက်စီးသွားတာကို မြင်ချင်သလား”တဲ့။

တုတ်ထိုး – ကိုင်း…။
အိုးပေါက် – အခွန်ကမ္ဘာထဲက ပုဂ္ဂိုလ်များ ခင်ဗျား။ အနာဂတ်ငါးကမ္ဘာကိုလည်း လှမ်းကြည့်ပေးတော်မူကြပါဦး ခင်ဗျ။ ။

LEAVE A REPLY

Please enter your comment!
Please enter your name here