ကချင်ပြည်နယ်အတွင်း စစ်ကောင်စီမှ မော်တော်ယာဉ်များအား ဆက်တိုက်ဖမ်းဆီးနေပြီး စစ်တပ်နှင့်နီးစပ်သည့် ကားများအား ပြန်လွှတ်ပေးနေဟုဆို

548

နိုဝင်ဘာ၊၉

စစ်ကောင်စီတပ်ကနေ အာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်အတွင်းက ခရိုင်မြို့ကြီးနှစ်ခုမှာ မော်တော်ယာဉ်လိုင်စင်နဲ့ မောင်းလိုင်စင်တွေကို စစ်ကောင်စီတပ်သားတွေကိုယ်တိုင် စစ်ဆေးဖမ်းဆီးပြီး သိမ်းဆည်းတာတွေကို နိုဝင်ဘာ(၈)ရက်နေ့က စတင်ပြီး လုပ်ဆောင်နေပါတယ်။

ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းပြီး အချက်အချာကျတဲ့ မြစ်ကြီးနားမြို့ အဝင်အထွက် မုဒ်၀၊ လွှတ်တော်အနီးနဲ့ ဗလမင်းထင်တံတား အောက်လမ်းဘက်တွေမှာ ကားလိုင်စင်/မောင်းလိုင်စင်တွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

ရဲနဲ့ စစ်သားတွေဟာ အရပ်ဝတ်တွေဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင်ပြီးတော့ အသင့်အနေအထားနဲ့ စစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် မြို့ထဲသွားလာနေကြတဲ့ ကားတွေးကိုရပ်ခိုင်းပြီး စစ်ဆေးတာတွေကြောင့် ဖမ်းဆီးခံလိုက်ရတဲ့သူတွေ တော်တော်များများ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ဗလမင်းထင်တံတားအောက်မှာ စစ်ဆေးဖမ်းဆီးခံရတဲ့ ကားအစီး(၇၀)ထက်မက ရှိတယ်လို့ မျက်မြင်တွေ့လိုက်ရတဲ့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီဖမ်းဆီးသွားတဲ့ အစီး(၇၀)ကျော်ကို အမှတ်(၁)ရဲစခန်းထဲမှာ သိမ်းဆည်းထားပြီး ညနေပိုင်းရောက်တဲ့အချိန်မှာတော့ တချို့ကို ပြန်လည်လွတ်ပေးလိုက်တာကြောင့် (၃၈)စီး ကျန်ခဲ့တယ်လို့ ကားဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ခုချိန်ထိတော့ သူတို့ဘက်ကအကြောင်းမပြန်လာသေးဘူးဗျ။ မနေ့က ညနေ(၄)နာရီကျော်လောက် ကျနော်တို့ကားတွေကို အမှတ်(၁)ရဲစခန်းဝင်းထဲ မောင်းသိမ်းလိုက်တာ။ ပြန်ပေးမှာပါတော့ပြောပါတယ်။ ဖုန်းဆက်ခဲ့မယ်ပြောပြီး ခုထိမဆက်လာသေးဘူး”လို့ ဆိုပါတယ်။

လွတ်ပေးလိုက်တဲ့ ကားတွေဟာ စစ်ကောင်စီတပ်ပိုင်းဆိုင်ရာနဲ့ နီးစပ်သူကိုတွေဖြစ်ပြီး သာမန်အရပ်သားပြည်သူတွေရဲ့ကားတွေကိုတော့ ပြန်လွတ်ပေးတာ မရှိသေးဘူးလို့ အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

“စိတ်ဘဝင်မကျတာ တစ်ခုတော့ ဖမ်းထားတဲ့ကား အကုန်သိမ်းပေါ့။ ခုက သူတို့ စစ်တပ်အသိုင်းအဝိုင်းတွေ ကားတွေတော့ လွတ်ပေးပြီး ကျန်တဲ့သူတွေရဲ့ကားသိမ်းတာတော့ မတရားဘူးလို့ သုံးသပ်ချင်ပါတယ်။ စစ်တပ်အာဏာသုံးပြီး ပြည်သူတွေကို သက်သက် အနိုင်ကျင့်နေတာလို့ပဲမြင်မိပါတယ်” လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အထဲ အသင်းတော်ပိုင်ဆိုင်ရာ မော်တော်ယာဉ်တွေပါ ပါနေပြီး အမှုတော်ဆောင်ကဒ်နဲ့ သာသနာပိုင်ယာဉ်ဖြစ်ကြောင်း ထောက်ခံစာပြပေမယ့် ပြန်လွတ်ပေးတာမရှိဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သေနတ်ကိုင်ဆောင်ပြီး အသင့်အနေအထားရှိနေကြတာကြောင့် ထွက်မပြေးဘဲ ကောင်းကောင်းမွန်မွန် စစ်ဆေးခံဖို့ ဖမ်းဆီးတဲ့အထဲ ပါဝင်တဲ့ စစ်ကောင်စီတပ် အရာရှိတစ်ဦးက ပြောဆိုတာကို ကြားခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

အခုလို လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ဖမ်းဆီးတာဟာ ပြည်သူတွေ သွားရေး၊ လာရေး မလုံခြုံအောင်ပြုလုပ်တဲ့အပြင် စစ်ကောင်စီတပ်ကနေ ငွေကြေးဘဏ္ဍာ ဖြည့်တင်းဖို့အတွက် ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့က တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“နံပါတ်တစ်ကတော့ ပြည်သူတွေကို အခက်အခဲအကျပ်အတည်းဖြစ်အောင်လုပ်တာပေါ့ဗျာ။ သွားရေး၊ လာရေး လုံခြုံမှုမရှိအောင်၊ စိတ်မလုံခြုံအောင်လုပ်တာပေါ့။ နောက်တစ်ချက်ကကျတော့ ပြည်သူတွေရဲ့ ပစ္စည်းကို သိမ်းပြီးတော့ သူတို့ရဲ့ ဘဏ္ဍာငွေ ဖြည့်တင်းတာ။ စကစရဲ့ လိုအပ်တဲ့ ယန္တရားတွေမှာ အသုံးပြုဖို့။ ငွေကြေးအဖြစ် အသုံးပြုဖို့ ဖြစ်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကနေ မှတ်ပုံမတင်ထားတဲ့ မော်တော်ယာဉ်တွေ အလွယ်တကူ သွားလာနေတဲ့အတွက်ကြောင့် ထိန်းချုပ်လိုတာ ဖြစ်နိုင်ပြီး လက်ရှိ ပြည်သူတွေရဲ့ စားဝတ်နေရေး ရုန်းကန်လှုပ်ရှား သွားလာတာတွေနဲ့ ကလေးတွေ ကျောင်းအကြို၊ အပို့တွေမှာ ခက်ခဲအောင် လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာဟာ စစ်ကောင်စီတပ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်လိုတာကြောင့်ပါ ဖြစ်နိုင်ပြီး ဖမ်းဆီးတာရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်တစ်စုံတရာ ရှိနိုင်တယ်လို့လည်း ဦးတင်ထွန်းသိန်းက သူ့ရဲ့အမြင်ကို သုံးသပ်ပြောဆိုပါတယ်။

“တော်လှန်ရေးရဲ့ အခြေအနေတစ်ရပ်အရကျတော့ ဟိုနေရာဗုံးကွဲလိုက်၊ ဒီနေရာ ဗုံးကွဲလိုက်နဲ့ ဆိုင်ကယ်၊ ကားတွေနဲ့ သွားပြီးမှ ပစ်လိုက်ခတ်လိုက်။ ပစ္စည်းပို့တွေ သယ်လိုက်၊ ပို့လိုက်ဆိုတဲ့အခါကျတော့ ပြောရမယ်ဆိုရင် ယာဉ်တွေဟာ မှတ်ပုံတင်ထားခြင်းမရှိတဲ့အခါမှာ လူလိုက်ဖို့ခက်တယ်ပေါ့။ ဒါကိုလည်း ထိန်းချုပ်ဖို့လို့ ရည်ရွယ်ပုံရပါတယ်။ သူတို့ကို တော်လှန်နေတဲ့၊ တွန်းလှန်နေတဲ့ အဖွဲ့တွေကို၊ တော်လှန်ရေး အင်အားစုတွေကို မထောက်ခံလာတဲ့ အခြေအနေမျိုးအထိကို သူတို့က ပုံဖော်လိုက်ချင်တဲ့ အနေအထားလည်း ရှိမှာပါ”လို့ သူကပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ကနေ ကိုယ်တိုင်ဦးစီးပြီး မော်တော်ယာဉ်ဖမ်းဆီးတာတွေ လုပ်ဆောင်လာနေတာဟာ အာဏာရှင်ဆန်ဆန် ပြည်သူတွေကို ဖိနှိပ်တာဖြစ်တယ်လို့ နောက်ထပ်မြစ်ကြီးနားဒေသခံပြည်သူတစ်ဦးကလည်း သူ့ရဲ့အမြင်ကို ပြောပါတယ်။

ပြည်သူတွေ ဒုက္ခရောက်နေကြချိန် စားဝတ်နေရေးအတွက် လှုပ်ရှားသွားလာနေတဲ့ မော်တော်ယာဉ်တွေကို ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးတာတွေဟာ မလုပ်သင့်ကြောင်းနဲ့ ဖမ်းဆီးခံရတဲ့ ကားတွေထဲကမှ စစ်တပ်ပိုင်းဆိုင်ရာတွေနဲ့ နီးစပ်တဲ့ကားတွေကိုတော့ ပြန်လည်လွတ်ပေးလိုက်တယ်ဆိုတာဟာ တရားမျှတမှုမရှိဘူးလို့ အထက်ပါ ဒေသခံက အခုလိုပြောပါတယ်။

အခုလိုတစ်နိုင်လုံး ပြည်သူတွေဒုက္ခရောက် နေတဲ့ အချိန်မှာ ဒီလိုလုပ်တယ်ဆိုတော့ တမင်တကာများ လုပ်တာလားဆိုပြီးတွေးချင်စရာပေါ့။ အခုလုပ်ရပ်က ပြည်သူတွေကို အကြောက်တရားတွေ၊ မသင်္ကာမှုတွေနဲ့ပဲ အုပ်ချုပ်နေတယ်လို့ မြင်မိပါတယ်။ ပြီးရင် စစ်တပ်နဲ့နီးစပ်သူတွေကိုတော့ ပြန်လွတ်ပေးတယ် ဆိုတော့ ဒါကလုံးဝကို မျှတမှုမရှိဘူးလို့ သုံးသပ်မိပါတယ်”လို့ သူက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နိုဝင်ဘာလ(၈)ရက်နေ့ တစ်ရက်ထဲ ဖမ်းဆီးခံရတဲ့ ကားတွေဟာ အစီးရေ ရာဂဏာန်းလောက်ရှိနိုင်တယ်လို့ ပြောဆိုနေကြပြီး လက်ရှိအချိန်အထိ ပြန်ပေးတာမရှိသေးတာကြောင့် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖမ်းဆီးခံရတဲ့ ကားတွေကို ငွေနဲ့ပြန်လည်ရွေးယူလို့ရပြီလို့ ပျံ့နှံ့နေပေမယ့် လက်ရှိအချိန်အထိ တိကျတဲ့ သတင်းမရရှိသေးဘဲ ကားပြန်လည် မရရှိသေးဘူးလို့ ဖမ်းဆီးခံရတဲ့ ကားသမားတွေဆီကနေ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ(၉)ရက်နေ့အထိ တပ်ကုန်းရွှေလမ်းမအနီးတွေမှာ ရဲနဲ့ စစ်သားတွေ နေရာယူထားကြတယ်လို့လည်း သိရပါတယ်။

အလားတူ ဗန်းမော်မြို့ဘက်မှာလည်း စစ်သားနဲ့ရဲတွေ ပူးပေါင်းပြီး ဆိုင်ကယ်အစီး(၁၀၀)ကျော်နဲ့ အိမ်စီးကား အစီးရေ(၃၀)ကျော်ကို နိုဝင်ဘာလ(၆)ရက်နေ့ တစ်နေ့ထဲမှာပဲ အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြတယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here