မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်းနေ ပြည်သူများအား စစ်ကောင်စီမှ ခေါင်းစဉ် (၄) ခုခွဲပြီး စာရင်းကောက်ယူနေ

0
41
ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်း

နိုဝင်ဘာ၊ ၁၁

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ ပြည်သူတွေကို စစ်ကောင်စီကနေ ခေါင်းစဉ်(၄) ခုခွဲပြီး စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေပါတယ်။

 မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာလဆန်းလောက်ကစပြီး စစ်ရှောင်စခန်းတာဝန်ခံတွေကို ခေါ်ယူပြီးတော့ စခန်းအတွင်း အစိုးရအစီစဉ်နဲ့ နေမယ့်သူတွေ၊ ဌာနေပြန်မယ့်သူတွေ၊ မိမိအစီစဉ်နဲ့နေမယ့်သူတွေ၊ စစ်ရှောင်စခန်းမှာ ဆက်နေမယ့်သူတွေ ဆိုပြီး ခေါင်းစဉ် (၄) ခုခွဲပြီးတော့ စာရင်းကောက်ခဲ့တာဖြစ်တယ်လို့ မြစ်ကြီးနားမြို့မှာရှိတဲ့ တပ်ကုန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

 “စာရင်းအတည်ဖြစ်ပြီဆိုတာနဲ့ သူတို့အမြန်လုပ်ဆောင်တော့မှာ ဖြစ်တယ်ဆိုပြီး ရုံးမှာကို ကျွန်မတို့ စခန်းတာဝန်ခံတွေကိုခေါပြီး စာရင်းအတည် လုပ်ပေးဖို့ပြောတယ်။ အစိုးရဘက်က ဘယ်လိုလုပ်ဆောင်ပေးဖို့ လိုအပ်လဲဆိုတဲ့ မှတ်ချက်အပေါ်မှာတော့ ကျွန်မတို့အားလုံးက အဲဒီခေါင်းစဉ် ခုလုံးရဲ့ လိုအပ်ချက်က အားလုံးတူတယ်။ စားဝတ်နေရေးနဲ့ အဆောက်အအုံလိုအပ်ချက်ဆိုပြီး”

မြစ်ကြီးနားမြို့ဘက်က စစ်ရှောင်တွေအနေနဲ့ အစိုးရအစီအစဉ်နဲ့ နေမယ့်သူတွေကိုတော့  ငွေပျော်စံပြကျေးရွာ မော်ဖောင်းကျေးရွာဘက်နဲ့ ဝိုင်းမော်မြို့နယ်ဘက်က စစ်ရှောင်တွေကတော့ မန်ဝင်းကျေးရွာ ဘက်မှာရှိတဲ့ ပြန်လည်ထူထောင်ရေးနေရာတွေမှာ  အိမ်ခြံဝင်းလုပ်ပြီး ပြောင်းရွေ့ပေးသွားမှာ ဖြစ်ပါတယ်။

ဌာနေပြန်မယ့်သူတွေကိုကတော့ လိုအပ်တဲ့နေအိမ်ဆောက်ပေးတာတွေအပြင်  လိုအပ်တာတွေ ကူညီပေးသွားမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့ စစ်ရှောင်စခန်းက ထွက်မယ့်သူတွေကိုက သူတို့ဝယ်ယူထားတဲ့နေရာမှာ လိုအပ်တာတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်တစ်ချက်ဖြစ်တဲ့ စစ်ရှောင်စခန်းမှာနေမယ့်သူတွေကို တစ်နေရာမှစုပြီး နေဖို့ပြင်ဆင် လုပ်ဆောင်ပေးသွားမယ်လို့သာ အကြမ်းဖျင်း သိရှိထားတယ်လို့လည်း စစ်ရှောင်တာဝန်ခံက ဆိုပါတယ်။

အခုလို စစ်ရှောင်တွေကို ခေါင်းစဉ် (၄) ခုခွဲပြီး  ခွဲထုတ်လိုက်တာကြောင့်  စိုးရိမ်စိတ်တွေကိုဖြစ်ပေါ်စေတယ်လို့ ကဇူးကျေးရွာက တိုက်ပွဲကြောင့် ပြောင်းရွှေ့လာရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

 “စစ်ဗိုလ်ချုပ်တွေက အဲဒီစစ်ရှောင်စခန်းတွေကို မကြည့်ချင်တော့ဘူးလို့ပြောတယ်တဲ့၊ စစ်ရှောင်စခန်းမကြည့်ချင်တော့ဘူး ဖျက်သိမ်းလိုက်တော့မယ်လို့ပြောတယ်တဲ့”

အခုအချိန်မှာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးတဲ့ ကျေးရွာက စစ်ရှောင်တွေလည်း  အများအပြား ရှိနေသေးတဲ့အတွက် သူတို့အတွက်လည်း စဉ်းစားပေးဖို့ စစ်ရှောင်တွေက စစ်ကောင်စီကို တောင်းဆိုမှုတွေရှိနေပါတယ်။

မြစ်ကြီးနား- လိုင်ဇာ လမ်းပေါ်က ကဇူးယန်၊ ဒဘက်ယန်၊ ဂါရာယန်နဲ့ နန်ဆန်ယန်စတဲ့ကျေးရွာတွေက နေရပ်ပြန်လိုသူတွေအတွက် ပြန်လည်ထူထောင်ရေးတွေ လုပ်နေပေမယ့် အခြားကျေးရွာတွေမှာတော့ ပြန်လိုမရသေးတဲ့အတွက် သူတို့ကိုစဉ်စားပေးဖို့ စံပိုင်ကျေးရွာနဲ့ မဒီယန်ကျေးရွာက စစ်ရှောင်တွေက တောင်းဆိုနေကြတာပါ။

 “အဆင့်သင့်က လုံးဝမဖြစ်ဘူး။ ဒီမှာပြန်လာလုပ်စားရမှာ ဖြစ်တဲ့အတွက် အနည်းဆုံး တစ်နှစ်လောက်ရဲ့ အခြေခံအစားအစာတော့ လိုအပ်တယ်။ အလုပ်စလုပ်မှာဆိုပေမယ့် ရိက္ခာတွေက လိုနေတဲ့အတွက် အလုပ်စလုပ်ဖို့ ကုန်ကျစရိတ် ဒါတွေတော့လိုတယ်။ ဒါပေမယ့် ဘယ်လိုမှမတတ်နိုင်ဘူးလေ။ အဆင့်သင့်မဖြစ်ပေမယ့် ဟိုးတုန်းကတော့ သိက္ခာရှိရှိ ပြန်ကြမယ်ဆိုခဲ့ပေမယ့် အခုက မဖြစ်နိုင်ဘူးလေ။ မျှော်လင့်ထားသလို ဖြစ်မလာဘူး”  လို့နေရပ်ပြန်မယ့်   စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 အခုအချိန်မှာ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းက စစ်ရှောင်ခဲ့တဲ့ စစ်ရှောင်တွေဟာ နေရပ်ကို ကောင်းမွန်စွာပြန်နိုင်ခြင်း မရှိသေးတဲ့အပြင် အချို့ဒေသတွေမှာလည်း စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့်  ထွက်ပြေးတိမ်းရှောင်မှုတွေ ပြုလုပ်နေကြချိန် ဖြစ်ပါတယ်။

ဒါ့အပြင် နေရပ်ပြန် စစ်ရှောင်ပြည်သူတွေအနေနဲ့ လက်ရှိမှာ ရွာအတွင်း စစ်ကြောင်း မကြာခဏဆိုသလို ရောက်ရှိလာတတ်သလို တပ်စခန်းတွေလည်း ရှိနေသေးတဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ ပြန်လည်ထူထောင်ရေးတွေကို ပြုလုပ်နေကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ရှောင်တွေကို (၁၀) စုနှစ်တစ်ခုကျော်တဲ့အထိ ထောက်ပံ့လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) အနေနဲ့ အချိန်အကြာကြီး ကူညီနေတဲ့တွက်  သူတို့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေမှာကို စစ်ရှောင်တွေအနေနဲ့ သိရှိခံစားရကြောင်း၊ အဲဒါကြောင့်လည်း တိုင်းပြည်မငြိမ်းချမ်းပေမယ့် နေရပ်ဌာနေပြန်ဖို့ လုပ်ဆောင်နေတာ ဖြစ်တဲ့အကြောင်း စစ်ရှောင်တွေက ဆိုပါတယ်။

အဲဒါကြောင့် ဌာနေပြန် စစ်ရှောင်တွေကို (၆) လမဟုတ်ဘဲ အနည်းဆုံးတစ်နှစ်၊ နှစ်နှစ်လောက် ဆက်လက်ပြီး ထောက်ပံ့ပေးဖို့အတွက် စစ်ရှောင်တွေက တောင်းဆိုနေကြပါတယ်။

တကယ်သွားလုပ်မယ်၊ ပြန်လည်ထူထောင်ဖို့အတွက်ဆိုရင် တစ်နှစ်ထဲနဲ့တော့ အရင်တုန်းကအတိုင်း နေထိုင်စားသောက် လုပ်ကိုင်နိုင်ဖို့က အရမ်းခက်တယ်။ အဲဒါကြောင့် အနည်းဆုံးကတော့ စစ်ရှောင်တွေကို တစ်နှစ်ကျော်၊ နှစ်နှစ်လောက်တော့ ကူညီစေချင်တယ်။” လို့ မြစ်ကြီးနားမြို့၊ အင်ဂျန်တုံစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင်  ဝိုင်းမော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေလည်း ဝိုင်းမော်မြို့နယ်အတွင်းက စစ်ရှောင်စခန်းက တာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံပြီး စစ်ရှောင်တွေကို ခေါင်းစဉ် (၄) ခုခွဲပြီး စာရင်းကောက်ခိုင်းခဲ့တယ်လို့ မိုင်းနားKBC စခန်းတာဝန်ခံဦးဘရန်ဆိုင်ကအခုလိုပြောပါတယ်။

“ကျွန်တော်တို့ကိုက ထွေအုပ်ကအုပ်ချုပ်ရေးရုံးကနေ နာမည်စာရင်းကောက်ခိုင်းတာ အဲလောက်ပါပဲ”လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့အတွင်း စစ်ရှောင်စခန်း (၂၀) ကျော်နဲ့ ဝိုင်းမော်မြို့တွင်းမှာ စစ်ရှောင်စခန်း (၁၀) ကျော်လောက်ရှိပြီးတော့ ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့က စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တစ်ကျော့ပြန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့နာက်ပိုင်း နီးစပ်ရာ မြို့ပေါ် စစ်ရှောင်စခန်းတွေမှာ ဒီကနေ့ အထိ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here