ပြည်နယ်အစိုးရမှ အခြေခံလူတန်းစားပြည်သူများကို ဥပဒေဘောင်အတွင်းမှဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်စားသောက်နိုင်ရန် ကျောက်မျက်လုပ်ကွက်များ ချပေး

1908

ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် ချထားပေးမည့် ကျောက်မျက်လုပ်ကွက်များသည်  မြေပြင်နှင့်လက်တွေ့ကျခြင်း မကျခြင်းထက် အခြေခံလူတန်းစား ပြည်သူများကို ဥပဒေဘောင်အတွင်းမှ ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင် စားသောက်နိုင်ရန်အတွက် ချထားပေးခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောဆိုလိုက်သည်။

လုံးခင်း – ဖားကန့်ရတနာနယ်မြေအတွင်း ချပေးတော့မည့် အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ ချပေးရန် သတ်မှတ်ထားသည့် နေရာများကို မြေပြင် ကွင်းဆင်းစစ်ဆေးရန် ဝန်ကြီးက ဖားကန့်ရတနာနယ်မြေကို သြဂုတ်လ ၃၀ ရက်နေ့က ရောက်ရှိခဲ့ပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ပြည်သူပြည်သားတွေ ဥပဒေဘောင်အတွင်းကနေ ဂုဏ်သိက္ခာရှိရှိနဲ့ ဒီကျောက်စိမ်းကို တူးဖော်လုပ်ကိုင် စားသောက်နိုင်ဖို့အတွက် ချထားပေးတာပါ။ပြည်သူတွေအနေနဲ့လည်း လာရောက် လျှောက်ထား လုပ်ကိုင်စေချင်ပါတယ်။ပြည်နယ်အစိုးရက ချထားပေးတဲ့ လုပ်ကွက်များမှာ တကယ်လုပ်ကြည့်ပြီးလို့ အကောင်အထည် ပေါ်မှသာ ဒီ လုပ်ကွက်ချထားပေးမှုတွေရဲ့ အဆိုးအကောင်းကို သိရှိရမှာ ဖြစ်တယ်”ဟု ဝန်ကြီးမှ ရှင်းပြသည်။

အထက်ပါ လုပ်ကွက်များသည် မြေပြင်နှင့် လက်တွေ့မကျဘဲ ယခင်က တရားမဝင် တူးဖော်ပြီးသည့်  နေရာများ ဖြစ်သဖြင့်  အခြေခံလူတန်းစားပြည်သူတွေ လုပ်ကိုင်စားသောက်ရန် မလွယ်ကူနိုင်သည့်အတွက် လာရောက် လျှောက်ထားသူ နည်းပါးလိမ့်မည် ဟုလည်း ဒေသခံအများစုက ပြောဆိုနေကြသော်လည်း ဥပဒေအကာအကွယ် ရရှိရန်အတွက် ဒေသခံများအနေဖြင့် လျှောက်ထားသင့်သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

“ဥပဒေရဲ့အကာအကွယ်ကို ရရှိဖို့အတွက် အခုချထားပေးမယ့် ကျောက်မျက်လုပ်ကွက်တွေကို လျှောက်ထားပြီး လုပ်ကိုင်သင့်တယ်ဆိုတဲ့ လူတွေလည်း များစွာရှိပါတယ်။ ဒီလုပ်ကွက်တွေက  လျှောက်သင့်တယ်လို့ မြင်ပါတယ်။ ကျွန်တော်ဆို ၁၉၉၀ ခုနှစ်ကတည်းကနေ ဖားကန့်ကို ရောက်တာ။ ကျောက်ပဲတစ်လျှောက်လုံး လုပ်ခဲ့တာ။ ဘာဥပဒေအကာအကွယ်မှ မရခဲ့ဘူး။ အခုလိုမျိုး အခွင့်အရေး ရတဲ့အချိန်မှာ လျှောက်သင့်တယ်။ဒါမှလည်း ဥပဒေဘောင်အတွင်းက  လုပ်စားလို့ရမယ်”ဟု ဆန်ခါကျေးရွာနေ ဦးတင်လှိုင်က ၎င်း၏ အမြင်ကိုပြောသည်။

သို့သော် ယင်းသို့ ခွင့်ပြုလိုက်ခြင်းကြောင့် အကျိုးဖြစ်ထွန်းမည် ဆိုသော်လည်း တရားမဝင် သယ်ဆောင်ရောင်းချသည့် နေရာတွင် များစွာအခက်အခဲတွေ့နိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ သုံးသပ်သည်။

“ကယ်ရီတွေ တစ်သက်လုံး လုပ်စားလာတာဟာ လုပ်ကွက်ရအောင် လျှောက်ထားနိုင်ခဲ့ပြီး ဒီအပေါ်မှာ အသုံးချနိုင်ခဲ့တာပဲ။ လုပ်ကွက်ရအောင် လျှောက်မယ်။ ပြီးတော့ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သယ်သမျှကျောက်တိုင်း ကိုယ့်လုပ်ကွက်က ရတာပါဆိုပြီး အကြောင်းပြ လုပ်စားလို့ရတာပေါ့”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ရှင်းပြသည်။

အခြေခံလူတန်းစားပြည်သူများ လုပ်ကိုင်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် ဖားကန့်ရတနာနယ်မြေရှိ မှော်ပေါင်း ၂၆ မှော်မှ  ဧကပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျာ်တွင် ကျောက်မျက်လုပ်ကွက်များ စတင်ချထားပေးတော့မည်ဖြစ်ပြီး အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲနေသည့် မြန်မာ့ ကျောက်မျက်ရတနာ နည်းဥပဒေ ရေးဆွဲပြီးစီးလျှင် ကျောက်မျက်ဧက ခုနှစ်သောင်းကျော်ကို  အလတ်စား လုပ်ကွက်အဖြစ် ချထားပေးရန် စီစဉ်ထားကြောင်းလည်း ဝန်ကြီးမှပြောသည်။

စည်သူ(မြစ်ကြီးနား)

ဇော်မိုးထက်(ဖားကန့်)

LEAVE A REPLY

Please enter your comment!
Please enter your name here