စက်တင်ဘာ၊၉
ကချင်ပြည်နယ်၊ဗန်းမော်မြို့မှာ မနေ့က ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ထပ်မံတွေ့ရှိခဲ့ပြီး အခုလပိုင်းအတွင်း ပိုးတွေ့သူ စုစုပေါင်း (၆) ဦးရှိတယ်လို့ သိရပါတယ်။
စက်တင်ဘာ (၈) ရက်နေ့ မနေ့ကတွေ့ရှိခဲ့တဲ့ တစ်ဦးကတော့ ကားသမားတစ်ဦးဖြစ်ပြီး ဗန်းမော် – လွယ်ဂျယ် လမ်းပေါ်က ကျောက်စခန်းဂိတ်မှာ ကိုဗစ်ပိုးစစ်ဆေးတဲ့ချိန် တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဗန်းမော်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောက်တာအောင်ကျော်စိုးက ပြောပါတယ်။
“မနေ့က တွေ့တဲ့လူက ဗန်းမော် နမ့်ဖားရပ်ကွက်က ကားသမား။ သူက ကျောက်စခန်းဂိတ်မှာ ကိုဗစ်စစ်ရင်းနဲ့တွေ့လို့ ဆေးရုံကို လွတ်လိုက်တာ။ Isolation Ward မှာ လောလောဆယ်တော့။ ဒီလထဲမှာ စုစုပေါင်းဆိုရင် (၆) ယောက်ရှိပြီပေါ့နော်။” လို့ ဆိုပါတယ်။
ဗန်းမော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ကပြီး ကိုဗစ် – ၁၉ ပိုးထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး (၂) မိုင် အောင်သာရပ်ကွက်က လင်မယား နှစ်ဦးမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ (၆) ဦးထဲမှာ အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး သုံးဦးကတော့ ရောဂါပျောက်ကင်းသွားတဲ့အတွက် ဆေးရုံဆင်းသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ပိုးဟာ နိုင်ငံခြားကနေ ဝင်ရောက်လာတာမဟုတ်ဘဲ ပြည်တွင်းမှာပြန်လည် ပျံ့နှံနေတဲ့အတွက် ကိုဗစ်စည်းကမ်းတွေကို ပြန်လည် လိုက်နာစေလိုတယ်လို့လည်း ဆေးရုံအုပ်က ပြောပါတယ်။
“ ပြီးခဲ့တဲ့ Third Wave တုန်းက ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုချိန်မှာပြန်ပြီးတော့ Local transmission လို့ခေါ်တဲ့ ပြည်တွင်းမှာကူးစက်မှုတွေက ပြန်ရှိနေပြီ။ နိုင်ငံခြားကလာတာမဟုတ်ဘူး ပြည်တွင်းမှာတင် ပြန့်နေပြီ။ Local transmission လို့ခေါ်တာပေါ့။ Community transmission က ပြန်စနေပြီ။ အဲဒီတော့ ကိုဗစ် Guide line (စည်းကမ်း) အတိုင်း ပြန်နေဖို့ပေါ့။ နဂိုအတိုင်း သတိရှိရှိနဲ့ ဟိုးအရင်တုန်းက ကိုဗစ်ဖြစ်ခဲ့တုန်းကနေခဲ့တဲ့ ပုံစံတွေအတိုင်း ပြန်ပြီးတော့ နေဖို့သင့်ပြီလို့။” လို့ ဒေါက်တာ အောင်ကျော်စိုးက ဆိုပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးမှာ အခုစက်တင်ဘာလအတွင်း ကိုဗစ်ပိုးကူးစက်ခံရသူ ရာနဲ့ချီရှိပြီး သေဆုံးသူ ၃ ဦးအထိရှိလာတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။