ဆယ်ဇင်းကျေးရွာအတွင်း စစ်ကောင်စီမှ စခန်းချနေထိုင်နေပြီး အမာခံ ခံစစ်စခန်းဆောက်လုပ်နေဟုဆို

234
ဆယ်ဇင်းကျေးရွာ တာဝန်ခံရုံး

စက်တင်ဘာ၊၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ဆယ်ဇင်းကျေးရွာအုပ်စု ၊ ရပ်ကွက် (၅) ရဲစခန်းအနီးမှာ စစ်ကောင်စီတပ်ကနေ ခံစစ်စခန်း ဆောက်လုပ်နေပြီး အနီးနားက အိမ်တွေကိုလည်း ဘိုဒူဇာနဲ့ ဖြိုချ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

ရဲစခန်းဘေးက အဲဒီနေရာမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စစ်တပ်ကနေ စခန်းချခဲ့တဲ့နေရာဖြစ်ပြီး KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ရွာထဲကိုပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ရဲစခန်းဝင်းနဲ့ပါပေါင်းပြီး စစ်တပ်က ခံစစ်စခန်း အမာခံတည်ဆောက် နေတာဖြစ်တယ်လို့ မြေပြင်အခြေနေနဲ့ နီးစပ်တဲ့ ဆယ်ဇင်းကျေးရွာ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်တပ်ခံစစ်စခန်း အကြီးကြီးပြန်ဆောက်နေတာ ။ အဲဒီလိုဆောက်တဲ့အခါကျတော့ သူတို့စစ်တပ်ကို အကာအကွယ်ဖြစ်မယ့် အိမ်တွေ၊ ရှုပ်မယ့်အိမ်တွေ၊ မြင်ကွင်းမရှင်းမယ့် အိမ်တွေကတော့ ဘက်ဟိုးနဲ့ဖြိုလိုက်တယ်။ ရဲစခန်းပတ်ဝန်းကျင်မှာ မလောင်ပဲ ကျန်နေသေးတဲ့ အိမ်တွေရှိတယ်။ အဲဒီအိမ်တွေကို ဖြိုလိုက်တာ ။ သူတို့က မြင်ကွင်းရှင်းအောင်ပေါ့လေ။” လို့ ဆိုပါတယ်။

ရွာထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း သုံးကြောင်းနဲ့ ရှမ်းနီ SNA တပ် တွေလှုပ်ရှားသွားလာမှုတွေ ပြုလုပ်နေတဲ့အပြင် ကတုတ်ကျင်းတွေလည်း တူးနေကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖားကန့် ဟောင်ပါး နဲ့ တာမခန်ဘက်သွားတဲ့ လမ်းမပေါ်က ရွာတွေမှာလည်း ကင်းစခန်းတွေ တည်ဆောက်ထားတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဘုရားငါးဆူနားလေးက နေရာအလွတ်မှာသူတို့ အခိုင်အမာ တပ်စခန်းပြန်ဆောက်ထားတယ်ပေါ့။ လောလောဆယ်ကတော့ ရွာလယ်မှာ အထိုင်ချထားတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီဘက် ဟောင်ပါး တာမခန်ဘက် ထွက်တဲ့ ဒီကားလမ်းမပေါ်မှာရှိတဲ့ ချမ်းသာအေးရပ်ကွက်မှာ ကင်းတစ်ခု ပုံစံမျိုးလည်း ဆက်ထားထားတယ်ပေါ့။ ချမ်းသာအေးရပ်ကွက်ထဲမှာ ကင်းတစ်ခုထားထားပြီးတော့ စခန်း သေချာဆောက်ထားတယ်ပေါ့ နောက်ပြီးတော့ ရွာထဲကိုလည်း ဘယ်သူမှ အဝင်မခံသေးဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် ဆယ်ဇင်းကျေးရွာအဝင် ဘုရားငါးဆူရပ်ကွက်က ပြည်သူတွေရဲ့ အိမ်တွေမှာလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်နေကြပြီး မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ပြီး ကျန်ရှိနေတဲ့ ပစ္စည်းတွေကို ခိုးယူသုံးစွဲတာတွေအပြင် ရောင်းစားနေကြတယ်လို့လည်း အထက်ပါဒေသခံက အခုလိုရှင်းပြပါတယ်။

တစ်အိမ်ကို ငါးယောက် ခြောက်ယောက်လောက် ဝင်နေထားပြီးတော့ အိမ်မှာရှိတဲ့ တန်ဖိုးရှိတဲ့ဟာတွေပေါ့လေ။ ဥပမာ ရွှေတွေ လက်စွပ်တွေရတယ်ဆိုရင် အဲဒါတွေ သွားရောင်းခိုင်း။ အဲဒီလိုမျိုး အိမ်မှာရှိတဲ့ အင်ဗာတာတွေ ဘာတွေကို ဟိုးတခြား ပြဿနာမဖြစ်တဲ့ (တိုက်ပွဲမဖြစ်တဲ့) စစ်ကိုင်းတိုင်းဘက်က ရွာလေးတွေ ရွှေတွင်းတို့ ရာလာသီး တို့ အဲဒီဘက်ကို သွားရောင်းခိုင်းတာတဲ့” လို့ ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီ ၊ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြည်သူတွေရဲ့ နေအိမ် ၄၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသလို လူအယောက် ၄၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဒေသခံ ၂၀၀၀ ဝန်းကျင်လောက် စစ်ဘေးတိမ်းရှောင်နေရတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here