မက်လင်ချောင်မှော်က နေအိမ်တစ်အိမ်မှ လူ (၁၅) ဦးထက်မနည်းကို စစ်ကောင်စီဖမ်းဆီး

272
ဖားကန့်ကျောက်စိမ်းမြို့တော်

ဇွန်၊၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မက်လင်ချောင်မှော်ဘက်က နေအိမ်တစ်အိမ်မှ ပြည်သူ (၁၅) ဦးထက်မနည်းကို စစ်ကောင်စီ စစ်သားတွေနဲ့ ရဲအပါ အရပ်ဝတ်ထားသည့် လူများက မနေ့ည (၉)နာရီခွဲလောက်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ရဲနဲ့ စစ်သားတွေဟာ နေအိမ်အထိ ရောက်ရှိလာပြီး အိမ်ရှင် အမျိုးသားကို မတွေ့တာကြောင့် ဇနီးနဲ့ ကလေးတွေ အပါအဝင် အိမ်ကို လာတည်းတဲ့ ဧည့်သည်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီ‌မှော်နဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒေသခံပြည်သူတွေတော့ ကြောက်လန့်ပြီး ပြေးတဲ့သူက ပြေးနဲ့။ မမုံဘက်ကနေ သူတို့က လာခဲ့ကြတာ။ မမုံက ကျောက်ဝိုင်းက သူတွေတောင် အကုန် ထွက်ပြေးကြတာတဲ့။” လို့ ဒေသခံက ဆိုပါတယ်။

လာရောက် ဖမ်းဆီးတဲ့ သူတွေဟာ ရဲ၊ စစ်သားနဲ့ အရပ်ဝတ်အပါ လူအယောက်(၁၀၀)လောက် အင်အားရှိတယ်လို့ သိရပါတယ်။

ဘယ်လို ကိစ္စရပ်တွေကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာ မသိရတဲ့အပြင် ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း အတိအကျ မသိရှိရသေးဘူးလို့ အထက်ပါ ဒေသခံက ဆက်လက် ပြောပါတယ်။

မေလအတွင်းကနေစပြီး ဖားကန့်မြို့အတွင်းမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးမှု သိသိသာသာ များလာတဲ့ အပြင် နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲ‌တွေလည်း မကြာခဏ ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here