ဇန်နဝါရီ ၂
မြစ်ကြီးနား အကျဉ်းထောင်အတွင်း အများသုံး မိလ္လာကန်လျှံထွက်သဖြင့် အကျဉ်းထောင်အနီးရှိ ပတ်ဝန်းကျင် နေအိမ်များနှင့် သက်ကြီးရွယ်အိုများ အခက်တွေ့နေကြောင်း သိရသည်။
မိလ္လာကန်မှ ထွက်ရှိသည့် အနံ့များကို ကျန်းမာရေး ချို့တဲ့သူများနှင့် နံနက်ဆွမ်းခံကသည့် သံဃာတော်များ နေ့စဉ်နေ့တိုင်း ရှူရှိုက်နေရသဖြင့် ကျန်းမာရေး ပိုမို ထိခိုက်လာနိုင်ကြောင်း အကျဉ်းထောင်အနီး နေအိမ်ရှိ အငြိမ်းစားတပ်ကြပ်ကြီး ဦးစောထွန်းက ပြောသည်။
“ဒီလမ်းက လာတဲ့လူတိုင်းက နှာခေါင်းပိတ်ရတယ်။ ဒီ မိလာကန်ကြီးက ပြည့်ပြီးတော့မှ လမ်းမှာ လျှံထွက်နေတာက တစ်မျိုး၊ သူတို့ ဝက်ခြံက နံတာကတစ်မျိုး အမြဲတမ်းရှူနေရတယ်။ သူတို့ဟာသူတို့ ကားနဲ့တော့ လုပ်နေတာပဲ။ ဒါပေမဲ့ နံတယ်။ ဒါကြောင့် ဒီအနံ့ပျောက်အောင်ပဲ လုပ်ပေးစေချင်တာပါ”ဟု ဦးစောထွန်းမှ အခက်အခဲကို ပြန်လည်ရှင်းပြသည်။
ယင်း အနံ့အသက်ကြောင့် မိမိနေအိမ်ရှိ အသက်၉၆နှစ်အရွယ် အဘွားအိုမှာလည်း ထိုအနံ့ကို နေ့စဉ် ခံစားနေရကြောင်းလည်း ဦးစောထွန်းမှ ဆက်လက်ပြောကြားသည်။
အလားတူ မိလာကန်လျှံမှုကြောင့် မိလ္လာကန်နှင့် မျက်နှာချင်းဆိုင် နေအိမ်တွင် ပန်းနာရင်ကြပ် ခံစားနေရသည့် အသက်ကြီးရွယ်အိုများ ထိုအနံအသက်ကို နေ့စဉ် ရှူရှိုက်နေရသဖြင့် ယင်းတို့၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်နေရကြောင်းပတ်ဝန်းကျင် နေအိမ်မှ ဒေါ်မေထားဦးက ပြောသည်။
“အစ်မတို့ ပြောင်းလာတဲ့ အချိန်ကတည်းကနေ ဒီအနံ့က အမြဲတမ်းနေ့စဉ်နဲ့အမျှ ခံစားနေရတယ်။ နွေရာသီဆိုရင် ပိုဆိုးတယ်။ ညပိုင်းဆို ဘယ်မှသွားစရာမရှိဘူး။ နေ့လယ်ဆိုရင် ရှောင်နေလို့ရတယ်။ ဒီကန်ကလည်း နေ့တိုင်းပွက်ပြီး လျှံထွက်နေတာ”ဟု ဒေါ်မေထားဦးက ပြောသည်။
အဆိုပါမိလ္လာကန်ကို နေ့စဉ်နှင့်အမျှ ကားဖြင့် စုပ်ထုတ်နေသော်လည်း ကန်အရွယ်အစားနှင့် လူဦးရေနှင့် မျှတမှုမရှိသောကြောင့် လျှံထွက်ရခြင်း ဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။
မိလ္လာကန်အနံ့ကို နေ့စဉ် ရှူရှိုက်နေရပါက ကျန်းမာရေးကို ထိခိုက်လာနိုင်ကြောင်း လယ်ကုန်းရပ်ကွက်တွင် ဆေးခန်းဖွင့်လှစ်ထားသည့် ဒေါက်တာကျော်ကျော်ဝင်းက ပြောသည်။
“ဒီအနံ့က ကျန်းမာရေး မကောင်းတဲ့လူဆိုရင် ပိုဆိုးတယ်။ နံရင် အိပ်ရေးပျက်မယ်။ အိပ်ရေးပျက်ပြီး ခုခံအားကျလာမယ်။ အနံ့ရရင် ညအိပ်မပျော်ဘူး။ ရင်ကြပ်တဲ့လူဆို ပိုဆိုးပြီပေါ့”ဟု ဒေါက်တာမှ ထောက်ပြသည်။
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မြစ်ကြီးနားသတင်း ဂျာနယ်မှ ထောင်ပိုင်သို့ ဆက်သွယ်မေးမြန်းရာတွင် ဂါလံ ၈၀၀ ဆန့်ကားဖြင့် မိလ္လာကန်ကို နေ့စဉ် စုပ်ထုတ်လျက်ရှိနေကြောင်း ပြန်လည်ပြောကြားသည်။
“လျှံထွက်နေတာက မဟုတ်ပါဘူး။ နည်းနည်းလေးတော့ နံမှာပေါ့။ ကျွန်တော်တို့ ဝန်ထမ်းတွေတောင် နေနိုင်ပါတယ်။ အဲဒီလောက် ဆိုးဆိုးကြီးတော့ မဟုတ်ပါဘူး”ဟု ထောင်ပိုင် ဦးကျော်ထွန်းဦးက ထပ်မံရှင်းပြသည်။
အဆိုပါ ကိစ္စနဲ့ပက်သက်ပြီး လွန်ခဲ့သည့်အချိန်များကလည်း ထောင်အနီးရှိနေအိမ်များမှ မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ စာတင်ခဲ့ရာ စည်ပင်ဝန်ထမ်းများမှ လာရောက် လှည့်ပတ် ကြည့်ရှုခဲ့သော်လည်း ယနေ့အချိန်ထိ ထူးခြားမှုမရှိဘဲ အနံ့ ပိုမိုဆိုးရွှားလာကြောင်း ပတ်ဝန်းကျင် နေအိမ်များမှ ပြောသည်။
Ah Je







