အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှ ညှိနှိုင်းရေးမှူး Matt Curtis နှင့် ကချင်ပြည်နယ်တွင် ၎င်းတို့ဝင်ရောက်လုပ်ကိုင်မည့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန် စနစ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်ပတ်သက်၍ မေးမြန်းခြင်း

1630
(USAID)မှ ညှိနှိုင်းရေးမှူး Matt Curtis
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှ ညှိနှိုင်းရေးမှူး Matt Curtis

ကချင်ပြည်နယ်မှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ရင်းနှီးမှုကိုပြုလုပ်ရတာ ဘာကြောင့်လဲ။
ကျွန်တော်တို့အမေရိကန်အစိုးရအနေနဲ့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အကူအညီတွေကို ၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းဒေသကို စပြီး ပြန်ပေးပါတယ်။ ဒီလိုလုပ်တဲ့ အောင်မြင်မှုတွေကို အခြေခံပြီးတော့ ဒီ ကချင်ပြည်နယ်မှာလည်း ဒီလိုလုပ်ငန်းလုပ်ရင် အောင်မြင်နိုင်တယ် ဆိုပြီး၊ ပြည်နယ်အတွင်းရှိတဲ့ ဒေသခံတွေအနေနဲ့ မြေယာလုပ်ငန်းသာမက စီးပွားရေးလုပ်ငန်းမှာ သူတို့ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်ဆိုရင် တိုက်ခိုက်မှု၊ မတူညီမျှမှုတွေကို လျော့နည်းစေနိုင်မယ်လို့ ယူဆပါတယ်။

လက်ရှိက တရုတ်ရဲ့ဈေးကွက်ကိုပဲ ဦးတည်ထားတာကလည်း တခြားနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေကိုလက်မခံကြဘူး။ ဒါကို ဘယ်လိုဖြေရှင်းပေးဖို့ရှိလဲ။
ဟုတ်တယ်။ ဒီအတွက်ကြောင့်မို့ ထုတ်ကုန်အရေအသွေး တိုးတက်အောင်လုပ်ပြီး၊ တရုတ်ပြည်ကလွဲပြီး တခြားနိုင်ငံ တွေကို ရောင်းချဖို့က အရည်အသွေးမြှင့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်းမှာလုပ်နေတဲ့ စီမံကိန်းတစ်ခုက တောင်သူတွေကို ဈေးကွက်ရှာပေးဖို့အတွက် ထုတ်ကုန်အရည်အသွေးမြင့်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆို ကော်ဖီကို နိုင်ငံခြားက မဝယ်ဘူး။ အခုဆိုကော်ဖီရဲ့ အရည်အသွေးမြှင့်တင်လိုက်တာနဲ့ ကောင်းမွန်တဲ့ဈေးနှုန်း ရရှိသွားပါတယ်။ ဒါကြောင့် ထုတ်ကုန်တွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ရင် ဈေးကွက်တွေကို ရှာဖွေနိုင်မှာပါ။ နောက်ပြီး အရည်အသွေးရှိရင် နိုင်ငံခြားဈေးကွက်သာမက ပြည်တွင်းဈေးကွက်မှာလည်း တန်းဖိုးမြှင့်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

တရုတ်ဈေးကွက်ကိုပဲ အားကိုးနေရတဲ့ တောင်သူတွေအနေနဲ့ ဒီစီမံကိန်းဝင်လာတာနဲ့ ဈေးကွက်က ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာနိုင်သလဲ။
တရုတ်ပြည်က အကြီးမားဆုံးဈေးကွက်ပါပဲ။ ဒါကတော့ လစ်လျူရှုလို့မရပါဘူး။ သို့သော်လည်းပဲ ဒီ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ တရုတ်ပြည်မကြီးကို ပို့တာမဟုတ်ဘဲနဲ့ ဒီပြည်တွင်း၊ အထူးသဖြင့် ပိုပြီးတော့၊ နိုင်ငံခြားကို ပို့နေတဲ့ မန္တလေးလိုမြို့ကြီးရဲ့ ဒေသခံနဲ့ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်က တောင်သူများအနေနဲ့ ချိတ်ဆက်ဖို့ ပိုပြီးတော့ ကျယ်ပြန့်တဲ့ ဈေးကွက်နဲ့ ချိတ်ဆက်ဖို့ဖြစ်တယ်။ တရုတ်ပြည်မကြီးကို သွားမယ်ဆိုရင်တော့၊ တရုတ်စီးပွားရေး ဈေးကွက်က မတည်ငြိမ်ဘူး။ ဒါကြောင့် ပိုပြီးတော့ ယုံကြည်စိတ်ချရအောင်၊ ပိုပြီးတော့ ပုံမှန်ကုန်သွယ်မှုဖြစ်လာနိုင်အောင် ထည့်သွင်း စဉ်းစားပြီးတော့ ပြုလုပ်ရမှာဖြစ်ပါတယ်။ ပုံမှန်ကုန်သွယ်မှုရှိတဲ့အတွက် တောင်သူတွေအနေနဲ့ တရားမဝင်လမ်းကြောင်းက သွားတာထက် တရားဝင်ဈေးနှုန်း ရရှိအောင် လုပ်ဖို့ လိုပါတယ်။

ကချင်ပြည်နယ်ရဲ့ တရားဝင်ဈေးကွက်ရအောင် လုပ်ပေးမယ်ဆိုတာက ပြည်တွင်းဈေးကွက်ကို ပြောတာလား၊ ပြည်ပဈေးကွက်ကို ပြောတာလား။
ပြည်တွင်းဈေးကွက်လည်း နောက်ပိုင်း ပိုပြီးတော့ ကောင်းမွန်တဲ့အစားအစာတွေကို တောင်းဆိုလာတော့ အစားအစာ ထုတ်လုပ်တဲ့လုပ်ငန်းတွေ ကျယ်ပြန့်လာတယ်။ မန္တလေးကနေပြီး နိုင်ငံတကာ သို့မဟုတ် အာရှတစ်လွှားက ဈေးကွက်ကိုလည်း ချဲ့ထွင်လာတယ်။ တရုတ်ဈေးကွက် တွေကလည်း အဲဒီလိုပဲ ချဲ့ဖို့ရှိပါတယ်။

အခုပြောတဲ့ စိုက်ပျိုးရေးနှင့်အစားအစာ ထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်းကို ဘယ်အချိန်မှာ စတင် အကောင်အထည်ဖော်ပြီး ဘယ်လို ဆောက်ရွက်သွားမှာလဲ။
ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကို လာမယ့် ၆ လ လောက်ကျရင် လေ့လာစမ်းစစ်မှုတွေလုပ်ပြီး၊ ဘယ်မှာ ဘာအခွင့်အလမ်းရှိသလဲ ဆိုတာကြည့်ပြီး သီးနှံတွေကိုလည်း ဘယ်ကဏ္ဍကနေ တိုးတက်အောင်လုပ်မလဲ ဆိုတာ စမ်းစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းက ရှမ်းပြည်နယ်မှာ အောင်မြင်ခဲ့ပေမယ့် ကချင်ပြည်နယ်မှာ အောင်မြင်နိုင်မှာလား။ ပြီးတော့ ကချင်ပြည်နယ်မှာ ပေးထားတဲ့ ဘတ်ဂျက်ကို ပြန်စဉ်းစားသွားမှာလား။ ဘယ်လိုတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ကချင်ပြည်နယ်ကိုလာပြီး ချက်ချင်းကြီး ဒီစီမံကိန်းကိုလုပ်မယ်ဆိုပြီးလုပ်တာ မဟုတ်ဘူး။ လုပ်နိုင်မလုပ်နိုင်ကို အရင်စမ်းသပ်ပြီးတော့ ကိုက်ညီမှုရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တိုးချဲ့ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် လုပ်ငန်းရှင်အချင်းချင်း ထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ ဝယ်ယူသူ၊ နိုင်ငံခြားကို တင်ပို့သူတွေအားလုံးနဲ့ သူတို့လုပ်တဲ့ လုပ်ငန်းအကြောင်းတွေ၊ ဘာတွေ ထုတ်လုပ်နိုင်လဲ၊ ဘာတွေ လိုအပ်နေသလဲ၊ ဘာတွေကြုံတွေ့နေရလဲဆိုတာတွေကို ဆွေးနွေးတဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်ပြီး ရလာတဲ့ အချက်တွေနဲ့ အကျိုးပြုတဲ့လုပ်ငန်းတွေ ပြုလုပ်သွားမှာ ဖြစ်တယ်။

တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးမှုတွေလည်း တရားဝင်ဖြစ်လာအောင် တောင်သူတွေကို ဘယ်လို ကူညီသွားမှာလဲ။
ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်တာတိုင်းက တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမှုရှိတဲ့ အစီအစဉ်မျိုး ဖြစ်ပါတယ်။ အခု တစ်သျှူးငှက်ပျောတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေကို ကြားနေရပါတယ်။ ဒါကို မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ လုပ်ငန်းတွေက တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်ဖို့ပဲလိုတာပါ။ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကလည်း ဒီလိုပဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းဖြစ်အောင်ပဲ လုပ်မှာပါ။ တရုတ်ပဲ မဟုတ်ပါဘူး။ တခြားဘယ်နိုင်ငံက ဘယ်လူမျိုးပဲဖြစ်ဖြစ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းဖြစ်အောင်ပဲ တိုက်တွန်းမှာ ဖြစ်ပါတယ်။ ဒီဒေသရဲ့ တောင်သူတွေရဲ့ မြေပိုင်ဆိုင်မှုအခွင့်အရေးကို လေးစားရမှာဖြစ်ပါတယ်။ နောက်ပြီး ဈေးကွက်တစ်ခုတည်းကိုပဲ ဦးတည်တာက အန္တရာယ်များပါတယ်။ ဒါကြောင့်ဈေးကွက်တွေကို ချဲ့ထွင်ဖို့ လိုပါတယ်။

နေရပ်စွန့်ခွာပြည်သူတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးသွားမယ်လို့ ပြောပေမယ့် လက်ရှိမှာ မြေလွှတ်၊ မြေရိုင်းတွေဖြစ်နေပြီဆိုတော့ အဲဒါကိုဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာလဲ။
နေရပ်စွန့်ခွာ IDP တွေရဲ့ မြေဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး။ ဒါကိုသိဖို့ နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အစိုးရအနေနဲ့ သေချာကွင်းဆင်းတိုင်းတာဖို့ လိုပါတယ်။ အဲဒီနေရာတွေက မြေလွတ်၊ မြေရိုင်းတွေဆိုပေမယ့် တကယ်လုပ်ကိုင်စားသောက်နေတဲ့ သူတွေရှိနေပါသေးတယ်။ ကျွန်တော်တို့ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ မြေယာအသုံးချမှုကော်မတီမှာ အမြဲတမ်း ဒီကိစ္စရပ်တွေကို တင်ပြပေးတယ်။ ပြီးတော့ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို အမြဲတမ်း အကြံပေးနေပါတယ်။

မွန်းမွန်းပန် မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here