မြစ်ကြီးနား လူထုဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်လေ့ရှိသူ ကိုမျိူးဇော်ဦး ထွေ/အုပ်ရုံးရှေ့တွင် ဖမ်းဆီးခံရ

514

မြစ်ကြီးနား၊ မတ်(၅)

ယနေ့ မတ်လ (၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ရှိ Covid 19 ကပ်ရောဂါနှင့် ပတ်သက်၍ volunteer(စေတနာ့၀န်ထမ်း) လုပ်နေသူ ကိုမျိုးဇော်ဦး သည် မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးရှေ့တွင် အဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် Covid 19 ကပ်ရောဂါနှင့် ပတ်သက်ပြီး volunteer လုပ်နေသူ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်(NLD) ပါတီ၀င် တစ်ဦးလည်း ဖြစ်ပြီး လူထုဆန္ဒထုတ်ဖော်ရာတွင် ရှေ့ဆုံးမှ ပါ၀င်လေ့ရှိသူ တစ်ဦးလည်းဖြစ်သည်။

” သူက ဒီကိုဗစ်နဲ့ ပတ်သက်ပြီး volunteer လုပ်နေတာ ဖြစ်လို့ ထွေအုပ်ရုံးနဲ့ ပတ်သက်မှုရှိတာပေါ့။ ကိုဗစ်နဲ့ ပတ်သက်လို့ လိုအပ်တာတွေကို သူက ပိုက်ဆံစိုက်ထားပေးတာတွေရှိတော့ ထွေအုပ်ရုံးမှာ စာတင်ထားတာ ကြာပြီ “ ဟုအမည်မဖော်လိုသူ တစ်ဦးမှ ပြောသည်။

အဆိုပါ အမျိုးသားသည် အလှူရှင်များ လှူဒါန်းထားသည့် ကိုဗစ်ငွေအား သွားရောက် ထုတ်ယူခဲ့စဉ် မြစ်ကြီးနားမြို့ ရှိ One Stop Service(OSS) ရုံး(ထွေ/အုပ်)ရှေ့တွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။

” သူက ကိုဗစ်ပိုက်ဆံ ထုတ်ဖို့သွားတာ။
ထွေအုပ်ရုံးရှေ့မှာ ညနေ (၄) နာရီခွဲ အချိန်မှာ ဖမ်းသွားတာ။ ဒီနေ့လယ်ခင်းက ထွေအုပ်ရုံးက မိန်းကလေး တစ်‌ယောက်ဖုန်းဆက်ပြီး ပိုက်ဆံလာယူဖို့ ပြောတာပေါ့။
အချိန်ကိုလည်း အမျိုးမျိုးပြောင်းပြီး ချိန်းတာ။ ထောင်ဖမ်းသလို ဖြစ်သွားတာပေါ့ “ အထက်ပါအမည်မဖော်လိုသူမှဆိုသည်။

ကို မျိုးဇော်ဦးသည် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင်း ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်ခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here