မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့နှင့် အစိုးရတို့အောက်တိုဘာလတွင် ထပ်မံတွေ့ဆုံမည်

1714
မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့

စက်တင်ဘာ ၂၆

မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲ လာမည့်အောက်တိုဘာလအတွင်း ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PSG)မှ တာဝန်ရှိသူ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ ကချင်လက်နက်ကိုင် အဖွဲ့ (KIA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအောင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့(MNDAA)တို့နှင့် အစိုးရအဖွဲ့တို့သည် ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အောက်တိုဘာလတွင် ထပ်မံတွေ့ဆုံရန် သတ်မှတ်ခဲ့ကြသည်။

“သီတင်းကျွတ်မတိုင်မီ ၅ ရက်နဲ့ ၁၁ ရက်ကြားမှာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါမှမဟုတ်ရင် သီတင်းကျွတ်ပြီးတဲ့ နောက်ပိုင်းမှာ ၁၈ နောက်ပိုင်း လကုန်ဘက်ပိုင်းမှာ ဖြစ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PSG)မှ တာဝန်ရှိသူ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ကျိုင်းတုံတွေ့ဆုံပွဲတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆက်လက်ညှိနှိုင်းမည့် အချက် ၇ ချက်ကို သဘောတူခဲ့ကြပြီး ယင်းအချက်များကို လာမည့် အောက်တိုဘာလအတွင်း ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြပြောဆိုသည်။

“ခုလာမယ့် အောက်တိုဘာလ အတောအတွင်းမှာ နှစ်ဖက် သဘောတူညီမှု ၇ ချက်ကို ဆက်လက်ဆွေးနွေးဖို့အတွက်ဆိုပြီး ပြောထားတာရှိတယ်။ အဲ့ ၇ ချက်က လာမယ့်ဆွေးနွေးပွဲမှာ အဖြေက သိရမှာပါ။ တစ်ခုချင်းစီကို ပြန်လည် ဆွေးနွေးကြမှာပေါ့”ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် တပ်မတော်မှအကြီးအကဲများ ပါဝင်လာနိုင်သည့်အတွက် တပ်ပိုင်းဆိုင်ရာများကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့သည့်အတွက် တိုးတက်မှုရှိခဲ့ကြောင်းလည်း ၎င်းကပြောသည်။

တပ်မတော်မှ ထုတ်ပြန်ထားသည့် အပစ်ရပ်ကြေညာမှုမှာလည်း စက်တင်ဘာလ ၂၁ ရက်နေ့က ကုန်ဆုံးခဲ့ပြီး ထပ်မံ တိုးမြှင့်ထားခြင်းမရှိသေးသည့်အတွက် တိုက်ပွဲများ ကြီးကြီးမားမားဖြစ်ပွားကာ အောက်တိုဘာလတွေ့ဆုံမည့် ဆွေးနွေးပွဲကို ထိခိုက်မည်ကို စိုးရိမ်ကြောင်းလည်း ဦးလမိုင်ဂွန်ဂျာက ပြောသည်။

“သက်တမ်းတိုးရင်လည်း တိုက်ပွဲဖြစ်ရင်ဖြစ်တာပဲ။ မတိုးရင်လည်း ဖြစ်တာပဲ။ ဒါပေမဲ့ တွေ့ဆုံမှုပိုင်းမှာ နှစ်ဖက်စလုံးက စစ်ရှိန်တွေကို လျှော့ချနိုင်သလောက် လျှော့ချဖို့အတွက် နှစ်ဖက်လုံး ပြောဆိုထားတာရှိတယ်။ ဒါကြောင့် ဒီကြားထဲမှာ သေးသေးမွှားမွှားရှိရင်ရှိမှာပေါ့။ ဒါပေမဲ့ ကြီးကြီးမားမားမဖြစ်ဖို့ အရေးကြီးတယ်။ ကြီးကြီးမားမား ဖြစ်ပြီဆိုရင်တော့ အောက်တိုဘာလမှာ ပြန်တွေ့ဆုံမယ့် ဆွေးနွေးပွဲမှာလည်းပဲ နည်းနည်း စိုးရိမ်မှုတော့ ရှိနိုင်တာပေါ့”ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအောင်းလက်နက်ကိုင် အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့သည်လည်း စက်တင်ဘာ ၉ ရက်နေ့က တစ်လတာ တစ်ဖက်သတ်အပစ်အခတ် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာထားသည်။ အောက်တိုဘာလ တွေ့ဆုံပွဲကို မည့်သည့်နေရာ၊ မည့်သည့်အချိန်တွင် တွေ့ဆုံမည်ကို သတ်မှတ်ထားခြင်း မရှိသေးကြောင်းလည်းသိရသည်။

မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရအဖွဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NPRC) တို့သည် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က မူဆယ်မြို့တွင် တစ်ကြိမ်၊ ကျိုင်းတုံမြို့တွင် သြဂုတ်လ ၃၁ ရက်နေ့တွင် တစ်ကြိမ်နှင့် စက်တင်ဘာ ၁၇ ရက်နေ့တွင် တစ်ကြိမ်တွေ့ဆုံခဲ့ကြသည်။
Salai

LEAVE A REPLY

Please enter your comment!
Please enter your name here