ယခုပြုလုပ်နေသည့် ကျောက်မျက်ပြပွဲတွင် စပေါ်ငွေနှင့် အခွန်စနစ်များ ပြောင်းလဲ

1291

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် ၂၀၁၇ နှစ်လယ် ကျောက်မျက်ရတနာပြပွဲတွင် စပေါ်ငွေနှင့်အခွန်စနစ် ပြောင်းလဲမှုများ ရှိနေကြောင်းသိရသည်။

ယခင်နှစ်က အာမခံငွေ ဒေါ်လာ ၅ သောင်း တင်ရုံဖြင့် မိမိကြိုက်နှစ်သက်ရာ ကျောက်မျက်အတွဲများကို အကန့်အသတ်မရှိ ၀ယ်ယူနိုင်သော်လည်း ယခုနှစ်တွင်မူ ထိုသို့ မဟုတ်တော့ဘဲ ၀ယ်ယူမည့် ကျောက်မျက်တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို စဘော်ငွေတင်ရမည်ဟု ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။

“အခုက ကိုယ်ဝယ်ချင်တဲ့ ကျောက်ရဲ့ ငါးရာခိုင်နှုန်းကို စပေါ်တင်ရမယ်။ သဘောက ငါးသန်းတင်ထားရင် သန်းတစ်ရာဖိုးဝယ်လို့ရမယ်။ အရင်တုန်းကတော့ ဒေါ်လာငါးသောင်းတင်ထားရင် ကြိုက်သလို ဆွဲလို့ရတယ်။ အခုကတော့ မရတော့ဘူး”ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ(၄)ဦးမြင့်ဟန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထို့အပြင် နိုင်ငံတော်သို့ပေးသွင်းရန် အခွန်စနစ်ကိုလည်း ကျောက်စိမ်းအရိုင်းအတွက် အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းအတွက် ၁၀ ရာခိုင်နှုန်း၊ ၀န်ဆောင်ခအနေဖြင့် ကျောက်မျက်ရတနာ အရိုင်းအတွက် ၃ ရာခိုင်နှုန်းနှင့် လက်ဝတ်ရတနာ အချောထည်များအတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်းအပြင် ၀န်ဆောင်ခကိုလည်း ၂ ရာခိုင်နှုန်းကို ပြောင်းလဲသတ်မှတ်ကာ ကောက်ခံခဲ့ကြောင်း သိရသည်။

“ဒီပွဲကတော့ အရင်နှစ်တွေကထက် ရောင်းအား ကောင်းမယ်ထင်တယ်။ အရင်ပွဲမှာတော့ ယူရို သန်း ၄၀၀ ကျော် ရောင်းခဲ့ရတယ်။ ဒီပွဲမှာတော့ အခုထက် ပိုမှန်းတယ်”ဟုလည်း ဦးမြင့်ဟန်က သုံးသပ်သည်။

ယခု ကျင်းပနေသည့် ကျောက်မျက်ရတနာပြပွဲတွင် ၀င်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ဒေါ်လာ ၁၀၀၊ ပြည်တွင်းရတနာကုန်သည်များလျှင် တစ်ဦးလျှင်ငွေကျပ်ခြောက်သောင်း၊ ဆိုင်ဝန်ထမ်းနှင့် ကျောက်မျက်အတွဲ ထိန်းသိမ်းသူများကို ငွေကျပ်သုံးသောင်း ကောက်ခံမှုများပြုလုပ်နေကြောင်း သိရသည်။

၂၀၁၇ နှစ်လည် ကျောက်မျက်ရတနာပြပွဲကို ယခုလ ၁၂ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိုပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၉၀ နှင့်၊ ကျောက်စိမ်းအတွဲပေါင်း ၆၆၈၅ တွဲကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့်ကျောက်မျက်ရတနာပြပွဲများတွင်လည်း ယခုပြပွဲနည်းတူ အာမခံ စပေါ်ငွေ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်ပြီး မ၀ယ်ယူသည့် ရတနာကုန်သည်များအား blacklist သတ်မှတ်သည့် စနစ်ကိုလည်း ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here