စစ်ရှောင်စခန်းများမှ ကလေးသူငယ်များ ကျောင်းပညာသင်ယူရန် အခက်တွေ့နေ

1526

ဒီဇင်ဘာ ၁၈

ငွေကြေးမလုံလောက်မှုကြောင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှ ကျောင်းနေအရွယ် ကလေးသူငယ်များအနေဖြင့် ပညာသင်ယူရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

“မြန်မာနိုင်ငံရဲ့ပညာရေးက ကျူရှင်မယူမဖြစ်ပေါ့နော်။ ကျူရှင်ယူရင်တော့ အားလုံးလိုက်နိုင်ပေမယ့်  မယူရင်စာမလိုက်နိုင်ဘူး။  ဒီက မိသားစုတွေက ငွေရေးကြေးရေး ခက်ခဲကြတော့ ကလေးတွေက ကျူရှင်မယူနိုင်ဘူး။ ဒီတော့ ကျောင်းမှာ ပညာသင်ရတာ အခက်တွေ့ရတယ်”ဟု ဇီးအွန်စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံက ပြောသည်။

စစ်ရှောင်စခန်းများမှ ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာသင်ကြားနိုင်ရန် ကူညီမှုများပေးသည့် အဖွဲ့အစည်းများအား ကြုံတွေ့နေရသည့် အခက်အခဲများ တင်ပြထားကြောင်း၊ အစိုးရအပြင်ပြင်ပ အဖွဲ့အစည်းများအနေဖြင့် စစ်ရှောင်ကျောင်းသားများအတွက် ဗလာစာအုပ်များ လှူဒါန်းကူညီကြလေ့ရှိကြောင်း စခန်းတာဝန်ခံများက ပြောသည်။

အဆိုပါ ငွေကြေးအခက်အခဲများကြောင့် စစ်ရှောင်စခန်းများမှ ကျောင်းသားအများစုသည် ကျောင်းထွက်ခဲ့ကြပြီး လုပ်ငန်းခွင်များသို့ ဝင်ရောက် လုပ်ကိုင်နေကြသည်ဟု သိရသည်။

ကျောင်းထွက်သွားကြသည့် စစ်ရှောင်ကျောင်းသားအများစုသည် နေ့စားအလုပ်များအပြင် တရုတ်နိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ကိုင်နေကြရကြောင်း ဝိုင်းမော်ရှိသာဂရစစ်ရှောင်စခန်းမှ တာဝန်ခံဦးသိန်းစိုးက ပြောသည်။

“သူတို့က လိုလိုလားလားနဲ့ ကျောင်းထွက်သွားပြီး အပြင်လုပ်ငန်းခွင်မှာ အလုပ်ထွက်လုပ်ကြတယ်။ တချို့က တရုတ်ကိုသွားပြီး အလုပ်လုပ်ကြတယ်။ သူတို့အတွက် တရုတ်ကိုသွားအလုပ်လုပ်တာက လှေဦးနဲ့ ကြမ်းပြင်လိုဖြစ်နေတာ။ တချို့ဆို နှစ်လ။သုံးလလောက်နေလိုက် ပြန်လာလိုက်နဲ့ အလုပ်သွားလုပ်ကြတယ်”ဟု ဦးသိန်းစိုးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ရှင်းပြသည်။

ထိုသို့ ငွေကြေးအခက်အခဲကြောင့် ကျောင်းထွက်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်သွားသည့် ကျောင်းသားများရှိသကဲ့သို့ လက်ရှိအချိန်ထိ ပညာသင်ယူနေကြသည့် စစ်ရှောင်ကျောင်းသားများလည်း ရှိသည်ဟု သိရသည်။

သို့သော် ထိုသို့ ပညာဆက်လက်သင်ယူနေသည့် စစ်ရှောင်ကျောင်းသားများကို ကျောင်းများတွင် ခွဲခြားဆက်ဆံနေကြသည်ဟု စစ်ရှောင်စခန်းများမှ ကျောင်းသားမိဘများက ပြောသည်။

“ကျောင်းတက်နိုင်တဲ့ ကလေးတွေကိုကျတော့ ကျောင်းမှာ ဆရာဆရာမတွေက ခွဲခြားဆက်ဆံကြတယ်။ ကျောင်းမှာတစ်ခုခုလုပ်လို့  ပိုက်ဆံကောက်ရင်လည်း စစ်ရှောင်ကလေးတွေထဆိုပြီး ပြောတာကြားဖူးပါတယ်”ဟု စစ်ရှောင်စခန်းမှ ကျောင်းသားမိဘတစ်ဦးဖြစ်သည် ဒေါ်ထုရော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထိုကိစ္စများနှင့် ပတ်သက်၍ ပြည်နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ စစ်ရှောင်ကျောင်းသား၊ ကျောင်းသူများနှင့်ပတ်သက်၍ ဆရာဆရာမများအနေဖြင့် တစ်စုံတရာခွဲခြားမှုမရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ဂရုစိုက်လုပ်ဆောင်ပေးနေသည့်အပြင် ထောက်ပံ့ပစ္စည်းများ ရရှိလာပါက စစ်ရှောင်ကျောင်းသားများအတွက် ထောက်ပံ့ပေးနေလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က ရှင်းပြသည်။

ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်များ တစ်ကျော့ပြန်ဖြစ်ပွားနေသည်မှာ ခုနှစ်နှစ်ခန့်ကြာမြင့်လာပြီဖြစ်ပြီး ထိုစစ်ပွဲများကြောင့် ဒေသခံပေါင်းများစွာက စစ်ရှောင်စခန်းများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆိုင်း(ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here