ကချင်ပါတီများပေါင်းစည်းရေး လော်ဝေါ်ပါတီ ပူးပေါင်းပါဝင်တော့မည်မဟုတ်

1257

ဒီဇင်ဘာ ၁၉

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNUDP)အနေဖြင့် ကချင်နိုင်ငံရေးပါတီ ၄ ပါတီပေါင်းစည်းရေးတွင် ပူးပေါင်းပါဝင်တော့မည်မဟုတ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP)၏ ဗဟိုကော်မတီအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် လော်ဝေါ်လူထုက ကချင်ပါတီများ ပေါင်းစည်းရေးတွင် ပါဝင်ရန် လက်မခံသည့်အတွက် သီးသန့်ပါတီအနေဖြင့်သာ ဆက်လက် ရပ်တည်သွားမည်ဟု LNUDP ပါတီ ဥက္ကဋ္ဌဦးလခမ်ဒေါင်ခမ်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မပေါင်းနိုင်တဲ့ အကြောင်းရင်းက လော်ဝေါ်ပါတီဆိုတာ တစ်ခုပဲရှိတယ်။ လူမျိုးတစ်မျိုး ဘာသာစကားတစ်ခုအနေနဲ့ ပြောဆိုပြီးမှ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ကချင် လေးပါတီက ပါတီတစ်ခုထဲ ပေါင်းစည်းပြီး လော်ဝေါ်ပါတီကို ဖျောက်ဖျက်ပစ်ဖို့ မလုပ်သင့်ဘူးလို့ ၀ိုင်းပြောကြတယ်”ဟု ဦးလခမ်ဒေါင်ခမ်းက ရှင်းပြသည်။

သို့သော် ၎င်းင်းတို့ လော်ဝေါ်ပါတီအနေဖြင့် ကချင်ပါတီ ၄ ပါတီ ပါဝင်ဖွဲ့စည်းထားသည့် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ(KPCC)တွင် ဆက်လက်ပါဝင်သွားမည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ ပါတီ ၄ ခုဖြစ်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ(KNC)၊ လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LUNDP)တို့ ပေါင်းစည်းရေးအတွက် လာမည့် ၂၀၁၈ ခုနှစ်ဇန်န၀ါရီလအတွင်း ဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပါတီများ ပေါင်းစည်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပါတီတစ်ပါတီတည်းအဖြစ် လုပ်ဆောင်ရာတွင် ပါဝင်နိုင်တော့မည်မဟုတ်သည့် အကြောင်းအရာများကို ပြောဆိုသွားမည်ဟု ဦးလခမ်ဒေါင်ခမ်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ကချင်ပါတီ လေးပါတီအား ပါတီတစ်ခုတည်း ဖြစ်မြောက်ရေးအတွက် ကချင်လူထုကလိုလားနေပြီး ထိုအတွက်လာမည့်ဆွေးနွေးပွဲတွင် ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ ဆွေးနွေးသွားမည်ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။

“ဇန်န၀ါရီလမှာ အားလုံးဆွေးနွေးပြီး အဖြူအမည်းသဲကွဲအောင်လုပ်သွားဖို့ ရှိပါတယ်။ အဲဒီမှာ ဘယ်ပါတီကတော့ ဘယ်လိုတွေ ပြင်ဆင်နေကြတယ်ဆိုတာကို တင်ပြပြီး အဖြေရရှိအောင် ကြိုးစားသွားမှာပါ။ ပေါင်းစည်းရေးကိုပဲ ဦးတည်သွားမယ်ဆိုပေမယ့် ဆွေးနွေးတဲ့အခါ ဘယ်လိုတွေ ကွဲလွဲမယ်ဆိုတာတော့ မသိသေးဘူး။ အခက်အခဲတွေလည်း ဖြေရှင်းလို့ ရနိုင်မယ်လို့ ယုံကြည်တယ်”ဟု  ဒေါက်တာတူးဂျာက ဆိုသည်။

ကချင်ပါတီများ ပေါင်းစည်းရေးအတွက် တွေ့ဆုံကြမည့်ဆွေးနွေးပွဲကို ဇန်န၀ါရီလအတွင်း ပြုလုပ်မည်ဟု သတ်မှတ်ထားသော်လည်း ရက်အတိအကျ သတ်မှတ်ရခြင်း မရှိသေးကြောင်း၊ လေးပါတီမှာအဖွဲ့ဝင်များ အားလပ်မည့် ရက်တွင်သာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လေးပါတီ ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ကချင်ပါတီ ၄ ပါတီအနေဖြင့် မူဝါဒနှင့် ပေါ်လစီပိုင်းဆိုင်ရာ ကိစ္စများမတူညီသည့်အတွက် ပေါင်းစည်းရေးတွင် ခက်ခဲနေသည်ဟု ကချင်အမျိုးသားကွန်ကရက်ပါတီ(KNC)မှ ဥက္ကဋ္ဌ Dr.M.Hkawn La က ပြောသည်။

ဒီပေါင်းစည်းရေးကလည်း မူဝါဒဆိုင်ရာတွေ မဆွေးနွေးရသေးဘူး။ ပေါင်းဖို့ချည်းပဲ တွန်းပြောနေတာ။ မူဝါဒဆိုင်ရာမှာ ညှိနှိုင်းဖို့လိုတယ်။ ပေါင်းလိုက်တဲ့အခါ ဗဟိုကော်မတီကို ပြန်ရွေးရမယ်။ ရွေးကောက်ပွဲနည်းကို ကျေကျေနပ်နပ် လက်ခံပါ့မလားဆိုတဲ့ အနေအထားလည်း ရှိတယ်။ ငါတို့ပဲ ဦးဆောင်သူလုပ်လာတာမို့ ငါတို့ပဲလုပ်မယ်ဆိုတဲ့ဟာကတော့ ဒီမိုကရက်တစ်နည်း မဟုတ်ဘူးပေါ့။ ဒီမိုကရက်တစ်နည်းကို လက်ခံမှ အဆင်ပြေလောက်တယ်။ အဲ့မှာတင် နည်းနည်းအငြင်းအခုံ ဖြစ်မယ်လို့ ယူဆတယ်”ဟု Dr.M.Hkawn La က ၎င်း၏အမြင်ကို ပြောသည်။

ကချင်ပါတီများအနေဖြင့် နည်းလမ်းပိုင်းအရ ပေါင်းစည်းရေးအား လက်ခံသော်လည်း မည်သည့်ပုံစံနှင့် ပေါင်းစည်းမည်ဆိုသည်ကို ညှိနှိုင်းအဖြေရှာသွားရမည်ဖြစ်ကြောင်း ဒေါက်တာတူးဂျာက အကြံပြုပြောသည်။

ကချင်ပါတီ တစ်ပါတီတည်းဖြစ်လာရေးအတွက် အကြီးမားဆုံးသော အခက်အခဲမှာ ပေါ်လစီ၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်း စသည့်အချက်များဖြစ်ပြီး ထိုအချက်များသည် အဓိက အခက်အခဲများဖြစ်သည်ဟု ဒေါက်တာတူးဂျာက ဆိုသည်။

“ဖွဲ့စည်းပုံတွေ၊ စည်းမျဉ်းစည်းကမ်းတွေ အခုက ပါတီအသစ်လုပ်မယ်ဆိုတော့ လိုဂိုအသစ်၊ ပါတီနာမည်အသစ် ရွေးကြရမယ်။ အဲဒါလည်း တစ်ပါတီနဲ့ တစ်ပါတီသဘောထား ကွဲလွဲနိုင်တယ်။ ဒါတွေကိုလည် အားလုံးညှိနှိုင်းကြရမယ်။ ဒါတွေက စိန်ခေါ်မှုတွေပေါ့။ ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမယ်”ဟု ဒေါက်တာတူးဂျာက မြစ်ကြီးနားဂျာနယ်သို့ ပြောသည်။

ကချင်ဒီမိုကရက်တစ်ပါတီ အနေဖြင့် ၂၀၁၄ ခုနှစ်ကတည်းကစတင်၍ ကချင်ပါတီများ ပေါင်းစည်းရေးအတွက် အဆင်သင့် ဖြစ်နေကြောင်း၊ ကျန်ပါတီများ အနေဖြင့်လည်းပါတီများ ပေါင်းစည်းရေး အတွက် လိုလားမည်ဖြစ်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP)မှ ဥက္ကဋ္ဌဦးအောင်ခမ်းက ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီအတွင်းကချင်ပါတီများ ပေါင်းစည်းနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကချင်ပြည်နယ်တွင် ပါတီ ၄ ပါတီ ရှိသည့်အနက် ၂ ပါတီခန့်မှာ ပေါင်းစည်းသွားရန် ရာခိုင်နှုန်းပိုများကြောင်း ဦးအောင်ခမ်းက ဆိုသည်။

“ဇန်န၀ါရီလမှာ လုပ်မယ့် ပါတီတွေ တွေ့ဆုံမှုကြောင့် ပေါင်းစည်းလာနိုင်မယ်လို့ မျှော်လင့်တယ်။ အနည်းဆုံးတော့ နှစ်ပါတီလောက် ပေါင်းလာမယ်လို့ ထင်တယ်။ ကချင်ပြည်သူလူထုကို ဦးဆောင်နိုင်မယ့် ပါတီတစ်ခုထွက်လာမယ်လို့လည်း မျှော်လင့်တယ်။ ကျန်တဲ့ ပါတီတွေအနေနဲ့လည်း အခုလောလောဆယ် မပေါင်းစည်းနိုင်ရင်တောင်မှ နောင်တစ်ချိန်မှာ ပေါင်းစည်းဖို့ ပါဝင်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးအောင်ခမ်းကဆိုသည်။

ထိုသို့ ကချင်ပါတီများပေါင်းစည်းရေးတွင် အခြားပါတီများဖြစ်သည့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် မကြာခင်ကပေါ်ထွက်လာသည့် NDF ပါတီဥက္ကဋ္ဌဟောင်း ဒေါ်ဘောက်ဂျာနှင့် KNC ပါတီအတွင်းရေးမှူးဟောင်း ဦးစီစီနော်ဂျာတို့  ဦးဆောင် တည်ထောင်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ စသည့် ၃ ပါတီ ကိုလည်းပေါင်းစည်းရေးတွင် ထည့်သွင်းပါဝင်စေလိုကြောင်း ကချင်အမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ Dr.M. Hkawn Laက ပြောသည်။

“ဟိုဘက်က ၃ ပါတီက သီးခြားကင်းလွတ်နေတယ်။ ကချင်လူထုကလည်း ဒီ ၃ ပါတီကို ဖိအားပေးဖို့လိုလိမ့်မယ်။ကျွန်တော့်အမြင်ပေါ့။ ဒီလို မဟုတ်ဘဲ ဒီလေးပါတီပဲ ပြောနေရင်တော့ နည်းနည်းခက်တယ်။ လေးပါတီပေါင်းဖို့ ကွက်ကွက်လေးပြောနေတာက လမ်းကြောင်းလေးများ မဆိုစလောက်လွှဲနေသလားလို့လေ”ဟု Dr.M.Hkawn La က ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီကာလတွင် ကချင်ပြည်နယ် အခြေစိုက်ပါတီများအနက် ပေါင်းစည်းနိုင်မည့် ပါတီများက ပေါင်းစည်းကာ ပြည်သူလူထုလိုလားသည်များကို လက်တွေ့ကျကျ လုပ်ဆောင်ရန် အရေးကြီးကြောင်း ဒေါက်တာတူးဂျာက ထပ်မံပြောသည်။

“လက်တွေ့ကျကျပြောမယ်ဆို ပေါင်းစည်းဖို့က အဓိကဖြစ်တယ်။ ဒါကြောင့် ၂၀၂၀မတိုင်မီ ပါတီပေါင်းစည်းရေးကို လုပ်ဆောင်သွားရမယ်။ အားလုံးမပေါင်းရင်တောင်မှ ပေါင်းနိုင်သလောက် ပေါင်းပြီးတော့ ကြိုးစားသွားရမယ်။ ဒီအတိုင်းသွားလို့ မဖြစ်တော့ဘူး။ အပြောင်းအလဲတော့ လုပ်ရမယ်။ လက်တွေ့ကျကျလုပ်ဆောင်ဖို့ လိုအပ်နေပြီ”ဟု ဒေါက်တာတူးဂျာက ပြောသည်။

ကချင်ပါတီ လေးပါတီဖြစ်သည့်  ကချင်ပြည်နယ် ဒီမိုကစီပါတီ(KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်အမျိုးသား ကွန်ကရက်ပါတီ (KNC)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ (LUNUDP)  တို့သည် နိုင်ငံရေးပါတီဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အတွက် KPCC ကို ၂၀၁၆ ခုနှစ် ဧပြီလမှ စတင်ကာ ဖွဲ့စည်းခဲ့ကြသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here