အာဏာရှင်တို့၏ အမွေ

1159

ဖားကန့်သို့ ပြည်နယ်အဆင့်ဝန်ကြီးလာမည်ဆို၍ ထိုဒေသတွင်ရောက်နေသော ယန္တရားများ အရေအတွက်ကို ဖုံးကွယ်ထားရန် ကြိုးစားမှုပြုခဲ့သည်ဟုဆိုခြင်းက လွန်ခဲ့သည့် အာဏာရှင်အစိုးရ လက်ထက်တုန်းကနှင့် အသွင်တူလှသည်။

ပြည်နယ်ဝန်ကြီးတစ်ဦး လာမည်ဆိုသဖြင့် ထိုဒေသမှ ယန္တရားများအရေအတွက်၏ သုံးပုံနှစ်ပုံကို လူမြင်ကွင်းတွင်မထားရန် ကြိုးပမ်းခဲ့သည်ဆိုခြင်းက ဒေသတွင်းတာဝန်ရှိသူများမှာ ဂရုစိုက်ရန်မလိုသူများ ဖြစ်ကြောင်း ပြသနေသလိုရှိပြီး ထိုသူများက ထိုယန္တရားများ အလွန်အကျွံရှိနေခြင်းကို အလိုတူသူများအဖြစ် အဓိပ္ပါယ်ထွက်နေသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သယံဇာတအလွန်အကျွံမတူးဖော်ရေးအတွက် ပြောဆိုနေကြသူများကို ပျက်ရယ်ပြုလိုက်ခြင်းလည်းဖြစ်သည်။ ထိုအပြုအမူများသည် တပ်မတော်အုပ်ချုပ်စဉ်က အောက်လက်ဝန်ထမ်းများ ပြုလုပ်ခဲ့သော အမူအကျင့်ဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် တပ်မတော်၏ ဖိအားပေးအုပ်ချုပ်မှုများဖြင့် နှစ်ပေါင်း ၆၀ ခန့် ဖြတ်သန်းခဲ့ကြရပြီး တပ်မတော်ခေါင်းဆောင်များနှင့် အဆင်ပြေလျှင် ဘာကိုမဆိုရနိုင်သည့်ခေတ်ကို ပြည်သူများတစ်သက်တာ မေ့လျော့ကြလိမ့်မည်မဟုတ်ပါ။

ထိုကာလက ၎င်းတို့၏ဒဏ်ကို လက်ပွန်းတတီးခံခဲ့ရသူများမှာ အစိုးရဝန်ထမ်းများဖြစ်ပြီး ရုံးတိုင်း၌ “တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်လုပ်”ဟူသည့် ဆိုင်းဘုတ်များချိတ်ခိုင်းကာ ရေဘူးပေါက်နေလို့ပါဟု ဆင်ခြေပေးခွင့်မရှိ၊ ရေပါအောင်ခပ်ကြရသည်။

ထိုသို့အာဏာဖြင့် အုပ်ချုပ်သူတို့ သက်ဆိုးရှည်ကြာလာသည့်အခါ ဝန်ထမ်းများမှာ ဒဏ်မခံနိုင်ခဲ့ကြပေ။ ၎င်းတို့ရှေ့တွင်တစ်မျိုး နောက်ကွယ်တွင် တစ်မျိုးပြုလုပ်လာကြသည်။ သူတို့ကို  ဒုက္ခပေးနိုင်လောက်သူများ၏ ရှေ့မှောက်တွင် ရိုသေမှုအတု၊ ကြောက်ရွံ့မှုအတုများဖြင့် မျက်နှာချင်းဆိုင်ကြသည်။ ဒါ့အပြင် နှစ်စဉ်အလှည့်ကျ တိုင်းခန်းလှည့်လည် အပူဇော်ခံသည့်အဘများ ကြွချီလာလျှင် လူကြီးလမ်းကြောင်းရှိတယ်ဟုဆိုပြီး တစ်နယ်လုံးကို ထုံးသုတ်၍ ယာယီသစ်လွင်မှုများဖြင့် ခရီးဦးကြိုပြုကာ တရားမဝင်ခွင့်ပြုထားသည့် လုပ်ငန်းများကို ပိတ်ထားခိုင်းခဲ့သည်။

တရားမဝင်လုပ်ငန်းဟုဆိုရာတွင် ဒေသအာဏာပိုင်များက လုပ်ပိုင်ခွင့်ကိုအသုံးချ၍ ဖမ်းဆီးခြင်းမျိုး မပြုလုပ်ရန် လာဘ်ငွေဖြင့်လဲလှယ်၍ ခွင့်ပြုထားသည့် လုပ်ငန်းများဖြစ်သည်။ ထိုလုပ်ငန်းများကို အထက်အဆင့်မှ ပုဂ္ဂိုလ်များတွေ့သွားလျှင် ဖမ်းဆီးမည်စိုး၍မဟုတ်ဘဲ မိမိတို့ရပိုင်ခွင့်များထဲမှ ပုံမှန်ဂါရဝပြုနေကျထက် ပိုပေးရမည်စိုး၍ အသိမခံလိုကြခြင်းလည်း ဖြစ်သည်။

ယခုအစိုးရလက်ထက်တွင်တော့ ဝန်ကြီးကိုဂါရဝပြုရမည်စိုး၍ ဟုတ်ဟန်မတူဘဲ ဖားကန့်တွင်ရှိသော ကျောက်စိမ်းနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်ရှိသည့်ဝန်ထမ်းများက ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဝန်ကြီးကို လိမ်လည်ရန် ကြိုးစားသည့်အဆင့် လောက်သာဖြစ်နိုင်သည်ဟု ယူဆပါသည်။ အရင်လူများလို ကြိုတင်အကြောင်းကြားပြီး ရှောင်ခိုင်းထားခြင်းတော့ မဖြစ်တန်ရာဟုလည်း ယူဆပါသည်။

ကုမ္ပဏီများဘက်က သတ်မှတ်ချက်နှင့်မကိုက်ညီဘဲ အသုံးပြုနေခြင်းကြောင့်သာ ထိုသို့ မရိုးသားသောလုပ်ရပ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ အစိုးရအနေဖြင့် ခြစားမှုကင်းသော စောင့်ကြည့်ကြပ်မတ်စစ်ဆေးသည့် သီးခြားစုပေါင်းအဖွဲ့များကို မည်သည့်အတွက်ကြောင့် ယခုတိုင် မထားရှိသေးသည်ကို  ကြယ်ငါးပွင့်ထက်မနည်းပြပြီး မေးသင့်သည့်မေးခွန်းကြီးတစ်ခုဖြစ်ပါသည်။

လက်ရှိအနေအထားတွင် ဖားကန့်၌ ယခင်ကထက်ပိုကြီးသော ဘက်ဟိုးများ၊ မြေစာတင်ကားများမှာ ယခင်ကထက်ပိုများလာပြီဖြစ်သလို ကျောက်ကိုလည်း မရပ်မနား တူးနေကြသည်ဖြစ်၍  ကမ္ဘာကျော်မြန်မာ့ကျောက်စိမ်းတွင်း၏အနာဂတ်က မကြာသောကာလတွင် မရှုမလှ ဇာတ်သိမ်းတော့မည့်အရေး တွေးပူမိပါသည်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here