၂၀၁၇

1115

လွန်ခဲ့သည့်ရက်ပေါင်း ၃၅၀ ကျော်တုန်းက ဟက်ပီးနယူးယားလို့ ကျွနု်ပ်တို့ အော်ဟစ်ကြိုဆိုခဲ့ကြသော ၂၀၁၇ ခုနှစ်ကြီးကမကြာသောကာလမှာ သမိုင်းထဲသို့ရောက်ရှိသွားတော့မည်။

၂၀၁၇ ခုနှစ်ကို လည်ပြန်ကြည့်လျှင် မြန်မာနိုင်ငံ၌ လျော့နည်းကျဆင်းလာသည့် အရာဟူ၍ မရှိသလောက်ရှားနေသေးသည်။

အထူးသဖြင့် တရားဥပဒေစိုးမိုးလုံခြုံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးစသည့် စသည့်ကဏ္ဍများတွင် ပြေလျော့သွားသည့်အရာဟူ၍ လက်ညှိုးထိုးပြစရာ မယ်မယ်မရှိလောက်အောင်ကို နည်းပါးနေသည်။

နယ်မြေ မငြိမ်းချမ်းခြင်းကို အခွင့်ကောင်းယူနေသည့် မြန်မာပြည်အနောက်ပိုင်းဒေသမှ မူးယစ်ဆေးဝါးပြဿနာများလို ကချင်ပြည်နယ်မှာလည်း အလားတူပြဿနာများထက်ပိုသည့် သယံဇာတအလွန်အကျွံ ထုတ်ယူသုံးစွဲမှု၊ မြစ်ဆုံရေကာတာရပ်ဆိုင်းရေး နယ်မြေလုံးခြုံရေးနှင့် သိန်းနှင့်ချီသော ဒုက္ခသည်တို့၏အလုပ်အကိုင်အခွင့်အလမ်းနှင့် နေထိုင်ရေးဆိုင်ရာပြဿနာများက ခါတိုင်းနှစ်များကထက် လျော့ကျလာသည်မရှိဘဲ တိုး၍လာနေသည်။

ကချင်ပြည်နယ်တွင် ၂၀၁၇ တစ်နှစ်လုံးဖြစ်ပွားသည့် လူသတ်/လုယက်မှုများက ခါတိုင်းနှစ်များက ထက် ပိုသာခဲ့သည်။ သုံးနှစ်တာကာလအတွင်း အများဆုံးဖြစ်သည်။ လုယက်ခံရမှုကို ရဲစခန်းမတိုင်ဘဲ လက်လျော့လိုက်သည့် လုယက်မှုများကလည်း ရဲစခန်းရောက်သည့် အမှုများထက် များကောင်းများနေပါ လိမ့်မည်။

တိုင်းပြည်ချမ်းသာမှ ပြည်သူချမ်းသာအောင် လုပ်ပေးနိုင်မည်ဆိုသည့် စကားလုံးများဝါဒဖြန့်၍ မြင်သမျှ တွေ့သမျှအခွန်လှိမ့်ပိတ်ကောက်ခံခြင်းကြောင့် ကုန်ဈေးနှုန်းက ထိန်းမနိုင်သိမ်းမရ၊ အကျဘက်သို့ ရောက်မလာတော့ချေ။ တက်ပြီးပစ္စည်းဈေးနှုန်းက ပြန်ကျရိုးထုံးစံမရှိသည်မှာ မည်သည့်အစိုးရအုပ်ချုပ် အုပ်ချုပ် ပုံသေဖြစ်နေသည်။

ကုန်လွန်ခဲ့သော သက်တမ်းနှင့်မတူသည့် နိုင်ငံ့ဘဏ္ဍာခွဲဝေသုံးစွဲမှုပုံစံဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်လျှော့ချ၍ ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်များ တိုးမြှင့်အောင် ဆောင်ရွက်နိုင့်ခဲ့ခြင်းက NLD အစိုးရ၏ ပထမဆုံးရေးဆွဲရသော ဘတ်ဂျက်အတွက် ရမှတ်အချို့ဖြစ်ခဲ့ပါသည်။

ဒီမိုကရေစီဆိုတာ ဂါထာစုတ်သလို “ဥုံဖွ”ရွတ်ပြီး နေ့ချင်းညချင်း ပြောင်းလဲသွားအောင် လုပ်နိုင်သည့်အရာ မဟုတ်မှန်း လူတိုင်းနားလည်လက်ခံပါသည်။ အစိုးရအနေနှင့် အချို့ကဏ္ဍများမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘဲ သမိုင်းကပေးခဲ့သည့် ပဋိပက္ခများ အရှုပ်ထုပ်များကိုဖြေရင်း နှစ်နှစ်တာကုန်လွန်ခဲ့ရသည်ဟု တွေ့မြင်ခဲ့ရပါသည်။ လက်တစ်ဖက်က သပွတ်အူကိုဖြေ၍ တစ်ဖက်က ရရှိထားသည့်အာဏာအနည်းငယ်ကို ပြန်အလုမခံရရန်ကာကွယ်နေရသော အရပ်သားအစိုးရ၏ စည်းရုံးရေးကစားကွက်များက ပြည်သူကိုရင်တမမဖြစ်စေပါသည်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှ အစပြုပြီး အမြဲအတွင်းဝန်ဆိုသူများ၊ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ချုပ်/မှူးအများစုက တချိန်က ြီူကို မျက်စိဒေါက်ထောက်ကြည့်ခဲ့သူများဖြစ်သဖြင့် ယခုလည်းမျက်လုံးခွာဦးများမဟုတ်သည်ကို သတိပြုမိပါသည်။

သို့သော် မဲဆွယ်ကာလက ပြောခဲ့သည့်စကားများကို ပြည်သူများက မမေ့ပျောက်သေးပါ။  အရပ်သားအစိုးရဟုဆိုသည်နှင့် ပြည်သူတို့၏ အားပေးယုံကြည်မှုက ရာနှုန်းပြည့် အထင်ကြီးထားနှင့်ပြီး ဖြစ်သဖြင့်  ပြည်နယ်အစိုးကြီးကလည်း အညောင်းမမိအောင်  သွေးပူလေ့ကျင့်ခန်းလေး ထလုပ်သင့်ပါပြီ။ တစ်နှစ်လုံးလုယက်ခံနေရသည့် ပြည်သူတို့၏ မျက်နှာများ ဆင်းရဲဒုက္ခရောက်နေသော စစ်ရှောင်များနှင့် အလုပ်အကိုင်မဲ့ပြည်သူတို့၏ မျက်နှာများကို တွန်းအားယူပြီး လာမည့်နှစ်သစ်ကူးကို တတ်နိုင်သမျှ အကောင်းဆုံးများဖြင့် ကြိုဆိုနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here