ရုပ်ရှင်အထူးဆုရပြီး ၂ နှစ် အကြာမှ ရုံတင်ပြသခွင့်ရတဲ့ မနောမြေမှ ကျေက်စိမ်းကမ္ဘာ

1585

ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်ရှိ သဘာ၀ အလှအပများနှင့် ကျောက်တူးသမားလေးများ၏ အကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး ၂၀၁၆ခုနှစ်တွင် မြန်မာ့ရုပ်ရှင်အထူးဆု ရရှိခဲ့သည့် မနောမြေမှ ကျောက်စိမ်းကမ္ဘာ ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ရုံတင်ပြသတော့မည် ဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ JZ ဒေါင်လွဏ်းမှ ပုံဖော်ရိုက်ကူးထားသော အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးသည် ၂၀၁၃ ခုနှစ်တွင် စတင်ရိုက်ကူးခဲ့သော်လည်း ရုံတင်စနစ် အခက်အခဲများကြောင့် ယခုနှစ်မှသာ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် ကချင်အနုပညာရှင်များနှင့်သာ ရိုက်ကူးထားသော ဇာတ်လမ်း ဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ရိုက်ကူးထားခြင်း မရှိသောကြောင့် တစ်နိုင်ငံလုံး ပြသနိုင်ရန် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း ဒါရိုက်တာ JZ ဒေါင်လွဏ်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ အကယ်ဒမီ ဝင်အောင်လို့ မြစ်ကြီးနားနဲ့လားရှိုးမှာ အရင်ပြလိုက်တယ်။ တကယ်ဆိုရင် အကယ်ဒမီ ရပြီးတဲ့နောက် ပြရမှာ ဟုတ်တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့အားလုံးက ကချင်တွေချည်းပဲ ဖြစ်နေတဲ့အခါကျတော့၊ နာမည်ကြီးသရုပ်ဆောင်တွေလည်း ဘယ်သူမှ မပါဘူးဆိုတော့ ဒီအတိုင်းထားထားပေးတာပေါ့။ ဒီ ၂၀၁၉ မှာမှ တစ်နိုင်ငံလုံး အတိုင်းအတာထိ ပြသနိုင်ခဲ့တာပါ”ဟု ဒေါင်လွဏ်းက ပြောသည်။

ပြည်တွင်းစစ် ဖြစ်ပွားနေချိန်နှင့် အခက်အခဲ အမျိုးမျိုးကြားမှ ရိုက်ကူးခဲ့သော မနောမြေမှ ကျောက်စိမ်းကမ္ဘာ ဇာတ်ကားကြီးသည် ၂၀၁၆ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်အထူးဆုကို ရရှိခဲ့ပြီးနောက် ယခုနှစ် ၂၀၁၉တွင် တစ်နိုင်ငံလုံး အတိုင်းအတာအထိ ရုံတင်ပြသခွင့်ရပြီ ဖြစ်သောကြောင့် ဝမ်းသာမိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“၂၀၁၃ မှာဆိုရင် စစ်က အရမ်းဖြစ်နေတော့ အဲ့ဒီလိုကြားထဲကနေ ရိုက်ကူးခဲ့ရတယ်။ ပြီးတော့ အဲ့အချိန်တုန်းကဆိုရင် ကျောက်စိမ်းဆိုရင် လက်နဲ့ပဲတူးရတယ်။ ကျွန်တော်တို့အနေနဲ့ ချောက်ကမ်းပါး တွေမှာလည်း ရိုက်ခဲ့ရတယ်။ အခုလို တစ်နိုင်ငံလုံး အတိုင်းအတာထိ ပြနိုင်တော့မှာဆိုတော့ အရမ်းလည်း ပျော်တယ်။ စိတ်လည်း ချမ်းသာတယ်”ဟု ၎င်းက ဆိုသည်။

၎င်း ရုပ်ရှင်ဇာတ်ကားကြီးတွင် ကချင်နာမည်ကြီး သရုပ်ဆောင်များဖြစ်သော JZ ဒေါင်လွဏ်း၊ မရန်ဆိုင်းနော်၊ Gတိန့်ဆောင်၊ စောမ်စောမ်ပန်၊ အမ်ဂျာအောင်၊ ဂျာဆိုင်းအိန်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မြစ်ကြီးနား၊ လားရှိုးမြို့တွင် ပြသပြီးခဲ့ပြီဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ အပါအဝင် မြို့နယ်အသီးသီးတွင် ပြသတော့မည် ဖြစ်ကြောင်းသိရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here