လမ်းလွဲနေသော ငြိမ်းချမ်းရေးခရီးလမ်း

1257

အရပ်သားအစိုးရသက်တမ်း ၂ နှစ် ပြည့်ရန် တစ်လကျော်အလိုထိ ၎င်းင်းတို့ပါတီက အန္တိမရည်မှန်းချက်အဖြစ် သန္နိဋ္ဌာန်ချထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ခရီးကို ထိခိုက်စေသော ဖြစ်စဉ်များက အရှိန်မလျော့သေးပေ။

ဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်းကို သွားချင်နေသော တိုင်းရင်းသားများနှင့် ဖက်ဒရယ်စနစ်က တိုင်းပြည်ပြိုကွဲရေးဆီသွားသည့် ကနဦးခြေလှမ်းဟုရှုမြင်သော မြန်မာ့တပ်မတော်တို့၏ ဆန့်ကျင်ဘက်အမြင် နှစ်ခုကြား ဆယ်စုနှစ်များစွာဆက်လက်အားကောင်းနေသော ပဋိပက္ခများ အဆုံးသတ်ဖို့ အရပ်သား အစိုးရ၏ကြိုးပမ်းမှုများကလည်း အရာမထင်သေးပါ။

ကချင်ပြည်နယ်ရှိ ရွှေမှော်၊ ပယင်းမှော်များတည်ရှိရာဒေသတွေမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများက ဖက်ဒရယ်ကို မူတည်သလား၊ ဖက်ဒရယ်ကို ကာကွယ်သလားဆိုသည်ကို ကာယကံရှင်များတွင် အဖြေရှိကောင်းရှိမည်ဖြစ်သော်လည်း လူထု၏စိတ်ဝယ် စားကျက်လုနေသည်ဟု ထင်လာဖွယ်ရှိပြီး ငြိမ်းချမ်းရေးခရီးကို အယုံအကြည်ကင်းမဲ့လာနေပြီဖြစ်သည်။

နှစ်ဘက်တပ်များက ငြိမ်းချမ်းရေးလိုချင်ကြောင်း တွင်တွင်ပြောကြသော်လည်း ထိုပြောကြားချက်များက စာလုံးများအဖြစ်က တက်မလာသလို လက်တွေ့တွင် နိုင်ငံရေးအရ အပြုသဘောဆောင်သော ထိပ်တိုက်တွေ့ဆုံမှုမရှိခြင်းက ပြည်သူတို့၏ ထင်မြင်ယူဆချက်များကို အားကောင်းစေပါသည်။

ယခင်ကာလများက ထိုအဖွဲ့များရင်ကြားစေ့ရေး၊ လူမျိုးစုပြဿနာများပြေလည်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာများပြေလည်ရေးတို့အတွက် အစိုးရအစဉ်အဆက်က ပြေလည်အောင်မဖြေရှင်းနိုင်ခဲ့သော်လည်း နည်းလမ်းပေါင်းစုံသုံးကာ ချဉ်းကပ်ခဲ့ကြသည်။

ထိုသို့ အကြိမ်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာပြီး မအောင်မြင်ခဲ့သောချဉ်းကပ်မှုပေါင်းစုံက နောက်ထပ်ဖြေရှင်းမှုနည်းလမ်းအသစ်များကို တောင်းဆိုနေခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး၊ လက်နက်စွန့်ပြီး ပါတီထူထောင်၊ လွှတ်တော်ထဲဝင်၊ နိုင်ငံရေးအရဆွေးနွေးဆိုသည့် လမ်းကြောင်းပေါ် တင်ချင်နေသော တပ်မတော်နှင့် ဃြဗ လက်မှတ် မရေးထိုးမီ နိုင်ငံရေးဆွေးနွေး၊ ငြိမ်းချမ်းရေး ညှိနှိုင်း၊ ငြိမ်းချမ်းတဲ့နောက် ဖက်ဒရယ်စနစ်ကို ပြင်ဆင်ဆိုသည့် လမ်းကြောင်းမှ မသွေဖည်လိုသော တိုင်းရင်းသား လက်နက်ကိုင်တို့၏ နှစ်ဘက်တင်းမာမှုများကို အချိန်တိုအတွင်းမှာ ရပ်တန့်သွားအောင် ဆောင်ရွက်ဖို့က လွယ်ကူမည်တော့မဟုတ်ပါ။ လူမျိုးစုအလွန်များသော မြန်မာနိုင်ငံ၏ လူမျိုးစုပြဿနာက လွယ်လွယ်နှင့်အဆုံးသတ်နိုင်မည်တော့မဟုတ် သေးပါ။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားဖြည့်ကူညီရန် ရောက်ရှိနေ သည်ဆိုသော နိုင်ငံတကာမှအဖွဲ့များလည်း မြန်မာနိုင်ငံမှ တိုင်းရင်းသားများအကြားဖြစ်ပွားနေသော ပြဿနာများကို အတွင်းကျကျ သိမှုနည်းနေသေးသည်ဟု ယူဆဖွယ်ရှိသဖြင့် ၎င်းင်းတို့ဖြေရှင်း၍ အောင်မြင်မှုရခဲ့သော နိုင်ငံအချို့မှရရှိခဲ့သည့် နည်းများကလည်း မြန်မာနိုင်ငံအတွက် အသုံးတည့်လှမည်ဟု မထင်။

လတ်တလောကာလတွင်တော့ ဖြစ်ပွါးနေသော တိုက်ပွဲ များရပ်တန့်ရေးသည် ကချင်ပြည်နယ်သူပြည်နယ်သားတို့အတွက် အထူးသဖြင့် ဆွမ်ပရာဘွမ်၊ ပူတာအိုဒေသနေပြည်သူများအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေသည့်အရာဖြစ်သည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေဦးမည်ဆိုပါက ငြိမ်းချမ်းရေးခရီးလမ်းသည် လွဲချော်ကာ ရည်မှန်းရာပန်းတိုင်သို့ မရောက်ဘဲ နဂိုဆယ်စုနှစ်များထံ ပြန်လှည့်မည့်အရေး တွေးပူ မိပါသည်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here