အဂတိလိုက်စားမှုဥပဒေသစ်နှင့် ပြည်သူ့အခွင့်အရေး

1140

မြန်မာပြည်ဝန်ထမ်းနဲ့ မှောင်ခိုသမားတွေကြား လောကမှာ ဆိုရိုးစကားတစ်ခုရှိတယ်။ “ပေါင်းစားရင် အသံမမြည်ဘူး၊ ကြော်စားရင် အသံမြည်တယ်”တဲ့။ ဆိုလိုတဲ့အဓိပ္ပါယ်က အတူတူဝေစားမျှစားလုပ်ရင် အများမသိအောင် ဝိုင်းဝန်းဖုံးဖိထားကြပြီး တစ်ဦးတစ်ယောက်တည်းက သို့မဟုတ် လူနည်းစုက ကျန်တဲ့လူတွေကို မပေးဘဲ တိတ်တဆိတ်ယူလိုက်တာမျိုးဆိုရင် မရတဲ့သူတွေက မကျေမနပ်ဖြစ်ပြီး ဟိုပြောဒီပြော လိုက်ပြောတာကိုဆိုလိုတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာလည်း အခုတလော ဘယ်သူက ဘယ်လိုကြော်စား(ကျော်စား)လိုက်တယ် မသိဘူး၊ လုပ်ပိုင်ခွင့်ရှိတဲ့အကြီးအကဲပိုင်းထဲကနှစ်ယောက် ခြစားတယ်ဆိုတဲ့အသံတွေ ထွက်လို့လာပါတယ်။ တကယ်တော့ စားနေတာက နှစ်ယောက်တည်းမကသလို အခုမှစစားကြတာလည်း မဟုတ်ပါဘူး။ ထွက်လာတဲ့အသံက အစိုးရဘတ်ဂျက်နဲ့ အလုပ်ကိစ္စတစ်ခုခုကို လုပ်ခွင့်ရအောင် လျှောက်ထားတဲ့သူတွေအနေနဲ့ လုပ်ခွင့်ကျရင် အဲဒီအကြီးအကဲတွေကို ကဏ္ဍအလိုက် ရှစ်ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်းဆိုပြီး အသီးသီးပေးကြရတယ်ဆိုတဲ့အသံပါ။

လာဘ်ပေးလာဘ်ယူကိစ္စဆိုတာ ပေးသူနဲ့ယူသူ နှစ်ကိုယ်ကြားဆောင်ရွက်တဲ့ကိစ္စဖြစ်လေတော့ ဒီသတင်း မှန်၏မမှန်၏ ပြောဖို့ခက်ပါတယ်။ သို့သော်လည်း အသံထွက်လာတယ်ဆိုကတည်းက စိတ်မကောင်းစရာပါ။ ဘီလီယံ(သိန်းပေါင်း ၁၀၀၀၀)နဲ့ချီပြီး ချပေးတဲ့ငွေထဲက ရှစ်ရာခိုင်နှုန်းပဲဖြစ်ဖြစ်၊ တစ်ရာခိုင်နှုန်းပဲဖြစ်ဖြစ် ပြည်သူ့ပိုက်ဆံတွေဖြစ်နေလို့ ပြည်သူ့ပိုက်ဆံထဲက တစ်ကျပ်ယူရင်လည်း လာဘ်စားတာပါပဲ။

အဂတိလိုက်စားမှုဆိုတာ အများပြည်သူအကျိုးကို ဆောင်ရွက်ဖို့ ပေးအပ်ထားတဲ့ အာဏာနှင့်လုပ်ပိုင်ခွင့်ကို ပုဂ္ဂလိကကိုယ်ကျိုးစီးပွားအတွက် အသုံးပြုတာအပြင် ခြိမ်းခြောက်ငွေညှစ်တာ၊ လိမ်လည်တာ၊ အလွဲသုံးစားလုပ်တာ၊ ဖော်လံဖားပြီး အကျိုးစီးပွားရှာတာ၊ ပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ်သုံးစွဲတာနှင့် သြဇာကိုသုံးပြီး အလွဲသုံးစားလုပ်တာတွေပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်လို့ ၂၀၁၃ မှာ ပုဒ်မ ၇၃ ခုပါတဲ့ ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင်သက်တမ်း ၄ နှစ်ခွဲကျော် အတွင်းမှာ တိုင်စာပေါင်း ၇၀၀၀ ကျော်ရှိပေမယ့် တကယ်အရေးယူနိုင်ခဲ့တဲ့ အမှုက ၁၀၀ လောက်သာရှိပါတယ်။ တိကျတဲ့တိုင်စာတွေကိုသာ လက်ခံစဉ်းစားတဲ့ဥပဒေရဲ့အားနည်းချက်ကြောင့် ပယ်လိုက်တဲ့ တိုင်စာတွေလည်း အများအပြားပါဝင်ပါတယ်။

အရင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဟာ တိုင်ကြားသူရှိမှ ကော်မရှင်ကကိုင်တွယ်ရမယ် ဆိုတာတစ်ကြောင်း၊ မမှန်မကန်တိုင်တန်းရင် ထောင် ၅ နှစ်ချမယ်ဆိုတာတစ်ကြောင်းကြောင့် ထင်သလောက်မထိရောက်ခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၃ ရက်က ကော်မရှင်အသစ်ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပြီးနောက် ဇန်နဝါရီ လ ၁၉ ရက်မှာ စတုတ္တအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း”ကို အများပြည်သူ သိရှိ၊ လေ့လာ၊ အကြံပြုနိုင်ဖို့ဆိုပြီး အစိုးရကထုတ်ပြန်လိုက်ပါတယ်။

ပြင်ဆင်ဖို့ လျာထားတဲ့ ပုဒ်မ-၁၆(ဃ)အလိုအရ တိုင်ကြားချက် သို့မဟုတ် ရရှိသည့်သတင်းအရ လိုအပ်ရင် ကြိုတင်ထောက်လှမ်း စုံစမ်းစေခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပဏာမ စိစစ်ရေးအဖွဲ့တို့အား စုံစမ်းစစ်ဆေးစေပြီး တွေ့ရှိချက် အစီရင်ခံစာကို တင်ပြစေခြင်းဆိုတာပါဝင်လာသလို ပုဒ်မ ၁၇(ဈ)မှာ “အဂတိလိုက်စားမှုရှိကြောင်း ကျော်စောသတင်း တစ်ရပ်ရပ်ကို ကော်မရှင်သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်”ဆိုတာ ပါလာပါတယ်။

ပုံမှန်လစာဝင်ငွေပဲရှိတဲ့ နိုင်ငံ့ဝန်ထမ်း တစ်ယောက် သူရတဲ့ လစာနဲ့ မလျော်ညီတဲ့ ပိုင်ဆိုင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာရင် ကော်မရှင်က စပြီးထောက်လှမ်းစုံစမ်းနိုင်တော့မှာပါ။ အထက်က ထောင်ဒဏ် ငါးနှစ်ဆိုတဲ့ နေရာမှာလည်း ခြောက်လလို့ ပြစ်ဒဏ်လျော့ချ ပြင်ဆင်လိုက်တဲ့အတွက် ပြည်သူတွေ ရဲရဲဝံ့ဝံ့တိုင်နိုင်ကြတော့မှာပါ။ ဒါ့အပြင် ပုဒ်မ ၃၆(ခ)မှာလည်း ရုံးခွဲတွေ ဖွဲ့စည်းခွင့် ပေးထားတဲ့အတွက် ပြည်သူ့ဘဏ္ဍာကို လွယ် လင့်တကူ အိတ်ထဲထည့်နေတဲ့ ခြစားမှုတွေကို ပြည်သူတွေအနေနဲ့အလွယ်တကူတိုက်ဖျက်နိုင်တော့မယ်ဆိုတာ အယ်ဒီတာ့အာဘော်အဖြစ် ရေးသားတင်ပြလိုက်ရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here