ကချင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုတာ ဘာလဲ

1520

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစုပင်လုံညီလာခံအဖြစ် ကျင်းပခဲ့သည်မှာ နှစ်ကြိမ်ပင်ရှိခဲ့ပါပြီ။

ပထမအကြိမ် ပင်လုံညီလာခံကို ၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျင်းပပြီး ထိုနေ့တွင် တောင်တန်းဒေသခေါင်းဆောင်များနှင့် ပြည်မကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းတို့မှ တောင်တန်းဒေသနှင့် ပြည်မသဘောတူစာချုပ် (ပင်လုံစာချုပ်)ကို ချုပ်ဆိုခဲ့ပါသည်။

ပင်လုံစာချုပ်ကို ချုပ်ဆို၍လွတ်လပ်ရေးယူရန် ကချင်ခေါင်းဆောင်ဒူဝါကြီးများနှင့် တွေ့ဆုံသဘောတူမှုရရှိရန် ဗိုလ်ချုပ်အောင်ဆန်းအဖို့ အရေးကြီးလိုအပ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားသို့ ရောက်ရှိလာပါသည်။ဗိုလ်ချုပ်အောင်ဆန်းမှ ကချင်ခေါင်းဆောင်ဒူဝါကြီးများကိုလွတ်လပ်ရေးအတူယူဖို့ ညှိနှိုင်းပါသည်။ သို့သော် ကချင်ဒူဝါကြီးများက ဗိုလ်ချုပ်အောင်ဆန်း(ဗမာလူမျိုးများ)ကို အယုံအကြည်မရှိပါ။  အကြောင်းမှာ ဗမာလူမျိုးများမှာ ပညာတတ်များဖြစ်ကြောင်း၊ ဉာဏ်နီဉာဏ်နက်များသောလူမျိုး စသည့်အကြောင်းကြောင်းကြောင့် နောင်တစ်နေ့နေ့မှာ တောင်တန်းဒေသလူမျိုးများကို နည်းအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးပြကာ အနိုင်ယူဗိုလ်ကျနိုင်ကြောင်း၊ ဗမာလူမျိုးများမှ လူမျိုးကြီးဝါဒကျင့်နိုင်ကြောင်းသိမြင်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မေတ္တာရပ်ခံချက်ကို လက်မခံကြပါ။

ဗိုလ်ချုပ်အောင်ဆန်းမှ အနူးအညွတ်တောင်းပန်ကာ ယခုဗမာလူမျိုးများသည် ရှေးကဗမာလူမျိုးများ မဟုတ်တော့ကြောင်း၊ ထို့ကြောင့် လူမျိုးအားလုံးတန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရမည်။ “ဗမာတစ်ကျပ်ရမည်” ကချင်တစ်ကျပ်ဟူ၍ နှုတ်ကတိပြုခဲ့ပါသည်။ ဒူဝါကြီးများမှ တကယ်လား၊ သေချာသလားလို့ မေးပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအမှန်တကယ်ပေးမည်၊ အစစ်အမှန်ရမည်ဖြစ်ကြောင်း အာမခံခဲ့သည့်အတွက် ကချင်ခေါင်းဆောင်ဒူဝါကြီးများသဘောတူခဲ့၍သာ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ပြီး လွတ်လပ်ရေးနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာကြောင်း မမေ့သင့်ပေ။

၂၁ ရာစု ပင်လုံညီလာခံပထမအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကားတွင် တိုင်းရင်းသားများ၏ လိုလားချက်များ၊ခံစားချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ပြောကြားခဲ့ပါသည်။ သို့သော် ယင်းညီလာခံနိဂုံးတွင် ဒေါ်အောင်ဆန်းစုကြည်မှ နောက်ကြောင်းပြန်မှု၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကြောင်း မြွက်ကြားခဲ့ပါသည်။

၂၁ ရာစု ဒုတိယပင်လုံညီလာခံမရောက်မီ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားသို့ရောက်ရှိခဲ့ပါသည်။ သူမက ၂၁ရာစု ပင်လုံညီလာခံကို ၁၉၄၇ခု၊ ပင်လုံစာချုပ်ကိုအခြေခံမှာ မဟုတ်ကြောင်း၊ အကြောင်းမှာ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် တိုင်းရင်းသားအားလုံးမပါလို့ ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှဤသို့ ပြောကြားခဲ့သည့်အတွက် ကချင်ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အံ့အားသင့်ခဲ့ကြသည်။ သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များကို လေးစားမှု၊ မြတ်နိုးမှုမရှိဘဲ ခေါင်းဆောင်များကို စော်ကားတာလား၊ ပင်လုံစာချုပ်ကို ဖောက်ဖျက်တာလား၊ စဉ်းစား၍မရသော အမှန်မှာ ၁၉၄၇ ခု ပင်လုံစာချုပ်ကို အခြေမခံ၊ လက်မခံဘူးဆိုရင် ဘာငြိမ်းချမ်းရေးမှမရရှိနိုင်ပေ။ ၁၉၄၇ ခု ပင်လုံစာချုပ်ကို အခြေမခံသောငြိမ်းချမ်းရေးမှာ အတုသာဖြစ်ကြောင်း တိုင်းရင်းသားများကယုံကြည်ကြသည်။

၁၉၄၇ ခု ပင်လုံစာချုပ်ကိုပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားတန်းတူရေး စိတ်ဓာတ်၊ တစ်နည်းအားဖြင့်ဆိုသော် တိုင်းရင်းသားများအားလုံး တန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တရားမျှတရေးကို အတိအကျ အာမခံထားကြောင်း တွေ့ရသည်။

၂၁ ရာစုဒုတိယပင်လုံညီလာခံမရောက်မီ ၆၉ ကြိမ်မြောက် ပြည်ထောင်စုအခမ်းအနားကို ရှမ်းပြည်နယ် ပင်လုံမြို့ လူငယ်စကားဝိုင်း၌ ဒေါ်အောင်ဆန်းစုကြည်က မိမိကိုယ်ကိုယုံကြည်စိတ်ချမှု(Self Confidence) ရှိရမည်ကို ပြောပါတယ်။

၂၁ ရာစု ဒုတိယပင်လုံညီလာခံအဖွင့်တွင် ဒေါ်အောင်ဆန်းစုကြည်က –

၁။ မြန်မာနိုင်ငံဟာ အမျိုးသားပြည်နယ်များဖြင့် ပေါင်းထားသော ပြည်ထောင်စုဖြစ်ကြောင်း၊

၂။ မိမိအနေဖြင့် ပေါ်ပင်အများကြိုက်သည့်နည်းရှာပြီး ဖိအားပေးမည်မဟုတ်ကြောင်း၊၃။ နိုင်ငံရေး အကျပ်ကိုင်မည်မဟုတ်ကြောင်း၊၄။ အားလုံးနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှိုင်းပြီး အားလုံးလက်ခံနိုင်သည့် သဘောတူညီချက်ကို ရယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အပြောနှင့်အလုပ်ညီဖို့လိုပါသည်။ ၁၉၄၇ ခု ပင်လုံစာချုပ်ကို ဖျက်ဆီးဖျောက်ဖျက်ခဲ့သည်မှာ စစ်အာဏာရှင်ဗိုလ်ချုပ်ဦးနေ၀င်းနှင့် နောက်လိုက်များဖြစ်သည်။ ပြည်ထောင်စုဝါဒကိုဖျက်ဆီးပြီး ဗမာလူမျိုးကြီးဝါဒဖြင့် ၁၉၇၄အခြေခံဥပဒေ ရေးဆွဲကာ ဗမာပြည်အစား တိုင်းဒေသကြီး ၇တိုင်းကို သတ်မှတ်ထည့်သွင်းထားပါသည်။ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဗမာလူမျိုးကြီးဝါဒဖြင့် ၁၉၄၇ ခု အခြေခံဥပဒေအတိုင်း ဗမာပြည်အစားတိုင်း ၇ တိုင်း ထည့်သွင်းထားပါသည်။

အမှန်မှာ တိုင်းဒေသကြီးမည်မျှပင် များပြားစေကာမူတားမြစ်ကန့်ကွက်ရန် မရှိပေ။ရှမ်းပြည်နယ်လည်း အလွန်ကျယ်ဝန်းပါသည်။ ရှမ်းပြည်နယ်ကိုလည်း တိုင်းအနည်းဆုံး၅ တိုင်းဒေသကြီးပေးသင့်ပါသည်။ အရေးအကြီးဆုံးမှာပြည်နယ်တွေမှာ တိုင်းဒေသဖွဲ့စည်းထားသော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ညီမျှဖို့ လိုပါသည်။ အမျိုးသားခေါင်းဆောင်ကြီးလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်ကြီး ဦးအောင်ဆန်း၏ရည်မှန်းချက်၊ ကတိက၀တ်ကို လိုက်နာရပါမည်။

အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ခေါင်းဆောင်များ၏ သဘောတူညီချက်၊ ပင်လုံစာချုပ်ကိုပယ်ဖျက်သေးသိမ်အောင် မလုပ်သင့်ပေ။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်၏လုပ်ဆောင်ချက်၊ ရည်မှန်းချက်ကို မိမိရရအကောင်အထည်ဖော်ရန် သမိုင်းပေးတာဝန်ရှိပါသည်။

ယနေ့ နိုင်ငံအ၀န်း မြို့တိုင်းမှာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူထားကြပါသည်။ သို့သော် ဗိုလ်ချုပ် အောင်ဆန်း၏ရည်မှန်းချက်နှင့်ကတိက၀တ်ကို အကောင်အထည်ဖော်မည့်အစား အကြောင်းအမျိုးမျိုးပြပြီး ဖျောက်ဖျက်မည်ဆိုပါက ဗိုလ်ချုပ်ကြေးရုပ်မှာ အချည်းနှီးသက်သက် ဖြစ်ပါလိမ့်မည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှ ကချင်ဒူဝါကြီးများကို အာမခံကတိက၀တ်ပြုထားသည့် ဗမာတစ်ကျပ်၊ကချင်တစ်ကျပ်ဟူသည့် စကား၏ အနက်အဓိပ္ပာယ်မှာ “အမျိုးသားတန်းတူရေး”နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဆိုလိုပါသည်။

ယနေ့ ၂၀၀၈ အခြေခံဥပဒေအရဆိုလျှင် ဗမာလူမျိုးဝါဒကျင့်သုံးနေပါသည်။ တိုင်းရင်းသားများကို ပြည်နယ်တစ်ခုစီဗမာကိုတစ်ပြည်နယ်ထားမည့်အစား ပြည်နယ် ၇ ခု ပေးထားပါသည်။ ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းရင်းသားများကို မျက်လှည့်ပြကာ တိုင်းဒေသကြီးအမည်ဖြင့် သတ်မှတ်ထားပါသည်။ တိုင်းဒေသကြီးဟု ခေါ်ဆိုသော်လည်း ပြည်နယ်နှင့်အတူတူဖြစ်နေပါသည်။ အကြောင်းမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်သို့စေလွှတ်သည့် ကိုယ်စားလှယ်များမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အရေအတွက်အတူတူပင်ဖြစ်ပါသည်။ ပြည်နယ် ၇ခုအတွက် ကိုယ်စားလှယ် ၈၄ဦး၊ တိုင်းဒေသကြီး ၇ ခုအတွက်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၄ ဦး ဖြစ်ပါသည်။

၁၉၇၄ ခု အခြေခံဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေအရဗမာလူမျိုးကြီးဝါဒ ကျင့်သုံးနေကြောင်း တွေ့ရပါသည်။ ဤအခြေခံဥပေဒများကို စစ်အာဏာရှင်အလိုကျ ရေးဆွဲထားသည်။ တိုင်းရင်းသားလူမျိုးများတွင် ဗမာလူမျိုးများ မပါဝင်ကြောင်း တွေ့ရသည်။ ဗမာလူမျိုးများသည် တိုင်းရင်းသားမဟုတ်သလော၊ ဗမာလူမျိုးများသည် တိုင်းရင်းသားမဟုတ်ပါက နိုင်ငံခြားသားလား၊ဗမာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားဖြစ်မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းအာမခံထားသည့် အမျိုးသားတန်းတူရေးဝါဒစနစ်ကို လက်ခံရမည့်တာဝန်ရှိပါသည်။ တိုင်းတစ်ပါးသားဖြစ်ပါက မြန်မာနိုင်ငံမှဖယ်သွားရမည်ဖြစ်ပါသည်။ တိုင်းရင်းသားစိတ်ဓာတ်မရှိသောလူမျိုး၊တိုင်းရင်းသားများကို ကျောသားရင်သား ခွဲခြားသောစိတ်ဓာတ်၊ လူမျိုးကြီးဝါဒကျင့်သုံးသောလူမျိုး၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော တိုင်းရင်းသားခေါင်းဆောင်များကို စော်ကားခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ ပြည်ထောင်စုကြီးကို ဖျက်လိုဖျက်ဆီးပြုခြင်းဖြစ်သည်။

ယခင်က စစ်အာဏာရှင်များသည် ပင်လုံစာချုပ်ကို ဖျက်ဆီးပစ်ပြီး သူတို့၏ အာဏာတည်မြဲရေးအတွက်သာလုပ်ဆောင်ခဲ့ကြသည်။ သူတို့အတွက်၊ ဗမာလူမျိုးများအတွက်သာ လုပ်ဆောင်ခဲ့ကြသည်။ ယခင်က စစ်အာဏာရှင်များသည် စာမတတ်၊ ပေမတတ်၊ ဉာဏ်အမြော်အမြင်မရှိသည့်လူမိုက်များသာ ဖြစ်ကြသည်။ သို့သော် ယနေ့ခေတ်စစ်ခေါင်းဆောင်များသည် စာတတ်၊ ပညာတတ်များ၊ ဉာဏ်အမြော်အမြင်ရှိသူများ၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသူများ အမျိုးသားတန်းတူရေး စိတ်ဓာတ်ရှိသူများ ဖြစ်ကြသည့်အတွက် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ သဘောတူချုပ်ဆိုထားသည့် ၁၉၄၇ ခု ပင်လုံစာချုပ်တွင်ပါရှိသော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ၀မ်းမြှောက်ဝမ်းသာ သဘောတူထောက်ခံမည်ဟု ယုံကြည်ပါသည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတိက၀တ်ပြုထားသည့် “ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်”ဆိုသည့်  အမျိုးသားတန်းတူရေးကို အားလုံးသဘောတူအကောင်အထည်ဖော်ရန် အရေးကြီးလိုအပ်ပါသည်။ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တိုင်းရင်းသားတိုင်း ရယူရန် လိုအပ်ပါသည်။တိုင်းရင်းသားတစ်မျိုး ဖြစ်သည့် ဗမာလူမျိုးများအနေဖြင့်ပြည်နယ်တစ်ခုယူရန် လိုအပ်ပါသည်။ လက်ရှိ အုပ်ချုပ်မှုစနစ်မှာ ဗမာလူမျိုးကြီးအုပ်ချုပ်မှုစနစ် ဖြစ်နေရာ တိုင်းရင်းသားများအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော အမျိုးသားတန်းတူအခွင့်အရေး (ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ် -ဗိုလ်ချုပ်အောင်ဆန်း၏ နှုတ်ကတိ)ရမှသာ ပြည်ထောင်စုမြန်မာနိုင်ငံကြီး တည်တံ့ခိုင်မြဲမည်ဖြစ်ပါသည်။

၁၉၄၇ ခု ပင်လုံစာချုပ်ကိုအကောင်အထည်ဖော်ရမည့်အစား အခြေမခံခြင်း၊ ဖျောက်ဖျက်ခြင်း၊ ဖျက်ဆီးပစ်ခြင်း၊ဗမာလူမျိုးကြီးဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဆိုပါက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးမှာ ဝေးသထက်ဝေးသွားပါလိမ့်မည်။ မြန်မာပြည်ကို ငြိမ်းချမ်းသာယာဝပြောအောင် မလုပ်ဆောင်နိုင်သူများသည်သမိုင်းတရားခံများ ဖြစ်သွားမည်ဖြစ်သည်။ သာယာဝပြောသော ပြည်ထောင်စုမြန်မာနိုင်ငံကို ဗမာလူမျိုးခေါင်းဆောင်များ မဆောင်ရွက်နိုင်ပါက“တောင်ပေါ်က ကချင်ကလေး”ကို တာဝန်ပေးလိုက်ပါ။ အလွန်ငြိမ်းချမ်းသာယာဝပြော တိုးတက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ပြပါမည်ဖြစ်ကြောင်း ဗမာခေါင်းဆောင်ကြီးများကို စိန်ခေါ်လိုက်ပါသည်။

ဒူဝါကြီး(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here