“လုပ်ကွက်တွေ၊ သစ်တောတွေယူသွားတာတဲ့ သူခိုးကိုမောင်းမထုတ်ပဲ ပြန်ရှစ်ခိုးနေတာရှိတယ်”

1835

ခေါင်လန်ဖူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဆာလီထွေနှင့်အင်တာဗျူး

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင်တည်ရှိပြီး ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ အဆိုပါ မြို့နယ်တွင် လူဦးရေ ၁၄၀၀၀ စွန်းစွန်းရှိသည့်အနက် ကချင်လူမျိုးဦးရေ ၁၄၀၀၀ ခန့်နေထိုင်ပြီး ချင်း၊ မွန်၊ ဗမာနှင့် ရှမ်းလူမျိုးများက အနည်းငယ်သာရှိသည်။ ထိုမြို့နယ်မှ ဒေသခံများအနေဖြင့် ရွှေ့ပြောင်းတောင်ယာကိုလုပ်ကိုင်ကြပြီး အရှေ့ဘက်နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော်လည်း ဆိုးရွားလွန်းသည့် လမ်းပန်းဆက်သွယ်ရေးကြောင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုမရှိသော ဒေသတစ်ခုဖြစ် ကာ မြန်မာနိုင်ငံ၏ ပစ်ပယ်ခံခြင်းထားရသလိုဖြစ်နေသည်။ ထို့ကြောင့် အဆိုပါဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေများ၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအပြင် ဒေသခံများ၏ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုများနှင့် အစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုမရှိသော ခေါင်လန်ဖူးဒေသအတွက် မည်သည့်အရာများကို လတ်တလောဖြေရှင်ပေးရန်လိုမည်လဲ ဆိုသည်များနှင့်ပတ်သက်၍ သုံးသပ်နိုင်စေရန် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ခေါင်လန်ဖူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဆာလီထွေအားယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး – ခေါင်လန်ဖူးလမ်းရဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေကို အရင်ဆုံးသိချင်ပါတယ်။

ဖြေ – တောတောင်ဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်။ ပူတာအိုကနေ တစ်ရက်ကားစီး ပြီဆိုရင် တံတားအထိပဲ စီးလို့ရမယ်။ အဲ့ဒီ တံတားကနေ ခေါင်လန်ဖူးရောက်ဖို့ဆိုရင် နှစ်ရက်လောက်က လမ်းလျှောက်ရတယ်။ ကျွန်မတို့သွားတုန်းက စက်တင်ဘာ မဲဆွယ်ကာလဆိုတော့ မိုးကလည်းများတယ်။ ဆိုင်ကယ်လည်း စီးလို့မရဘူး။ ဒီဒေသမှာ ကုန်စည်စီးဆင်းမှုမရှိဘူး။ လူကပဲ ထမ်းရတယ်။ မြင်းတွေ၊ လားတွေနဲ့ ထမ်းရတယ်။ လမ်းက ခဏခဏ မြေပြိုတယ်။ မြေပြိုတော့ လမ်းပိတ်သွားပြီ။ မြေပြိုတာကိုဖြိုဖို့ ဖောတွေ အလွယ်တကူမရှိတော့ လမ်းကသုံးရက်၊ တစ်ပတ် ပိတ်နေတာတွေ ရှိတယ်။ လမ်းလျှောက်ရင်းနဲ့တောင် အရမ်းသ တိထားရတယ်။ ဒါက ခေါင်းလန်ဖူးရဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေပါပဲ။

မေး – ဟုတ်ကဲ့။ တော်တော်ခက်ခက်ခဲခဲ သွားခဲ့ရတာပါပဲ။ ခေါင်လန်ဖူးရောက်တော့ ဒေသခံတွေရဲ့ အခြေအနေကို ဘယ်လိုမြင်တွေ့ခဲ့ရလဲ။

ဖြေ – ခေါင်လန်ဖူးက ပြောမယ်ဆိုရင် တစ်နိုင်ငံလုံးမှာ အဆင်းရဲဆုံးမြို့နယ်မှာ ပါတယ်။ သူတို့မှာ အခြေခံလိုအပ်ချက်တွေတောင်မရှိဘူး။ အခြေခံအခွင့်အရေးတွေတောင် မရတာတွေ ရှိတယ်။ ၂၄နာရီ ရှိတဲ့အထဲ မှာ သူတို့က အိပ်တဲ့ အချိန်ပဲ နားရတယ်။ တစ်နေကုန် အလုပ်လုပ်ရတယ်။ ဒါတောင် စားဖို့၊ သောက်ဖို့ အရမ်းခက် ခဲတယ်။ အများပိုင်းတော့ တောင်ယာလုပ်တဲ့ သူတွေများတယ်။ ဒီမှာ ပြောင်းဖူးမိတ်တစ်ထုပ် ၂၈ဝဝဆိုရင် ခေါင် လန်ဖူးမှာက ၅၀၀၀၊ ၈ဝဝဝလောက် ရှိတယ်။ ပိုဝေးတဲ့ ရွာဘက်ဆို ၁ဝဝဝဝလောက်ရှိတယ်။ ကုန်စျေးနှုန်းမြင့်တဲ့ အတိုင်း ဝင်ငွေရှိလားဆိုတော့လည်း မရှိကြဘူး။ ဆိုတော့ အရမ်းခက်ခဲကြတယ်။ စားဝတ်နေရေး ခက်ခဲမှုတွေ အများကြီးရှိတာ တွေ့ခဲ့ရတယ်။

မေး – ဖွံဖြိုးမှုမရှိတဲ့ဒေသဆိုတော့ ကျန်းမာရေးနဲ့ ပညာရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ – ပညာရေး၊ ကျန်းမာရေးဆိုရင်လည်း တစ်နိုင်ငံလုံးမှာ အနောက်ကျဆုံးနေရာလည်း ဟုတ်တယ်။ ကျန်းမာရေးပိုင်းဆိုရင် အမျိုးသမီးတွေ အများပိုင်း ကျန်းမာရေး စောင့်ရှောက်မှုတွေ မရကြဘူး။ အမျိုးသမီးတွေ အချိန်မတန်ခင် မီးဖွားရင်းနဲ့ သေဆုံးတာတွေ ရှိတယ်။ ကာကွယ်ဆေးပေးတဲ့ ဆေးပေးခန်းတွေ မရှိဘူး။ ခေါင်လန်ဖူးမြို့မှာ ရှိမယ်။ နည်းနည်းကြီးတဲ့ရွာ နှစ်ရွာ၊ သုံးရွာလောက်မှာ ရှိမယ်။ ကျေးရွာအုပ်စုက ၂၇ အုပ်စု ရှိပေမယ့် အုပ်စုတိုင်း ဆေးပေးခန်းတွေ မရှိဘူး။ ရွာပေါင်းကတော့ ၁၀၀ကျော် ရှိတယ်။ ခန့်မှန်းချေ ရွာပေါင်း ၁၀၀ကျော်မှာဆယ်ရွာကျော်ကျော်လောက်ပဲ ဆေးပေးခန်းက ရှိမယ်။ဒါတောင် ဆေးပြတ်လတ်တာတို့၊ နပ်စ်မတွေ မရှိတာတို့လည်း ရှိတယ်။ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ပြီး ကာကွာဆေးထိုးမယ်ဆိုရင် ဗိုက်ကြီးကြီးနဲ့ တောတောင်တွေကို ဖြတ်ပြီး ငါးမိုင် ခြောက်မိုင်ခရီးကို လမ်းလျှောက်လာရတယ်။ သူတို့ရဲ့ လမ်းကလည်း အရမ်းကြမ်းတယ်။ သားဆက်ခြားတာတွေလည်း မရှိတော့ တစ်နှစ်ကျော်ဆို ကလေးတစ်ယောက်ပြန်ရပြီ။ ၁၆ နှစ်နဲ့ အိမ်ထောင်ပြုတဲ့ သူတွေလည်း အများကြီး ရှိတယ်။ ဆိုတော့ အမျိုးသမီးတွေအနေနဲ့ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးတဲ့ သူတွေလည်း များတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းနေအရွယ် ကလေးတွေ ၅ဝရာခိုင်နှုန်းပဲ ကျောင်းနေရတယ်။ မူကြိုကျောင်းဆို မရှိသလောက်ဘဲ။ ရှားတယ်။ ကလေးတွေ ပညာသင်ကြားမှု အပိုင်းမှာ နောက်ကျကျန်ခဲ့တာတွေ ရှိတယ်။ တချို့ဆို ခုနစ်တန်း၊ ရှစ်တန်းနဲ့ပဲ ကျောင်းနားသွားတာတွေ အများကြီး ရှိတယ်။ သူတို့ အဓိက စားဝတ်နေရေးအတွက် အလုပ်လုပ်ရတဲ့ အချိန်ရောက်လာပြီးဆိုတော့ ကျောင်းထွက်တယ်။ လားတွေ၊ မြင်းတွေ မောင်းတယ်။ တောမှာ သစ်ဥ၊ သစ်ဖုတွေ ရှာတယ်။ တောမှာ ပေါက်တဲ့ ဆေးမြစ်တွေရှာပြီး ရောင်း၊ ဝယ်လုပ်တယ်။ ဆိုတော့ ကလေးတွေက စာသင်ကြားရမယ့် အရွယ်မှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ နေရတာတွေ ရှိတယ်။

မေး – ဒေသခံတွေရဲ့ ဘယ်လို့ ရိုးရာဓလေ့စရိုက်က ဘယ်လိုရှိလဲ။

ဖြေ – ရိုးရာဓလေ့စရိုက်က အဲ့ဒီဖက်က အဓိက လီဆူ နဲ့ရဝမ်ပဲရှိတယ်။ သူတို့ကတော့ ဖော်ရွေတယ်။ နားယောင်လွယ်တယ်။ သူတို့ရဲ့ တွေးခေါ်မှုကို မျက်လုံးပိတ်၊ နားပိတ်ပြီးတော့ ထားလာတာများတဲ့အချိန်ကျတော့ သူတို့သည် လွတ်လွတ်လပ်လပ် ဆုံးဖြတ်မှုနဲ့ တွေးခေါ်မှုတွေ အရမ်းနောက်ကျနေသေးတာရှိတယ်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ရိုးရာဓလေ့စရိုက်ကတော့ ယောက်ျားတွေလွမ်းမိုးမှုရှိတယ်။ ရိုးရာလို့ပြော လို့ရတာပေါ့နော်။ ဒီအမျိုးသမီးတွေနိုင်ငံရေးမှာမပါဝင်ရင် ၊ မပါဝင်နိုင်အောင်လုပ်တာတို့ အမျိုးသမီးတွေကိုဆိုရင် ခွဲခြားဆက်ဆံတာ အများကြီးရှိနေသေးတယ်။ ဒါတွေကိုလည်း တစ်ဖြည်းဖြည်းပြင်ယူရမယ်။ ချစ်စရာကောင်းတဲ့ သူတို့ရဲ့ ရိုးရာဓလေ့ကကျတော့ အရမ်းဖော်ရွေတယ်။ အရမ်းလည်း ရိုးသားကြတယ်။  ပစ္စည်းဘာပဲကျခဲ့ကျခဲ့  ဒီပစ္စည်းတွေ ပျောက်သွားစရာအကြောင်း မရှိဘူး။ အဲ့ဒီနေရာမှာပဲ ပြန်တွေ့နိုင်တယ်။ အဲ့ဒီလောက်ထိကို သူတို့ရိုး သားကြပါတယ်။

မေး – ခေါင်လန်ဖူးပြည်သူတွေ နိုင်ငံရေးအပေါ်  ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိလဲ။

ဖြေ – နိုင်ငံရေးကိုတော့ သူတို့က စိတ်ဝင်စားကြတယ်။ သူတို့ ညနေ၆နာရီလောက်ဆို အလုပ်သိမ်းပြန်လာ၊ ထမင်းချက်စား၊ ခုနစ်နာရီ၊ ရှစ်နာရီလောက်မှ မဲဆွယ်တာ စလို့ရတယ်။ သူတို့တွေ ဘယ်လောက်ပဲ မောမော လာနားထောင်ကြတယ်။ သူတို့ မပြန်လာမချင်း စောင့်တယ်။ နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိပေမယ့် ကိုယ်ပိုင်လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ သူတို့ကို လွှမ်းမိုးမှု ရှိတဲ့ ရိုးရာလူကြီးတို့၊ ဘာသာရေး ဆရာ၊ ရပ်ကွက်လူကြီးတို့လိုမျိုးကပဲ သူတို့ မဲဘယ်သူ့ကို ထည့်ရမလဲဆိုတာ ဆုံးဖြတ်ပေးရတယ်။ သူတို့ ကြိုက်နေရင် တောင်မှ သူတို့ကို လွှမ်းမိုးနိုင်တဲ့ သူတို့ရဲ့ စကားကို နားထောင်ပြီး မဲထည့်ကြတယ်။

မေး – အဲ့ဒေသမှာ ရိုးရာဓလေ့အရ ယောကျာ်းတွေလွှမ်းမိုးတယ်ဆိုတော့ အမျိုးသမီးကိုယ်စားလှယ်လောင်းဆို တော့ သူတို့ရဲ့ အမြင်က ဘယ်လိုရှိလဲ။ ပြောတာတွေကို လက်ခံလား။

ဖြေ – အစတုန်းကတော့ သူတို့ကလမဲဆွယ်တာတွေ ကိုယ်နဲ့ စကားမပြောကြည့်သေးတဲ့အချိန်မှာတော့ သူတို့အဲ လိုမျိုးတွေရှိတယ်ပေါ့နော်။ ကိုယ်နဲ့ တကယ်စကားပြောပြီးမှ တကယ်မဲဆွယ်မှုတွေကို လုပ်တဲ့ချိန်မှာတော့ လာ နားထောင်တာများပါတယ်။ အစပိုင်းကတော့ အမျိုးသားတွေက ကြက်မတွန်လို့မိုးမလင်းဘူး၊ ကြက်ဖတွန်မှ မိုး လင်းတာတို့၊ ကြက်မက ကြက်ကလေးထိန်းတယ်ပေါ့၊ ကြက်ဖက ကလေးကို မထိန်းရဘူးဆိုပြီးသူတို့က ခွဲခြားမှု တွေရှိတဲ့ဟာပေါ့နော်။ ဒါပေမယ့် သူတို့က အမျိုးသမီးဖြစ်တဲ့အတွက် အိမ်မှာနေရမှာပေါ့။ ဒီလိုမျိုးနိုင်ငံရေးလုပ်ရ မှာမဟုတ်ဘူး ဆိုပြီး သဘောထားရှိတယ်။ ဒါပေမယ့် သူတို့ကျွန်မနဲ့ တကယ်စကားပြောကြည့်တော့မှ ကျွန်မရဲ့ မဲဆွယ်မှုတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ သူတို့ လက်ခံသွားတာတွေ အများကြီးရှိပါတယ်။

မေး – ဒါပေမဲ့ ရွေးကောက်ပွဲမှာ ခေါင်လန်ဖူးဒေသမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီအနေနဲ့ အသာမရခဲ့ဘူး။ ကချင်လူမျိုးများတဲ့နေရာမှ ဘယ်လိုအခက်အခဲကြောင့်လဲ။

ဖြေ – ပါတီအသစ်လည်း ဖြစ်နေတယ်။ ပြင်ဆင်ချိန် လိုသွားတာလည်း ပါတယ်ပေါ့။ ဒေသခံတွေလည်း ကြိုဆိုကြတယ်။ သူတို့က ပါတီဟောင်းတွေရဲ့ ဖန်ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ ပါတီအကြောင်းလည်း မိတ်ဆက် ရတယ်။ အောင်နိုင်ရေးရော၊ မဲဆွယ်တာရော ကိုယ်ပဲ လုပ်ရတယ်။ နည်းနည်းတော့ အဆင်မပြေတာတွေတော့ ရှိသွားတယ်။ ကျွန်မတို့ ပါတီကို တော်တော်များများ လက်ခံကြပါတယ်။ သူတို့ နိုင်ငံရေးအမြင်ရော ကျွန်မတို့ ပါတီကြောင့် တော်တော်လေး ပွင့်သွားတယ်။ ပါတီရဲ့ မူဝါဒတွေ ဘယ်လိုရှိတယ်ဆိုတာကအစ ကောင်းကောင်း လေး ရှင်းပြပေးတဲ့ အခါကျတော့ သူတို့ တော်တော်လေး အံ့သြကြတယ်။ ရွေးကောက်ပွဲမှာ အမျိုးသမီးလာပြိုင် တာ မကြုံဖူးသလောက်ပေါ့နော်။ ဆိုတော့ သူတို့ အရမ်းအံ့သြပြီး စိတ်ဝင်စားကြတယ်။ စိတ်ဝင်စားပေမယ့် ပါတီ အသစ်ဖြစ်တဲ့ အချိန်ကျတော့ သူတို့က ကျွန်မတို့ ပါတီကို အရမ်းလေ့လာချင်သေးတယ်။ ရွေးကောက်ပွဲလည်း အရမ်းကပ်သွားတယ်။ ရလဒ်ကတော့ ဒီလို ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကျွန်မတို့ ပါတီကို ထောက်ခံကြိုဆိုကြ ပါတယ်။

မေး – ပါတီအပေါ် ဝေဖန်တိုက်ခိုက်တာတွေရော ကြုံခဲ့ရလား။

ဖြေ – အနိုင်အရှုံးကြောင့် နိုင်ငံရေး မလုပ်နိုင်ဘူးဆိုတာတော့ မရှိဘူး။ ဒါပေမဲ့ ပြိုင်တဲ့ နေရာမှာ တချို့ပါတီတွေက ရိုးသားမှု မရှိကြဘူး။ ပါတီနာမည်တော့ မပြောချင်တော့ဘူး။ အရမ်းကို ကလေးဆန်ပြီးတော့နိုင်ငံရေးမှာ ကိုယ် လုပ်မယ့် နိုင်ငံရေးကို မချပြဘဲနဲ့ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာတို့၊ ဥပမာ- အမျိုးသမီးဆိုတာ အလုပ်လုပ် နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဟာတွေ။ ဒီပါတီက အခုမှ အသစ်ဖြစ်တာကြောင့် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး စသဖြင့်ပေါ့။ ဆိုးဆိုးရွားရွား တိုက်ခိုက်တာတွေလည်း ရှိတယ်။ ကျွန်မတို့ ပါတီကို ကေအိုင်အေပါတီ၊ဒီအမတ်လောင်းတွေက ကေအိုင်အေကနေ ရာထူးဘယ်လိုမျိုး ရထားတာတွေဆိုပြီး ဒေသခံတွေကို အဲ့ဒီလိုမျိုးတွေလုပ်တာ ရှိတယ်။ ကျွန်မတို့ အဲ့ဒီဟာတွေကိုလည်း တရားစွဲဖို့လည်း လုပ်ထားပါတယ်။ ပြည်သူတွေ ယုံမှားသံသယဖြစ်ပြီး သူတို့ကို မဲထည့်လာအောင် လုပ်တာလေ။ မဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေက ရှစ်ထောင်ကျော် ရှိတယ်။ ကလေးနဲ့၊ လူငယ်က များတယ်။ ပြီးတော့ ၃၀၀နီးပါးက မဲပေးပိုင်ခွင့် မရှိဘူး ဖြစ်သွားတာပေါ့။ ပြီးတော့ မဲစာရင်းမှာ အစက ပါပြီး နောက်ဆုံးကြေညာတဲ့အချိန် မပါလာဘူး။ မဲထည့်တဲ့ နေ့မှာ မပါမှန်း အဲ့ဒီနေ့ကမှ သိတာ။ သားက အဖေကို စိတ်မနှံ့ဘူးဆိုပြီး ကန့်ကွက်ထားတဲ့ စာမျိုး။ သမီးက သူ့အမေကို ဘာသာရေးဆရာမဖြစ်တယ်ဆိုပြီး ကန့်ကွက် ထားတဲ့ စာမျိုးတို့ပေါ့။ တကယ်တော့ သူတို့က စိတ်မနှံ့တာလည်း မဟုတ်ဘူး။ ဘာသာရေးဆရာမလည်း မဟုတ် ဘူး။ သား၊ သမီးတွေကလည်း လက်မှတ်ထိုးထားတာ မဟုတ်ဘူး။ လက်မှတ်အတုတွေ ထိုးတယ်။ အများကြီး ကျွန်မတို့တွေ အချက်အလက်လည်း စုဆောင်းခဲ့ပါတယ်။

မေး – သူတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့တာမျိုးတွေ ရှိလား။ ဘယ်လိုအခကအခဲတွေ ဖြေရှင်းပေးခဲ့ရလဲ။

ဖြေ – ကျွန်မက ဥပဒေသမားဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ဒီဥပဒေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကိုလည်း များများလုပ် ပေးခဲ့တယ်။ သူတို့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ဥယာဉ်ခြံမြေဖြစ်လာအောင် ပုံစံ ၇ ရရှိအောင်လို့ လုပ်ပေးခဲ့ တဲ့ရွာတွေလည်း တော်တော်များများ ကျွန်မမဲဆွယ်ရင်းနဲ့ လက်လမ်းမှီသလောက် သူတို့ကို အကြံပေးပြီး လုပ်ပေး ခဲ့တာတွေလည်း ရှိတယ်။ ပြီးရင် လူကုန်ကူးခံရတယ် ပြောရမှာပေါ့။  တရုတ်ပြည်နဲ့ နီးစပ်တယ်လေ ရှိန်းခေါင် ဒေသက ခေါင်လန်ဖူးမြို့နယ်ထဲမှာပဲပါတယ်။ ခေါင်လန်ဖူးမြို့နယ်ရဲ့ ရွာတစ်ရွာပေါ့။ အဲဒီက လီဆူမိန်းကလေး တွေကို တရုတ်ပြည်မှာ တရုတ်မယားအဖြစ် ပွဲစား ရောင်းစားခံရတာ။ အဲ့ဒါတွေလည်း ဥပဒေနဲ့အညီ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာတွေ၊ ဥပဒေမှာတော့ အခွင့်အရေးဘယ်လိုရှိတယ်၊ သူတို့ဒီလိုမျိုးလုပ်တာက လူတွေကို ခေါင်းပုံ ဖြတ်နေတာ ဖြစ်တဲ့အတွက် လူကုန်ကူးမှုဖြစ်တယ်။ ဥပဒေမှာတော့ ဘယ်လိုမျိုးရှိတယ်၊ တရားဝင် ဇနီးမယားဖြစ်ဖို့ အတွက်က ဘယ်လိုမျိုး အဆင့်ဆင့်လုပ်ပြီး ဥပဒေနဲ့ အညီ တရားသူကြီးရှေ့မှာ လက်ထပ်ခွင့်တွေ တောင်းရတယ်ဆိုတာ သူတို့ကို ရှင်းပြခဲ့တယ်။ ကျွန်မရဲ့ နိုင်ငံရေးရပ်တည်ချက်အမြင်တွေကို ရှင်းပြပြီးမှ သူတို့ တော်တော်များများလက်ခံကြပါတယ်။

မေး – နောက်ကျနေတဲ့ဒေသဆိုတော့ ဒေသခံတွေအပေါ်  စီးပွားရေး၊ လူမှုရေးစသဖြင့် အမြတ်ထုတ်ခံရတာတွေရှိလား။

ဖြေ – ခေါင်လန်ဖူးတစ်မြို့နယ်လုံးက ဝေးလံခေါင်ဖျားတဲ့ မျက်စိပိတ်နားပိတ်ထားတဲ့အတွက် ဥပမာပေါ့နော်-  ဒီရွေးကောက်ခံကိုယ်စားလှယ်တွေ ဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ် ခေါင်းပုံဖြတ် လက်တလုံးခြား လုပ်သွားရင်လည်း နားမလည်ဘူး။ ဘယ်လိုတောင်းဆိုရမလဲလည်း မသိဘူးပေါ့နော်။ သူခိုးကို သူခိုးဆိုပြီး မမောင်းထုတ်ပဲနဲ့ သူခိုးကို ကျေးဇူးတင်နေတာရှိတယ်။ ဥပမာပြောရမယ်ဆိုရင်  သူတို့ရဲ့ ဒေသမှာ စီမံကိန်းတွေ လာပြီဆိုရင် အကုန်လုံးကို မဆိုလိုပါဘူး။ သူတို့ရဲ့ လုပ်ကွက်တွေ၊ သစ်တောတွေ ယူသွားတာတဲ့သူခိုးကို မောင်းမထုတ်ပဲ ပြန်ရှစ်ခိုးနေတာ ရှိတယ်။ ဒါကလည်း သူတို့အမှောင်ချခံ ရလို့လည်းဖြစ် နိုင်တယ်။ အဲဒီလိုမျိုး တွေရှိတယ်။

မေး – ပါတီအနေနဲ့ ခေါင်လန်ဖူးဒေသခံတွေအတွက် ဘယ်လိုအရာတွေ လုပ်ဆောင်ပေးသွားဖို့ရှိလဲ။

ဖြေ – ကျွန်မတို့ကတော့ ခေါင်လန်ဖူးမှာ ဥပဒေအမြင်ဖွင့် သင်တန်း၊ နိုင်ငံရေး အမြင်ဖွင့် သင်တန်းတို့၊ အမျိုးသမီး အမြင်ဖွင့်သင်တန်းတို့ လုပ်ဖို့ လျာထားတယ်။ နိုင်ငံရေးမှာ ပိုမိုစိတ်ဝင်စားလာအောင်၊ အသိအမြင်တွေ ပိုမိုကြွယ် ဝပြီး လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တတ်အောင် လုပ်သွားဖို့ ဆုံးဖြတ်ထားတာ ရှိတယ်။ ပြီးတော့ အများစုမူကြိုကျောင်း လိုချင်ကြတယ်။ ဆေးပေးခန်းတွေ လုပ်ချင်တဲ့ အကြောင်း ပြောကြတယ်။ လမ်း၊ တံတားတွေ လိုအပ်ကြတယ်။ လမ်းတွေကလည်း တော်တော်ခက်တယ်။ လားတွေတောင်မှ မနည်းသွားရတယ်။ လမ်းက ကျဉ်းကျဉ်းလေးပဲ။ မီးတွေလည်း မရကြဘူး။ တနိုင်တပိုင်တော့ သူတို့ မော်တာစက်တွေ ဝယ်ပြီး လုပ်ကြပါတယ်။ ဒါပေမယ့် မီးလင်းရုံပဲပေါ့။ တခြားဘာမှ လုပ်လို့ မရဘူး။ ပညာရေး၊ ကျန်းမာရေးတွေပေါ့။ ကျွန်မတို့က အနိုင်ရပါတီ မဟုတ်တဲ့အတွက် အဲ့ဒီလောက်ထိတော့ မလုပ်နိုင်ပေမယ့် မူကြိုကျောင်းတွေ လုပ်တာတွေ၊ သူတို့ အသိပညာအတွက် ပညာပေးအစီအစဉ် လုပ်ပေးတာတွေ၊ ကိုယ်ထူကိုယ်ထ လုပ်ငန်းတွေ လက်တွဲခေါ်နိုင်အောင်တော့ လုပ်ပေးနိုင်မယ်။ ဥပဒေနဲ့ အညီ ခြံ၊ မြေကွက်တွေကို တရားဝင်မှတ်ပုံတင်ဖြစ်အောင် လုပ်မယ်။ တရုတ်ပြည်မှာ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ကယ်တင်တာ၊ လုံခြုံမှုရအောင် လုပ်တာတွေကို ကျွန်မတို့ လုပ်မယ်လို့တော့ လျာထားတယ်။

မေး – အစိုးရအနေနဲ့ ခေါင်လန်ဖူးမြို့နယ်အတွက် လတ်တလော ဘာတွေဖြေရှင်ပေးဖို့လိုမလဲ။

ဖြေ – ကျွန်မတို့ကတော့ ပြည်သူတွေနဲ့ အတူစောင့်ကြည့်မယ်။ အဓိက သူတို့ကို လုပ်ခိုင်းစေချင်တာကတော့ သတ္တုတွင်းပေါ့။ ကန့်ကွက်တာတွေလည်း လုပ်ထားပြီ။ ဒေသတိုင်းမှာ ဆိုင်းဘုတ်ထောင်တာတွေလည်း လုပ် ထားပြီ။ နောက်လည်း ပြည်သူတွေနဲ့အတူ လုပ်သွားမယ်။ အခြေခံအခွင့်အရေးတွေ လိုအပ်နေသေးတဲ့အတွက် လုပ်ပေးစေချင်တယ်။ ခေါင်လန်ဖူးဆို တရုတ်နဲ့ နီးစပ်တဲ့အတွက် ကိုယ့်ရဲ့နိုင်ငံသား လုံခြုံမှုရှိအောင် ဥပဒေပိုင်း ကာကွယ်မှုတွေ လုပ်ရမယ်။ ကျန်းမာရေး၊ ပညာရေး၊ အခြေခံအခွင့်အရေးတွေကို လွှတ်တော်မှာ ဆွေးနွေးပေးဖို့ လိုပါတယ်။

မေး – ဘာများဖြည့်စွက်ပြီးပြောချင်လဲ။

ဖြေ – အဓိကကတော့ ခေါင်လန်ဖူးမှာ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးကို ပိုပြီး ဦးစားပေးပြီး လုပ်စေချင်ပါတယ်။ နိုင်ငံတော်ကပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ကပဲ ဖြစ်ဖြစ် ပိုမိုပြီးတော့ လုပ်စေချင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတာတွေကိုလည်း လုပ်စေချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here