စင်ပေါ်မှာ ရှိနေဦးမယ့် တရုတ်ရဲ့ မင်းသားကြီး မြေရှား

2

 

စိုင်းခေ-ရေးသည်

လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်။ ၂၀၁၀ ရဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ဂျပန်ရေပိုင်နက်ထဲ တရုတ်သင်္ဘော တစ်စီးက ငါးဝင်ဖမ်းလို့ ဂျပန်ကမ်းခြေစောင့်တပ်သင်္ဘောတွေက ထွက်သွားဖို့ အမိန့်ပေးရပါတယ်။ ဒါပေမဲ့ တရုတ်သင်္ဘောက မလိုက်နာဘဲ ကမ်းခြေစောင့်သင်္ဘောကို ဝင်တိုက်လိုက်ပါတော့တယ်။

ဒီအဖြစ်အပျက်ဟာ သမိုင်းမှာ စန်းခခုကျွန်း (တရုတ်အခေါ် ဒိုင်အိုယုကျွန်း) သင်္ဘောတိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပို့တဲ့ မြေရှားသတ္တုရဲ့ အရေးပါမှုကို ကမ္ဘာက အာရုံစိုက်မိသွားတဲ့ အခြေအနေ ရောက်သွားတာကြောင့်ပါ။

ဂျပန်ကမ်းခြေစောင့်တပ်ကတော့ ဝင်တိုက်တဲ့ တရုတ်သင်္ဘောကပ္ပတိန်ကို ဖမ်းဆီးလိုက်ပြီး တရုတ်က အဲဒီလို ဖမ်းဆီးတာကို ကန့်ကွက်ပါတယ်။ ပြန်လွှတ်ပေးဖို့ ပြောပါတယ်။ ဒါပေမဲ့ ဂျပန်ဘက်က ပြန်မလွှတ်ပေးခဲ့ပါဘူး။

အကျိုးဆက်အဖြစ် ဂျပန်ကိုပို့နေတဲ့ မြေရှားသတ္တုတွေကို အကြောင်းအမျိုးမျိုးပြပြီး တရုတ်က ကန့်သတ်တင်းကျပ်လိုက်ပါတော့တယ်။ တရုတ်ရဲ့မြေရှားလက်နက်ကြီးကြောင့် ဂျပန်ရဲ့ စက်မှုလုပ်ငန်းတွေဟာ ရုတ်တရက်ကြီး မုန်တိုင်းအလယ်ကို ရောက်သွားတော့တာပေါ့။

အဲဒီတုန်းက ဂျပန်ဟာ တရုတ်ကတင်ပို့တဲ့ မြေရှားသတ္တုကို အလုံးစုံနီးပါး မှီခိုနေရတဲ့အချိန်လို့ ဆိုရပါမယ်။ ဂျပန်မှာ မြေရှားသတ္တုကို TV ဖန်သားပြင်တွေ၊ Servo Motors တွေ၊ ကွန်ပျူတာထဲက အချက်အလက်သိုလှောင်တဲ့ အပိုင်းဖြစ်တဲ့ Hard disk တွေ၊ ဘထ္ကရီတွေ၊ ကင်မရာမှန်ဘီလူးတွေ ထုတ်လုပ်တဲ့အချိန်နဲ့ ရေနံစိမ်းကနေ စက်သုံးဆီထုတ်တဲ့အချိန်မှာ သုံးနေရတာ ဖြစ်ပါတယ်။

မြေရှားဆိုတာဘာလဲ၊ အခုခေတ် ဘယ်နေရာတွေမှာ မရှိမဖြစ်လိုနေတာလဲ။
—————————————–

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက နေရာစုံနီးပါးမှာ သုံးနေတဲ့ မြေရှားဆိုတာဘာလဲ၊ အခုအချိန်မှာရော ဘယ်နေရာတွေမှာ သုံးလာကြပြီလဲ။ ထပ်ပြီး အသေးစိတ် ချဉ်းကပ် ကြည့်ရအောင်ပါ။

မြေရှား (Rare Earth Elements – REE) ဆိုတာ သတ္တုဒြပ်စင်တစ်မျိုးတည်း မဟုတ်ပါဘူး။ စုစုပေါင်း ဒြပ်စင် ၁၇ မျိုးကို မြေရှားလို့ ခေါ်တာဖြစ်ပါတယ်။ ဒြပ်စင်တစ်မျိုးဆီအလိုက် အသုံးဝင်တဲ့နေရာတွေက ကွာခြားပါတယ်။ ဥပမာ TV မျက်နှာပြင်တွေကိုထုတ်လုပ်တဲ့အခါ Europium နဲ့ Terbium လို ဒြပ်စင်တွေက အသုံးဝင်ပြီး ကွန်ပျူတာထဲက အချက်အလက်သိမ်းဆည်းတဲ့ Hard disk တွေပြုလုပ်ချိန်မှာတော့ Neodymium လို ဒြပ်စင်ကို အသုံးပြုတာ ဖြစ်ပါတယ်။

အခုခေတ်မှာတော့ စစ်ဘက်ရေးရာမှာ မြေရှားဟာ မရှိမဖြစ်လိုအပ်တဲ့ မင်းသားကြီး ဖြစ်လာပါတယ်။

ဥပမာ Samarium ဆိုတဲ့ ဒြပ်စင်ကို တိုက်လေယာဉ်တွေရဲ့ အင်ဂျင်တွေနဲ့ ဒုံးကျည်ရဲ့လမ်းညွှန် စနစ်တွေမှာ သုံးသလို ရေငုပ်သင်္ဘောရဲ့ အာရုံခံကရိယာတွေမှာ သုံးပါတယ်။ Yttrium ကိုတော့ လေဆာပစ်မှတ်ရှာစနစ်မှာ သုံးပါတယ်။ ခေတ်သစ်လက်နက်တွေအတွက်တော့ မြေရှားဟာ ဦးနှောက်နဲ့အာရုံကြောတွေလို့ တင်စားပြောဆိုလို့ ရနိုင်ပါတယ်။

ဆက်ရရင်တော့ မြေရှားဟာ အခုလို AI ခေတ်မှာ မရှိမဖြစ် ပိုတောင်လိုအပ်လာပါတယ်။ AI စင်တာတွေ တိုးချဲ့လာတာနဲ့အမျှ Neodymium, Lanthanum လိုမျိုး မြေရှားဒြပ်စင်တွေကလည်း ပိုလိုအပ်လာလို့ပါ။

မြေရှားနဲ့ သဘာဝပတ်ဝန်းကျင်
—————————-

မြန်မာနိုင်ငံမှာ မြေရှားတူးတဲ့ ပုံစံကတော့ တောင်တွေကို အပေါက်သေးသေးလေးတွေဖောက်ပြီး အဲဒီအပေါက်ထဲကို အက်ဆစ်တွေလောင်းထည့်တာပါ။ အဲဒီလိုလုပ်ပြီးရင်တော့ တောင်ထဲက ကျောက်လွှာတွေနဲ့ အက်စစ်တွေ ဓာတ်ပြုပြီး ရွှံ့ရေတွေ ပြန်ထွက်လာပါတယ်။

အဲဒီရွှံ့ရေတွေကို ကန်တွေထဲမှာစု၊ အနည်ထိုင်အောင် ဓာတုဆေးရည်တွေထည့်ပြီး ထပ်ဓာတ်ပြုရပါတယ်။ ရလာတဲ့ အနည်တွေကိုတော့ ထင်းမီးနဲ့ အပူပေးပြီးရင် အကြမ်းထည် မြေရှားထွက်လာပြီဖြစ်တာကြောင့် တရုတ်ကိုတင်ပို့ပါတယ်။ တရုတ်ကတော့ သူတို့ရဲ့ ရှုပ်ထွေးတဲ့ နည်းပညာတွေနဲ့ အဲဒီအကြမ်းထည်ကို အချောပြန်ထုတ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ပညာရှင်တွေကတော့ မြန်မာနိုင်ငံမှာ အဲဒီလိုမြေရှားတူးတဲ့အတွက် မြင်သာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ သဘာဝဇီဝဖြစ်စဉ်တွေပျက်တာ၊ တောင်တွေပြိုတာ၊ တောကောင်တွေသေတာ၊ ဒေသခံတွေအတွက် သောက်သုံးရေမသန့်တော့တာနဲ့ အရေပြားရောဂါဖြစ်တာတွေကို တွေ့ရတယ်လို့ ပြောဆိုထားကြပါတယ်။

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန ( U.S. Geological Survey – USGS) နဲ့ ဗြိတိန်အခြေစိုက် သတင်းအချက်အလက်နဲ့ အကြံပေးအဖွဲ့အစည်း (Benchmark Mineral Intelligence – BMI) ရဲ့ အချက်အလက်တွေကို ကိုးကားပြီး Visualcapitalist ဝဘ်ဆိုဒ်မှာဖော်ပြထားတာကတော့ မြန်မာဟာ တရုတ်နဲ့ အမေရိကန်ပြီးရင် မြေရှားထုတ်လုပ်မှု တတိယအများဆုံး ဖြစ်နေပါတယ်။

အာဏာသိမ်းကာလထဲ မြန်မာနိုင်ငံကနေ တရုတ်ကို မြေရှားတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံဖိုးရှိပြီး တန်ချိန်အနေနဲ့တော့ ၁၇၀,၀၀၀ ကျော်ရှိတယ်လို့ တရုတ်အကောက်ခွန်ရဲ့ အချက်အလက်တွေကို ကိုကားပြီး မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (Institute for Strategy and Policy- Myanmar / ISP Myanmar) က ဖော်ပြထားပါတယ်။

မြေရှားက ဘယ်လောက်ရှားလဲ။
—————————-

တကယ်တော့ မြေရှားဟာ သိပ်မရှားပါဘူး။ ကမ္ဘာ့မြေလွှာတွေထဲမှာ မြေရှား ဒြပ်စင် ၁၇ မျိုးက အသီးသီး ရှိနေပြီးသားပါ။ ဒါပေမဲ့ ရွှေတို့ စိန်တို့လို့ သတ္တုသိုက်လိုက်မရှိဘဲ သူ့ကို ထုတ်လုပ်ရတဲ့

လုပ်ငန်းစဉ်က အပေါ်ကပြောခဲ့သလိုပဲ ရှုပ်ထွေးတာကြောင့် မြေရှားလို့ခေါ်တာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၅၀ လောက်ကစလို့ တရုတ်ဟာ မြေရှားကို သန့်စင်တဲ့နည်းပညာမှာ ရင်းနှီးမြုပ်နှံပြီး သဘာဝပတ်ဝန်းကျင်ကို အနောက်နိုင်ငံတွေလို ဂရုမစိုက်ဘဲ အကြီးအကျယ် တူးဖော်ခဲ့ပါတယ်။

တရုတ်နိုင်ငံထဲက မွန်ဂိုလီးယားဒေသထဲမှာ တူးဖော်သလို တရုတ်တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းက စီချွမ်ပြည်နယ်တို့မှာ မြေရှားတူးပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာပါ လာတူးနေသလို မြေရှားထွက်တဲ့ တခြားအာဖရိကတိုက်လိုမျိုး၊ ဂရင်းလန်းလို့ နေရာတွေမှာလည်း ရင်နှီးမြုပ်နှံထားပါသေးတယ်။

တရုတ်ဟာ အဲဒီလို မြေရှားကဏ္ဍမှာ ရင်းနှီးမြုပ်နှံပြီးတဲ့နောက် ကမ္ဘာ့ဈေးကွက်ထဲကို ဈေးပေါပေါနဲ့ တင်သွင်းခဲ့ပါတယ်။ ဈေးပေါတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေကလည်း တရုတ်ဆီကနေ ဝယ်သုံးခဲ့ပါတယ်။

အကျိုးဆက်ကတော့ ၁၉၉၀ လောက်ကစလို့ ၂၀၁၂ ‌ထိ တစ်ကမ္ဘာလုံးရဲ့ မြေရှားဈေးကွက်ကို တရုတ်က ချုပ်ကိုင်ခဲ့နိုင်တယ်လို့ အမေရိကန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဗဟိုဌာန (Center for Strategic and International Studies – CSIS) ရဲ့ ၂၀၂၅ ဇူလိုင်လထဲ ထုတ်ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

အခုအချိန်မှာတော့ မြေရှားထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲ တရုတ်နိုင်ငံက ချုပ်ကိုင် ထားနိုင်တယ်လို့ ဆိုပေမဲ့ သန့်စင်တဲ့လုပ်ငန်းစဉ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်လက်ထဲမှာ ရှိနေသေးတယ်လို့ CSIS က ဆိုပါတယ်။

မြေရှားနဲ့ နိုင်ငံရေး။
—————

  • မြန်မာ
    ——

အပေါ်က ပြောခဲ့သလိုပဲ မြန်မာနိုင်ငံဟာ မြေရှားတင်ပို့မှု တတိယအများဆုံး နိုင်ငံနေရာမှာ ရှိနေပြီး မြန်မာနိုင်ငံမှာ အများဆုံးထွက်တဲ့ ဒေသကတော့ ကချင်ပြည်နယ်က ပန်ဝါ၊ ချီဖွေနဲ့ မိုးမောက်ဒေသတို့ ဖြစ်ပါတယ်။ (အခုအချိန်မှာတော့ ရှမ်းအရှေ့ဘက်မှာလည်း အများအပြားတူးဖော်နေကြပါပြီ။)

ပန်ဝါ၊ ချီဖွေ ‌က မြေရှားတူးဖော်မှုတွေကိုတော့ အရင်ဆယ်စုနှစ်တွေထဲ ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်ဒီမိုကရေစီ တပ်မတော်သစ်(NDA-K)က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ မိုးမောက်ကတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ ပန်ဝါနဲ့ ချီဖွေဒေသကိုတော့ ၂၀၂၄ နှစ်ကုန်ခါနီးမှာ KIA က သိမ်းပိုက်ပြီးတဲ့နောက် ကချင်က မြေရှားလုပ်ကွက်တွေဟာ KIA ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပါတော့တယ်။

လက်ရှိအချိန်မှာတော့ တရုတ်ဟာ မြန်မာနိုင်ငံကနေ မြေရှားသတ္တုတွေရနေတဲ့အတွက် မြေရှားထွက်တဲ့ ဒေသတွေဟာ တရုတ်အတွက်သာမက အိန္ဒိယအတွက်ပါ အရေးပါတဲ့နေရာတွေ ဖြစ်နေပါတယ်။

  • ကမ္ဘာ
    ——

အခုအချိန်မှာ မြေရှားဈေးကွက်ကို တရုတ်ထိန်းချုပ်မှု လျော့ကျသွားတာကတော့ ဆောင်းပါး အစမှာ ဖော်ပြခဲ့တဲ့ ဂျပန်နဲ့တရုတ်ရဲ့ ပဋိပက္ခကနေ စပါတယ်။ တရုတ်ဟာ မြေရှားတင်ပို့တာကို တင်းကျပ်လိုက်တဲ့အတွက် ဂျပန်ဟာ အကျပ်ရိုက်သွားပြီး သူတို့ဖမ်းထားတဲ့ သင်္ဘောကပ္ပတိန်ကို

ရက် ၂၀ လောက်ပဲ ဖမ်းဆီးပြီး ပြန်လွှတ်လိုက်ရပါတယ်။

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ကို မှီခိုနေရတာဟာ သူတို့အတွက် အားနည်ချက်ဆိုတာကို သိသွားတဲ့ ဂျပန်ဟာ တခြားနိုင်ငံတွေကနေ မြေရှားကိုဝယ်ယူဖို့ စီစဉ်ခဲ့ပါတယ်။ ဗီယက်နမ်တို့ ဩစတေးလျတို့လို နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ အစိုးရကလည်း ကုမ္ပဏီတွေကို မြေရှားနဲ့ ပတ်သက်ပြီး ကူညီပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာတော့ ဂျပန်ဝန်ကြီးချုပ်အသစ်က ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောဆိုလိုက်ချိန် တရုတ်ဘက်က လက်နက်အဟောင်းကို ပြန်ထုတ်သုံးပါတယ်။ အမေရိကန်သမ္မတထရမ့်ရဲ့ ကုန်သွယ်ခွန်စစ်ပွဲကို မြေရှားနဲ့ အနိုင်ယူခဲ့တဲ့ တရုတ်ရဲ့လက်နက်ကြီးဟာ ဒီတစ်ခေါက် ဂျပန်ကို ပြန်သုံးချိန်မှာတော့ သိပ်အစွမ်းမထက်တော့ပါဘူး။

၂၀၁၀ တုန်းက ရခဲ့တဲ့ သင်ခန်းစာကြောင့် ဂျပန်ဟာမြေရှားနဲ့ပတ်သက်ပြီး တရုတ်အပေါ်မှာ အပြည့်အဝမှီခိုနေရတဲ့ အခြေအနေမဟုတ်တော့တာကြောင့်ပါ။ ဂျပန်အစိုးရကလည်း ကုမ္ပဏီတွေအတွက် အရန်မြေရှားသတ္တုတွေကို သိုလှောင်ပေးထားပါသေးတယ်။

တရုတ်က အဲဒီလို မြေရှားနဲ့အနိုင်ယူတတ်တဲ့ အကျင့်ကြောင့် အနောက်နိုင်ငံတွေကလည်း အခုအချိန်မှာ မြေရှားသတ္တုနေရာမှာ အစားထိုးဖို့ တခြားဒြပ်စင်တွေကို စမ်းသပ်နေကြသလို မြေရှားကို တခြားနေရာတွေကနေလည်း တူးဖော်ဖို့ ကြိုးပမ်းလာကြပါပြီ။

ဒါပေမဲ့ လက်တွေ့မှာတော့ တရုတ်က မြေရှားသန့်စင်တဲ့ ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူတို့လက်ထဲမှာပဲ ကိုင်ထားနိုင်သေးတာကြောင့် တရုတ်နိုင်ငံရဲ့ မြေရှားဟာ အချိန်တစ်ခုအထိတော့ စင်ပေါ်မှာ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here