မေ၊၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိနေတဲ့ စစ်ကော်မရှင်တပ်တွေကို ဒီကနေ့ မနက် ၅ နာရီခွဲအချိန်လောက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါငးအဖွဲ့ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာက ဂေါက်ကွင်းနဲ့ သင်္ချိုင်းနေရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် ပူးပေါင်းတပ်စခန်းတွေကို KIA/KPDF ဘက်ကနေ ဒရုန်းနဲ့စတင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“သင်္ချိုင်းတွေ ဂေါက်ကွင်းတွေကြားမှာ သူတို့ စစ်ကြောင်းထိုးထားတာကို ပြန်တိုက်တာပေါ။၊ဒီမနက်တော့ တိုက်ပွဲပြင်းထန်တယ် အခုကတော့ စောင့်ကြည့်ပြီးတိုက်ခိုက်နေကြတာ။”လို့ အထက်ပါ အမျိုးသားကပြောပါတယ် ။
လက်ရှိအချိန်အထိ KIA/KPDF ပူးပေါင်းတပ်နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တို့ လက်နက်ကြီးလက်နက်ငယ်အပြန်အလှန် အချိန်ခြားပြီး ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ လည်း ဆိုပါတယ်။
လုံးခင်းသင်္ချိုင်းနဲ့ ဂေါက်ကွင်းအနီးတစ်ဝိုက်မှာ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့ အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုး နေရာယူတပ်စွဲထားတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပြီး အတိအကျတော့ မသိရပါဘူး။
ဖားကန့်စစ်ကော်မရှင်တပ်မကုန်းကနေလည်း လက်နက်ကြီး ၅ ကြိမ်ထက်မနည်း ပစ်ခတ်တာတွေရှိပြီး လယ်ပြင်ကျေးရွာက နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးတော့ ကလေးငယ်တစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လုံးခင်းကချင်နှစ်ခြင်းခရစ်ယာန်(KBC)ဘုရားကျောင်းမှာလည်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုအခြေအနေကိုတော့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုလိုတိုက်ပွဲပြင်းထန်နေတဲ့အတွက် လုံးခင်းဒေသခံတချို့ ဟာ လယ်ပြင်ကျေးရွာက ဘုန်းကြီးကျောင်းမှာ သွားရောက်စစ်ရှောင်နေကြတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ရဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေ တစ်ကြောင်းပြီးတစ်ကြောင်း တက်လာကြတာ ဖြစ်ပါတယ်။
-ပုံဟောင်းအသုံးပြုထားပါသည်-







