လူနည်းစုတိုင်းရင်းသားနိုင်ငံရေးပါတီများ ရွေးကောက်ပွဲနိုင်သော်လည်း ဥပဒေပြုအာဏာ ဆုံးရှုံးနေရ

1485
Yaw Bawm Mangshang

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးများ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ပြည်နယ်နှင့် တိုင်းသေဒကြီး မဲဆန္ဒနယ်အသီးသီးတို့တွင်အများစု အနိုင်ရခဲ့ကြသည်။ ဌာနေတိုင်းရင်းသားပါတီများသည် မျှော်မှန်းထားခဲ့ သလောက် အောင်မြင်မှု မရခဲ့ကြသည်ကို တွေ့ရသည်။ ဘောလုံးဝေါဟာရဖြင့် ပြောရလျှင် မိမိအိမ်ကွင်းတွင် အရှုံးနှင့် ရင်ဆိုင်ရသည့်အတွက် ပို၍ ခံစားရ၊ ခံပြင်းကြမည်မှာ အမှန်ပင်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြင်နိုင်သရွေ့ လက်ရှိ မြန်မာ့နိုင်ငံရေးတွင် လူနည်းစု တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ အောင်မြင်ပြီး လွှတ်တော်သို့ရောက်သွားသည့်တိုင် ဥပဒေပြုရေးတွင် သြဇာအာဏာ ဆက်လက် ဆုံးရှုံးနေမည် ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် ရွေးကောက်ပွဲတွင်အနိုင်ရသော်လည်း မိမိတို့၏ တိုင်းရင်းသားပြည်သူများအတွက် (သို့မဟုတ်) မဲဆန္ဒနယ်များ အကျိုးအတွက် ထိရောက်သော ဥပဒေတွေကို ပြဌာန်းပြီး အကျိုးပြုနိုင်မည် မဟုတ်ပါ။

ဤသို့ဖြစ်ရခြင်းမှာ (၁) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ (၂)တိုင်းဒေသကြီးခုနှစ်ခုနှင့် ပြည်နယ် ခုနှစ်ခုအရေအတွက် တူညီနေခြင်းကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များတွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်ဦးရေက ပိုများနေခြင်းနှင့် (၃) ဗမာ တိုင်းရင်းသားများသည် လူများစုဖြစ်သည့် အလျောက်ဌာနေတိုင်းရင်းသား ပြည်နယ်များသို့လည်း အလုံးအရင်းဖြင့်ရောက် အခြေချနေထိုင်လာခြင်းကြောင့် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစု တိုင်းရင်းသားများအတွက် အကျိုးနည်းစေနိုင်သည့် ပုဒ်မများစွာပါရှိသည်။ ၎င်းတို့အနက် ပုဒ်မနှစ်ခုကို အခြေခံပြီးဥပမာအဖြစ် သုံးသပ်တင်ပြလိုသည်။ ဥပဒေပြုရေးအာဏာနှင့် ပတ်သက်ပြီး ဦးစွာ ကြည့်ရအောင်။ ပုဒ်မ ၉၅ (ခ) တွင် “ဥပဒေ ကြမ်းတစ်ရပ်နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘောထားကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည်” ဟု ပါရှိသည်။ ဤသို့ မဲခွဲဆုံးဖြတ်လျှင် လူဦးရေများသော ဗမာတိုင်းရင်းသားများသာလျှင် အမြဲအနိုင်ရနေမည် ဖြစ်သည်။

ပြည်ထောင်စု၏ ဘဏ္ဍာငွေကို ထိန်းသိမ်း၊ သုံးစွဲခွင့်နှင့် ပတ်သက်ပြီး ဆက်လက် ကြည့်ရအောင်။ ပုဒ်မ ၁၀၃ (ဂ၊ င၊ စ)အရ ပြည်ထောင်စု၏ ဘဏ္ဍာငွေကိုလည်း ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုရမည်ဖြစ်သည်။ ထို့ကြောင့် လူဦးရေများသော ဗမာတိုင်းရင်းသားကိုယ်စားလှယ်များသည် အစိုးရဘတ်ဂျက် အသုံးစရိတ်ကိုလည်း ချုပ်ကိုင်နိုင်ခွင့်ရှိနေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် လူနည်းစု တိုင်းရင်းသား ကိုယ်စားလှယ်များသည် မိမိတို့ မဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ဂျက်တောင်းခံရာတွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်များကို အမြဲတန်း မှီခိုနေရမည့် အခြေအနေဖြစ်နေသည်။

တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခု အရေအတွက် တူညီနေခြင်းကြောင့် ဗမာတိုင်းရင်းသား များသည် ကိုယ်စားလှယ်အရေအတွက် များခြင်းကြောင့် လွှတ်တော်အားလုံးတွင် အသာရနေသည်။ လွယ်ကူစွာ ဆွေးနွေးတင်ပြရလျှင် တိုင်းဒေသကြီးများတွင် ဗမာတိုင်းရင်းသားများ အများစု နေထိုင်ကြသည်၊ ပြည်နယ်များတွင် ဌာနေတိုင်းရင်းသားများ အများဆုံး နေထိုင်ကြသော်လည်း လက်ရှိတွင် ဗမာတိုင်းရင်းသားများလည်း အများအပြား ပြောင်းရွှေ့နေထိုင်လာကြသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံ၏ လွှတ်တော်ဖွဲ့စည်းပုံအရ လွှတ်တော် သုံးရပ်ရှိသည်။ ၎င်းတို့မှာ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ဤလွှတ်တော်နှစ်ရပ် ပေါင်းစပ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်တို့ ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် စုစုပေါင်းကိုယ်စားလှယ် ၂၂၄ ဦးရှိသည်။ တပ်မတော်သည် ပုဒ်မ (၁၄၁)အရ ကိုယ်စားလှယ် ၅၄ ဦး (၂၅ ရာခိုင်နှုန်း) ကို ရယူထားသည့်အတွက် ကျန်ကိုယ်စားလှယ် ၁၆၈ ဦးကိုသာ မဲဆန္ဒရှင်များက ရွေးကောက်ခွင့်ရှိသည်။ အဆိုပါ ကိုယ်စားလှယ် ၁၆၈ ဦးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီဖြင့် ရွေးကောက် တင်မြှောက်သည်။ ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်က ၈၄ ဦး  (၅၀ ရာခိုင်နှုန်း)နှင့် လူနည်းစုတိုင်းရင်းသား ကိုယ်စားလှယ်က ၈၄ ဦး (၅၀ ရာခိုင်နှုန်း) ဖြစ်သည့်အတွက် အခွင့်အရေးတန်းတူ ဖြစ်နေသယောင်ပင်။

သို့သော် တကယ့်လက်တွေ့တွင် ဗမာတိုင်းရင်းသားများက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရေ ၅၀ ရာခိုင်နှုန်းထက် ပိုရနေသည်။ စာရေးသူက လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်ရာ ၁၆၈ ဦးအနက်လူနည်းစု တိုင်းရင်းသားကိုယ်စားလှယ်သည် (၇၁) ဦးသာ ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် စုစုပေါင်းအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦး တွင် ဗမာတိုင်းရင်းသားများက ၆၈ ရာခိုင်နှုန်း ရယူထားပြီး ဖြစ်သည်။

ပြည်သူ့ လွှတ်တော်သည် လူဦးရေနှင့် မြို့နယ်ကို အခြေခံပြီး ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်အတွက် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်များက အလိုအလျောက် အသာရနေပြီးဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်စလုံးတွင် ဗမာတိုင်းရင်းသားများက လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာတွင် လူနည်းစုတိုင်းရင်းသားများထက် အမြဲအနိုင်ရနေသည်။

ဌာနေ တိုင်းရင်းသားဒေသများသို့ ဗမာတိုင်းရင်းများ အလုံးအရင်းဖြင့် ဝင်ရောက် အခြေချ နေထိုင်ခြင်းသည် လူဦးရေအချိုးအစားကို ပြောင်းလဲစေပြီး ရွေးကောက်ပွဲများတွင် မဲပေးရာ၌ မဲရလဒ်ကို အကြီးအကျယ် ဂယက်ရိုက်ခတ်စေသည်။ ဤအခြေအနေတွင် လူနည်းစု တိုင်းရင်းသားနိုင်ငံရေးပါတီများ ဖောင်းပွမှုကြောင့် လူနည်းစုတိုင်းရင်းသားများ၏ မဲသည် ထပ်ကွဲရပြန်၍ အခြေအနေကို ပိုပြီး ဆိုးရွားစေသည်။ “မြန်မာနိုင်ငံသားဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံ၏မည်သည့်နေရာတွင်မဆို လွှတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသည်ကို အသိအမှတ်ပြုသည်။”

တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် ပြုပြင်သင့်တဲ့အရာအချို့

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး ရရှိနိုင်ဖို့ဆိုလျှင် အခြေခံကျသော ပြောင်းလဲမှုများစွာ လုပ်ဆောင်ရန် လိုအပ်သည်။ ဗမာတိုင်းရင်းသားများသည် လူများစုဖြစ်၍ ပြည်သူ့လွှတ်တော်တွင် အလိုအလျောက် အနိုင်ရပြီးသား ဖြစ်သည်။ ထို့ကြောင့် လူနည်းစု တိုင်းရင်းသားများသည် အမျိုးသားလွှတ်တော်တွင် အနိုင်ရမှ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး ရရှိမည်ဖြစ်သည်။

ဤသို့ အမျိုးသားလွှတ်တော်တွင် လူနည်းစု တိုင်းရင်းသားများ အနိုင်ရဖို့ဆိုလျှင် လူများစု ဗမာတိုင်းရင်းသားများ နေထိုင်ရာ လက်ရှိတိုင်းဒေသကြီး(၇)ခုကို စုပေါင်းပြီး ဗမာပြည်နယ်ကြီးအဖြစ် ပြောင်းလဲသတ်မှတ် ဖွဲ့စည်းရမည်။ ဤသို့ ပြောင်းလဲဖွဲ့စည်းခြင်းအားဖြင့် အမျိုးသားလွှတ်တော်တွင် လူနည်းစု တိုင်းရင်းသားများက အနိုင်ရရှိမည် ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကို ဖျက်သိမ်းရမည်။ ပြည်ထောင်စု လွှတ်တော်ရှိနေခြင်း သည် အမျိုးသားလွှတ်တော်၏ အခန်းကဏ္ဍကို မှေးမှိန်စေသည်သာမက တိုင်းပြည်၏ ဥပဒေပြုရေးအာဏာကို လူများစု ဗမာတိုင်းရင်းသားများကိုသာ ပုံအောပြီး အပ်နှံထားရာ ရောက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ကြားတွင် သဘောကွဲလွဲသည့် ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်၍ လူများစုဖြစ်သည့် ဗမာတိုင်းရင်းသားများသည် အမြဲတန်း အနိုင်ရမည်သာ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ လက်ရှိ လွှတ်တော်နှစ်ရပ်စလုံးတွင် ဗမာတိုင်းရင်းသားများက လွှတ်တော်နေရာ အများဆုံးကို ရယူထားခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင်လည်း စုစုပေါင်းကိုယ်စားလှယ်နေရာ၏ ၃၃ ရာခိုင်နှုန်းကို တပ်မတော်က ပုဒ်မ ၁၆၁(ဃ)အရ ရယူထားခြင်းကြောင့် လွှတ်တော်တွင်း၌ လူနည်းစုတိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ခွင့်ပို၍ အခွင့်အလမ်း နည်းသွားသည်။

ပြည်ထောင်စုလွှတ်တော်ကို ပယ်ဖျက်ပြီး ဥပဒေကြမ်းများ တင်သွင်းရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးတွင် သီးခြားစီ မဲခွဲဆုံးဖြတ်နိုင်သော အာဏာရှိရမည်။ သို့မှသာ လွှတ်တော်နှစ်ရပ်သည် အပေးအယူပြုလုပ်ပြီး ဆွေးနွေးအတည်ပြုခြင်းဖြင့် ဥပဒေများကို ပြဌာန်းနိုင်မည်ဖြစ်ပြီး၊ ဥပဒေများသည်လည်း ပို၍ တရားမျှတမှု ရှိလာနိုင်မည် ဖြစ်သည်။

ဒီမိုကရေစီသည် ယေဘုယျ အားဖြင့် အများနိုင်ဝါဒဖြစ်သောကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသည် တန်းတူအခွင့်အရေးကို ပြဌာန်းပေးနိုင်ခြင်း မရှိပါက ကြီးနိုင်ငယ်ညှင်းဝါဒ အသွင် ပြောင်းသွားစေနိုင် သည်ကို သတိပြုသင့်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားတန်းတူ အခွင့်အရေး ကင်းမဲ့နေခြင်းကြောင့် ယနေ့တိုင်လက်နက်ကိုပဋိပက္ခ ရှိနေခြင်းဖြစ်သည်။

ဤသို့ ပြုပြင်ပြောင်းလဲရန် နှောင့်နှေးနေမည်ဆိုပါက လူနည်းစု တိုင်းရင်းသားများသည် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာတွင် အမြဲရှုံးနေမှာ ဖြစ်သည်။ ပြည်နယ်များတွင် ပြုလုပ်မည့် ဗဟိုအစိုးရ၏ စီမံကိန်းများကိုလည်း တားဆီးနိုင်စွမ်းရှိမည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံရေးပဋိပက္ခ၊ တိုင်းရင်းသားများ အချင်းချင်းကြား ယုံကြည်မှု ပိုမိုကင်းမဲ့လာပြီး လက်ရှိသွားနေသော ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း တိုးတက်မှု နှေးကွေးနေဦးမည် ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးကို မျှော်ကိုးပြီး သုံးသပ်တင်ပြအပ်ပါသည်။

ယော်ဘောမ်မန်ရှန် သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးသားနေသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် The Fletcher School, Tufts University, USA မှ Law and Diplomacy မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here