လော်ဝေါ် မနောတိုင်နှင့် မနောကွင်းသစ်ဖွင့်ပွဲ ကျင်းပမည်

1554

မြစ်ကြီးနား၊ မတ်၉

လော်ဝေါ်လူမျိုးများ၏ (၄၆)နှစ်မြောက် လော်ဝေါ်စာပေနေ့နှင့် မနောတိုင်/မနောကွင်းသစ်ဖွင့်ပွဲကို မတ်လ ၃၀ရက်နေ့မှ ဧပြီ (၁)ရက်နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှုရုံး (ကျောင်ယာမ်ကွင်း) တွင် ကျင်းပမည့်ပွဲကို နိုင်ငံတော်အကြီးအကဲများ၊ ပြည်နယ်အစိုးရများနှင့်အတူ မနောတိုင်၊ မနောကွင်းသစ် ဖွင့်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ဒုတိယနေ့တွင် လော်ဝေါ်လူငယ် သီးသန့်မနောအကကခြင်း၊ စာပေဟောပြောပွဲ ပြုလုပ်ခြင်းနှင့် တတိယနေ့တွင် လော်ဝေါ်ဒေသများနှင့် လော်ဝေါ်လူမျိုး ဆင်းသက်လာပုံတို့ကို ဟောပြောပို့ချမည့် အစီအစဉ်များ ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

လော်ဝေါ်လူမျိုး များသည် မနောတိုင်များကို ဝါး၊ သစ်သားများဖြင့် စိုက်ထူခဲ့ကြရာမှ ယခုအချိန်တွင် ဝိုင်းမော်မြို့ရှိ မနောတိုင်များကို အစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် ကွန်ကရစ် မနောတိုင်များ စိုက်ထူနိုင်ခဲ့သည်။ မနောတိုင်သစ်များ အထိန်းအမှတ်ဖွင့်ပွဲကို လော်ဝေါ်စာပေ ရရှိသည့် (၄၆)နှစ်ပြည့်နှင့် တစ်ပါတည်း ကျင်းပရခြင်းဖြစ်ကြောင်း လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးလွဏ်းဇောင်းက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

“ရေရှည်တည်တံ့ခိုင်မြဲမှု ကွန်ကရစ်နဲ့ အသစ်ဆောက်လုပ်ခြင်းဖြစ်တယ်။ ဖွင့်ပွဲဆိုတာက အသစ်ကို လက်ခံရရှိခြင်း ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ မူလရိုးရာမနောက ကသွားမယ်”ဟု ၎င်းကပြောသည်။

မနောတိုင်၊ မနောကွင်းဖြစ်မြောက်ရေးအတွက် ရည်ရွယ်ထားသော်လည်း လက်ရှိမြေပြင်တွင် လော်ဝေါ်လူမျိုးစုများ နည်းပါးနေခြင်းနှင့် ရန်ပုံငွေအခက်အခဲကြောင့် ကြန့်ကြာနေခဲ့သည်။ ပြည်နယ်အစိုးရ၏ အကူအညီကူညီဖြင့် မနောတိုင်သစ် စိုက်ထူနိုင်ခြင်းအတွက် ကျေးဇူးတင်မိကြောင်းနှင့် အခြားတိုင်းရင်းသား လူမျိုးတိုင်းလည်း မိမိ၏ စာပေ၊ စကား၊ ယဉ်ကျေးမှုတို့ကို မပပျောက်အောင် ထိန်းသိမ်းသင့်ကြောင်း ဦးလွဏ်းဇောင်းက ဆက်လက်ပြောသည်။

“မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ (၁၃၅)မျိုးရှိတယ်။ နိုင်ငံတော် အစိုးရအနေနဲ့လည်း ဒါကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ပံ့ပိုးမှသာလျှင် မြန်မာနိုင်ငံမှာ ခေါ်ဝေါ်နေတဲ့ (၁၃၅)မျိုးဆိုတာ အမှန် တည်ရှိနေမှာ ဖြစ်တယ်။ တစ်မျိုး အပါအဝင်ဖြစ်တဲ့ ကျွန်တော်တို့လည်း လော်ဝေါ်လူမျိုး/စာ/စကားကို တည်မြဲအောင် ကြိုးစားနေရခြင်း ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ပွဲတော် ရက်များအတွင်း ညပိုင်း အစီအစဉ်အဖြစ် လော်ဝေါ်အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ၊ လော်ဝေါ် ရိုးရာ အတီး/အမှုတ်/အရေး၊ လော်ဝေါ် လနတ်သား၊ လနတ်သမီး အလှမောင်/မယ် ရွေးချယ်ပွဲများနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်သွားမည် ဖြစ်သည်။

လော်ဝေါ်စာပေ ရရှိရေးအတွက် ဆော့လောမြို့နယ်၊ ရယ်ဂျော်ခေါင်ကျေးရွာတွင် နေထိုင်သည့် ချော်ဂျေဒေါင်ခေါင်က ၁၉၄၆ခုနှစ်က လော်ဝေါ်စာပေ ရရှိရေး ကော်မတီဖွဲ့ခဲ့ပြီး စတင်ကြိုးပမ်းခဲ့သည်။ ကက်သလစ်ဘုန်းတော်ကြီး လုကလဟုန်ဟောင်းလွဏ်းက လော်ဝေါ်စာကို တီထွင်ပေးခဲ့ပြီး၁၉၇၂ ခုနှစ်တွင် စာမူရရှိခဲ့ပြီးနောက်၊ ၁၉၇၄ ခုနှစ် မတ်လ(၃၀)ရက်နေ့က ဝိုင်းမော် အ.ထ.က ကျောင်းတွင် လူထုအင်အား (၁၅,၀၀၀)ခန့် တက်ရောက်ကာ စာပေဖော်ထုတ်ရေးကော်မတီက လူထုကို လော်ဝေါ်စာပေယဉ်ကျေးမှု အပ်နှင်းပေးခဲ့ကြောင်း နှင့် ယခုအချိန်တွင် လော်ဝေါ်စာပေရရှိခြင်းက (၄၆)နှစ် ပြည့်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

အသစ် ဖွင့်လှစ်မည့် မနောတိုင်၊ မနောကွင်းသည် စုစုပေါင်း ကုန်ကျငွေသိန်း(၁၅၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျခဲ့ပြီး ကချင်ပြည်အစိုးရမှလည်း သိန်း၅၀၀လှူဒါန်းပေးခဲ့ပြီး၊ ယင်းပွဲနေ့တွင် အစိုးရနှင့် ပြည်သူအကြား ချစ်ကြည်ရင်းနှီးမှု ခေါင်းစဉ်ဖြင့် မနောအကကို ကမည်ဖြစ်ကြောင်း သိရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here