ကိုးရီးယားနိုင်ငံသို့ ကျောက်စိမ်းဈေးကွက် စတင်ထိုးဖောက်နေပြီဟု ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌပြော

15084

မတ် ၉

ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ကျောက်စိမ်းအချောထည်များကို ကိုးရီးယားနိုင်ငံသို့ စတင်ထိုးဖောက်နေပြီ ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးဇေလွမ်းကပြောသည်။

ယခုလက်ရှိအခြေအနေတွင် ကိုးရီးယားနိုင်ငံသို့တရားဝင် အချောထည် ပုတီးလုံးနှင့် လက်ပတ်များတစ်လလျှင် တန်ဖိုးကျပ်သိန်း ၃၀ ခန့် ကိုးရီးယားဈေးကွက်သို့ ထိုးဖောက်လျက်ရှိကြောင်း ဦးဇေလွမ်းက ဆိုသည်။

“ကျွန်တော်တို့ အနေနဲ့တော့ ကိုးရီးယားကို နည်းနည်းပါးပါးတော့ ပုတီးလုံး၊ လက်ပတ်တို့တော့ တရားဝင်ကနေတော့ ပို့နေတယ်ပေါ့နော်။ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ မသိသေးပါဘူး”ဟု ဦးဇေလွမ်းက ပြောသည်။

ကိုးရီးယား နိုင်ငံသို့ ကျောက်စိမ်းပစ္စည်းများ တင်ပို့နေမှုသည် တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး ကျောက်မျက်ရတနာနှင့် ပတ်သက်ပြီး တရားဝင် လုပ်ငန်းအဖြစ် တင်ပြလာသမျှ နည်းဥပဒေပါအတိုင်း အစိုးဖက်မှ ကူညီရန် အသင့်ရှိကြောင်း ပြည်နယ် သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးဦးဒါရှီလဆိုင်းက ပြောသည်။

“ဥပဒေမှာလည်း အတိအလင်း ရေးထားပြီးသားပေါ့နော်။ ကျောက်စိမ်းဈေးကွက်နဲ့ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကား ခြင်းလုပ်ငန်းကို ခွင့်ပြုမိန့်လုပ်ငန်းနဲ့ လိုင်စင်ရရှိသူများကို လွတ်လပ်စွာ ခွင့်ပြုရန်ဆိုပြီး အခန်း၂ ရည်ရွယ်ချက်မှာလည်း ထည့်ထားပေးပြီးသားပါ” ဟု ဝန်ကြီးမှ ရှင်းပြသည်။

တရားဝင်လုပ်ငန်း ဖြစ်ပြီး အစိုးရထံအခွန်ဆောင်ထားသောကျောက်ကို ခွင့်ပြုမိန့်ပါတိုင်း ဆောင်ရွက်မည်ဆိုပါက နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စီးပွားရေးအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဝန်ကြီးမှ ဆက်လက်ပြောသည်။

ယခု လက်ရှိအချိန်ထိ ကချင်ပြည်နယ်မှ ထွက်ရှိသော ကျောက်မျက်ရတနာများကို တရုတ်နိုင်ငံသို့ အဓိက တင်သွင်းရောင်းချနေသည်။
Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here