ကချင်ရုပ်ရှင်နှင့် ဗီဒီယိုလောက၏ ကနဦးစွမ်းဆောင်ခဲ့သော ရုပ်ရှင်အသိပညာရှင်၊ အတတ်ပညာရှင်များကို ဂါဝရပြုဆုချီးမြှင့်

1481
ကချင်အနုပညာရှင်များ

မြစ်ကြီးနား၊ မတ်၁၀

ကချင်ရုပ်ရှင်နှင့် ဗီဒီယိုလောက၏ ကနဦးစွမ်းဆောင်ခဲ့သော ရုပ်ရှင်အသိပညာရှင်၊ အတတ်ပညာရှင်များကို ဂါဝရပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို မတ်လ(၁၀)ရက်နေ့က မြစ်ကြီးနားမြို့၊ စီတာပူ၊ မနောင်ကွင်း(မဂျွယ်ခန်းမ)တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အစီအစဉ်သည် ရုပ်ရှင်ဆပ်ကော်မတီ ကချင်အနုပညာရှင်များ အသင်းချုပ်မှ ဦးဆောင်ကာ “Hkrang Sumla Ningshawng Ningla Ni hte Hkrum Zup Zinlum Shagrau Hpawng”ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ကချင်အနုပညာလောကကို စတင်ချိန်မှ လက်ရှိချိန်ထိ အနုပညာသက်တမ်း(၂၅)နှစ် အထက်ရှိသည့် အနုပညာရှင်များကို ဆုချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုဂါဝရပြုပွဲတွင် ခေတ်တစ်ခေတ်ကို ကိုယ်စားပြုခဲ့သည့် ဇာတ်ဆောင် မင်းသား/သမီးများ၊ ဇာတ်ပို့များ၊ ဇာတ်လမ်း/ညွှန်း ရေးသားသူများ၊ ဇာတ်ကား ဖန်တီးရိုက်ကူးသည့် ဒါရိုက်တာများ၊ ကင်မရာသမားနှင့် ကချင် အနုပညာလောကို ဦးဆောင်ကူညီပေးခဲ့သည့် ဝါရင့် သရုပ်ဆောင်ကြီးများကို ဆုချီးမြှင့်ကြောင်းလည်း သိရသည်။

ဆုချီးမြှင့်ခြင်းခံရသော အနုပညာရှင်များဖြစ်သည့် Kum Mai, Ngwa Ma Lay, Shawng Htawk Tsin Pan, Sr. Naw Main, W.p Awng Mai, Labya La Bawk, Dashi Gun La, Nlung Salum,ခင်မောင်ဦး+ စိုးသိန်းထွဋ် (Director), ဖထီး ကိုစိုး (Shooting Manager), Labang Hkawn Ji, L Ja Tawng, L. Zau Dingတို့ကို ဂုဏ်ပြုဆု Trophy (ဆုဖလား) များကို ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ယင်းပွဲတွင် ဝါရင့် ကချင်သရုပ်ဆောင်ကြီးများကိုကျေးဇူးတင် အသိအမှတ်ပြုပေးခြင်း၊ ကောင်းချီး တောင်းခံခြင်းနှင့် ကချင်အနုပညာလောကကို ဦးဆောင်လမ်းဖွင့် ပေးခဲ့သည့် စီနီယာကြီးများနှင့် မျိုးဆက်သစ် အနုပညာရှင် မောင်နှမများ ပေါင်းစည်း တွေ့ဆုံစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရုပ်ရှင်ဆပ်ကော်မတီတာဝန်ခံ ကိုဇော်ဒွဲခေါင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အခုလို မျိုးဆက်သစ်တွေ များပြားလာဖို့ ဆိုတာကပထမဦးဆုံး လမ်းဖွင့်ပေးတဲ့ သူတွေလိုတယ်။ အဲ့ဒီလို လမ်းဖွင့်ပေးလို့လည်း ကျွန်တော်တို့ ကြိုးစားခွင့်လည်း ရသွားတယ်။ အခုချိန်ထိလည်း ကျေးဇူးတင်တယ်။ သူတို့ ကြိုးစားမှုလေးကို သူတို့ကိုယ်တိုင်လည်း ပီတိလေး ရစေချင်တယ်”ဟု ၎င်းက ပြောသည်။

ယင်းပွဲသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကိုယ်တိုင် တက်ရောက်ခဲ့သည့်အပြင် ကချင်အနုပညာရှင် နယ်ပယ်အသီးသီးမှ အနုပညာမောင်နှမများ တက်ရောက်ခဲ့ကြသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here