ကချင်ပြည်နယ်အတွင်း ဝင်ထွက်သွားလာနေသော တရုတ်ငှက်ပျော ကားကြီးများကို ကျန်းမားရေး စိစစ်ကြပ်မတ်ကာ ဝင်ထွက်ခွင့်ပေးထား

4551
တရုတ်ငှက်ပျောကား

မတ် ၉

ကချင်ပြည်နယ်အတွင်း တရုတ်တစ်သျှူးငှက်ပျော ကုန်တင်တွဲကားကြီးများကို ကျန်မာရေး စိစစ်ကြပ်မတ်ကာ ဝင်ထွက် သွားလာခွင့်ပေးထားကြောင်း ပြည်နယ်လှုမှုရေးဝန်ကြီး ဦးနေဝင်းက ပြောသည်။

တရုတ်နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမည်ကို စိုးရိမ်သောကြောင့် ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားသော တရုတ်ငှက်ပျောတွဲကားကြီးများကို ကချင်ပြည်နယ်အစိုးရမှ ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ စတင်ကာ ဝင်ထွက်ခွင့် ပြန်လည်ခွင့်ပြုထားခြင်း ဖြစ်သည်။

“သူတို့သွားမယ်၊ လာမယ် ဆိုလို့ရှိရင် တရုတ်ပြည်ကနေ တရားဝင်ကျန်းမာရေးစစ်ဆေးချက် ပါရမယ်။ ကူးစက်ခံရသူ ဟုတ်မဟုတ် စောင့်ရှောက်ရေး စခန်းမှာ၁၅ ရက် စောင့်ကြည့်ပြီး ကင်းရှင်းပြီဆိုရင် ထိန်ချုန်းမှာလည်း ၁၅ရက် ထပ်စောင့်ကြည့်ပြီး ဝင်ထွက်ခွင့်ပေးထားတယ်”ဟု ဝန်ကြီးဦးနေဝင်းက ရှင်းပြသည်။

ယင်းအပြင် ကချင်ပြည်နယ်သို့ ဝင်ရောက်လာမည့် တရုတ်တစ်သျှူးငှက်ပျော ကားကြီးများကို ပိုးသတ်ဆေးဖြန်းခြင်းများကိုလည်း ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။

ထိုကားကြီးများ ဝင်ထွက်သွားလာခြင်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်နေကြောင်း မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်နေ ကိုထွန်းထွန်းဦးက ပြောသည်။
“တရုတ်ပြည်ထဲမှာ ဒီရောဂါပိုးတွေဖြစ်နေပြီး အဲဒီရောဂါတွေ မြန်မာပြည်ထဲဝင်လာရင် အန္တရာယ်ရှိတယ်လေ။ အဲ့ဒါကြောင့် ဒီရောဂါပိုး ပါလာခဲ့သည်ရှိသော် ကျွန်တော်တို့က ဒုက္ခတွေအများကြီး ရောက်နိုင်တယ်လေ။ နောက်မှာလည်း မိသားစုတွေရှိတယ်”ဟု ထွန်းထွန်းဦးက ဆိုသည်။

မြန်မာနိုင်ငံ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နယ်စပ်ဂိတ်များတွင် ကားနှင့် လူဝင်လူထွက်မရှိစေရေးအတွက် တင်းကြပ်စွာ စိစစ်ပေးရန် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံရှေ့တွင် လူဦးရေ ၂၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here