“အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့တွေမှာ လူငယ်တွေကို များများ လက်တွဲခေါ်ပေးပါ”

1546
ပြည်သူ့ဂုဏ်ရည်ဆုရ မဆွတ်ဆိုင်းထွယ်
ပြည်သူ့ဂုဏ်ရည်ဆုရ မဆွတ်ဆိုင်းထွယ်

မဆွတ်ဆိုင်းထွယ်ဟာ အသက် ၂၄ နှစ်အရွယ် ကချင်အမျိုးသမီး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ပါတယ်။ သူဟာ အသက် ၂၀ အရွယ်က စပြီး Kachin Woman Assosiation Thailand မှာ အမျိုးသမီးအခွင့်အရေး ကာကွယ်သူအဖြစ် စတင် ပါဝင်လှုပ်ရှားခဲ့ပါတယ်။ လူမှုရေး၊ စစ်ရှောင်ပြည်သူများ အရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့တာတွေကြောင့် အမေရိကန်နိုင်ငံ အခြေစိုက် အဝေးရောက်မြန်မာများ စုပေါင်းချီးမြှင့်တဲ့ ပြည်သူဂုဏ်ရည်ဆုနဲ့ နယူးဇီလန်နိုင်ငံ Wellington Kachin Community က ချီးမြင့်တဲ့ Ram Ninja ဆုတွေ ရရှိထားသူလည်း ဖြစ်ပါတယ်။ မဆွတ်ဆိုင်းထွယ်ကို ကချင်ပြည်နယ်နိုင်ငံရေးမှာ လူငယ်များပါဝင်နိုင်မှု အကြောင်းနဲ့ ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်က တွေ့ဆုံမေးမြန်းထားပါတယ်။

အစ်မ လက်ရှိတာဝန်ယူထားတဲ့ အလုပ်တွေကို အရင်ဦးဆုံးပြောပြပေးပါဦး။
ကျွန်မက လက်ရှိ ကချင်လူငယ်များအဖွဲ့ ကွန်ရက်မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ကချင်လူငယ်ထု လှုပ်ရှားမှုမှာလည်း ကျွန်မကိုယ်တိုင် နက်နက်နဲနဲပါဝင်နေပါတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စစ်ရှောင်တွေရဲ့ အရေးကိစ္စတွေ၊ ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်စေလာဖို့အတွက် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လူငယ်တွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်နေပါတယ်။

နိုင်ငံရေးတွေမှာ ဘယ်လို ပါဝင်ဖြစ်ခဲ့တာပါလဲ။
ကျွန်မ မုံရွာတက္ကသိုလ်ကျောင်းတက်ကတည်းက ကချင်စာပေနဲ့ ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့မှာ အတွင်းရေးမှူးအဖြစ် စလှုပ်ရှားခဲ့တယ်။ အဲဒီကတည်းက လူငယ်လှုပ်ရှားမှုတွေ လူငယ်စိတ်ဓါတ် မြှင့်တင်ရေးတွေ အများကြီးလုပ်ခဲ့တယ်။ ၂၀၁၄ ခုနှစ် ကျွန်မအသက် ၂၀ လောက်မှာ အမျိုးသမီး အခွင့်အရေးအတွက် စပြီး လှုပ်ရှားဖြစ်တယ်။ အဲဒီကတည်းကစပြီး ကျွန်မ အမျိုးသမီးအခွင့်အရေး ကာကွယ်သူတစ်ယောက် ဖြစ်လာတယ်။ ပြီးတော့ အခု ကျွန်မ အမျိုးသမီးအခွင့်အရေးကို ကာကွယ်သူ၊ ပြောဆိုသူအနေနဲ့ရော စတင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံရေးလောကကို ဝင်လာခဲ့တာပါရှင့်…။

လူငယ်နဲ့ နိုင်ငံရေးကို အစ်မအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
လူငယ်နဲ့နိုင်ငံရေးဆိုတာက ရေနဲ့ငါးလိုပဲ ဖြစ်နေရမယ်။ ဘာဖြစ်လို့ အဲသလိုပြောလည်းဆိုတော့ ရေနဲ့ငါးလို့မပြောခင်မှာ နိုင်ငံရေးဆိုတာကို အဓိပ္ပါယ်ဖွင့်ရမယ် ဆိုလို့ရှိရင် တစ်ဖက်မှာလည်း ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေ ကနေပြီးတော့ ပေါ်လစီတွေရေးဆွဲထားပြီး တော့ ကောင်းမွန်စွာ အုပ်ချုပ်တဲ့ အုပ်ချုပ်မှုယန္တရားရှိမယ်၊ နောက်တစ်ဖက်မှာ နိုင်ငံရေးဆိုတာ ကျွန်မတို့ရဲ့နေ့စဉ်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးတွေက နိုင်ငံရေးမှာ အကျူံးဝင်တယ်။ အဲဒီတော့ ဒါတွေကို နိုင်ငံရေးလို့ခေါ်တယ်။ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ပိုပြီးတော့ ပါဝင်ရမယ်ဖြစ်သလို ဘာဖြစ်လို့ လူငယ်တွေပိုပြီးတော့ ဒီနိုင်ငံရေးနဲ့ ဆက်စပ်နေရမှာ လဲဆိုတော့ လူငယ်တွေသည် တိုင်းပြည်ရဲ့အနာဂါတ်ဖြစ်တယ်။ တိုင်းပြည်တစ်ခုက ဘယ်လောက်ထိ အလားအလာရှိလား/မရှိဘူးလား ဆိုတာက အခုလက်ရှိ တိုင်းပြည်က လူငယ်တွေအပေါ်မှာ ဘယ်လောက်ထိရင်းနှီးမြှုပ်နှံမှုလုပ်နေပြီလဲ ဆိုတဲ့အရာက စကားပြောသွားတယ်။ အဲဒါကြောင့် လူငယ်တွေက နိုင်ငံရေးမှာ အရမ်းအရေးကြီးတဲ့ အနာဂါတ်အခန်းကဏ္ဍမှာ ပါဝင်တယ်။

လက်ရှိ ကချင်ပြည်နယ်မှာက လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်မှု ဘယ်လောက်ထိရှိနေတယ်လို့ မြင်ပါသလဲ။
ကချင်ပြည်နယ်မှာ လူငယ်တွေက နိုင်ငံရေးမှာ ဘယ်လိုပါဝင်မှုရှိလဲဆိုတော့ ကျွန်မတို့ သေသေချာချာ စာရင်းကောက်ထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ အရမ်းကိုအားနည်းနေသေးတယ်။ ဘာကြောင့်လူငယ်တွေပါဝင်မှု အားနည်းနေလဲဆိုတာကို ပြန်ကြည့်မယ်ဆိုရင် ကျွန်မတို့က
၁။ သမိုင်းကိုကြည့်ရမယ်
၂။ လက်ရှိအခြေအနေ
၃။ လူငယ်တွေရဲ့စိတ်ဝင်စားမှု ဒီအချက်တွေပေါ့။

သမိုင်းကိုကြည့်ရမယ်ဆိုတာက ဘာကိုဆိုလိုတာလဲရှင့်။
သမိုင်းလို့ဆိုတဲ့အချိန်မှာ နိုင်ငံရေးလှုပ်ရှားလို့၊ နိုင်ငံရေးတက်ကလှုပ်ရှားသူဖြစ်လာလို့ ဘယ်လို ပြောမလဲ အတိတ်ကောင်းခဲ့တာ ကျွန်မတို့ မတွေ့ခဲ့ရဘူး။ ဖမ်းချုပ်တာတို့၊ ဒဏ်ရာရသွားတာတို့၊ ဘဝပျက်သွားတာတို့၊ ဒုက္ခိတ ဖြစ်သွားတာတို့ ဆိုတာတွေပဲ မြင်တွေ့ခဲ့ရတယ်။ အဲဒါကြောင့် မိဘတွေက အားမပေးရဲတော့တာ တစ်ခုပေါ့နော်။ ပြီးတော့ နောက်တစ်ဖက်မှာဆိုရင် ခေတ်အဆက်ဆက် သမိုင်းဆက်ပြီး ကြည့်မယ်ဆိုရင် အုပ်ချုပ်ရေးယန္တရားကို လူငယ်တွေ ဘာကြောင့် များများမရောက်သေးဘူးလဲဆိုတော့ အသက်အပိုင်းအခြား အကန့်အသတ်လဲရှိနေသေးသလို ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ လူငယ်တွေ ဘယ်လောက်ပဲတော်တော် အရည်အချင်းနဲ့သွားနေတာမဟုတ်ဘဲ စီနီယာအလိုက် သွားနေတာ။ ဒါက အသက်ကြီးနေသူက အရင်ဆုံးမြင့်တဲ့နေရာကိုသွားတဲ့ ပုံစံဖြစ်နေတော့ ကျွန်မတို့လူငယ်တွေအတွက် အခွင့်အရေး အရမ်းနည်းတယ်။ အဲဒါကြောင့်လည်း တစ်ခုပေါ့နော်။

ဒုတိယအချက်ဖြစ်တဲ့ လက်ရှိအခြေအနေ ဆိုတာလေးလည်း ရှင်းပြပေးပါ။
လက်ရှိအခြေအနေဆိုတာက ဘာလဲဆိုတော့ ကမ္ဘာကိုပြောင်းလဲနိုင်တဲ့သူတွေကို ကြည့်လို့ရှိရင် သောက်နိုင်စားနိုင်တဲ့သူတွေများတာကို တွေ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံ အခြေအနေအရတော့ တစ်နေ့လုပ်မှ တစ်နေ့စားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ အဲတော့ ကိုယ့်ရဲ့စားဝတ်နေရေးအတွက်၊ ပညာရေး ကောင်းဖို့အတွက်တို့နဲ့ နစ်မြုပ်နေတဲ့အချိန် နိုင်ငံရေး အုပ်ချုပ်ရေးယန္တရားတွေ ဘယ်လောက်ပဲ ယိုယွင်းပျက်စီးနေလည်း ကျွန်မတို့ ပြောဖို့အားလည်း မရှိဘူး။ အချိန်လည်းမရှိဘူး။ ဦးခေါင်းလည်း မလှည့်နိုင်ဘူး။ တကယ့်ကို ပိုက်ဆံရှိသွားတဲ့သူတွေရဲ့ သားသမီးတွေ၊ လူငယ်တွေတော့လည်း ဒီနိုင်ငံရေး အရှုပ်မှာ မပါဝင်ချင်တော့ဘူး။ တကယ့် သူတို့ရဲ့အဆင့်မြင့် ပညာရေးအတွက် နိုင်ငံခြားသွားတယ်၊ ရန်ကုန်ကို သွားလိုက်တယ်။ အဲဒီတော့ ဒီမှာလုပ်နေတဲ့သူတွေက သာမန် လူတန်းစားတွေ။ ပြောချင်တာက တစ်နေ့လုပ်တစ်နေ့စားအတွက် သိပ်မပူရတဲ့သူတွေပဲ ပါဝင်နေတယ်။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေ တောင်မှ စားသောက်ဖို့သိပ်မပူရပေမယ့်၊ ဒီလမ်းကြောင်းပေါ်မှာ ရပ်တည်ဖို့အတွက် ရုန်းကန်နေရတယ်။ ဖုန်းဘေလ်ကအစ၊ ဆီဖိုးအဆုံးပေါ့နော်၊ ပြီးတော့ အစီအစဉ်တစ်ခုလုပ်မယ်ဆိုရင် ဘယ်လိုတွေ စီမံရမယ်ဆိုတာတွေပေါ့။ ဒီဒဏ်တွေကို ခံနိုင်ပါ့မလား။ လောလောဆယ် လူတန်းစား ကွာဟမှုကြောင့် မပါဝင်နိုင်သေးတာလို့ ကျွန်မမြင်တယ်။

လူငယ်ရေးရာပေါ်လစီ ရှိလာတဲ့အပေါ်မှာကော အစ်မအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
လူငယ်တွေနိုင်ငံရေးမှာ ပါဝင်ရမယ်ဆိုပြီး၊ လူငယ်တွေအတွက် သီးသန့်မူဝါဒ သတ်မှတ် ပြဌာန်းထားတာ မရှိဘူး။ အခုနောက်ပိုင်း ၂၀၁၇ ခုနှစ်မှာတော့ လူငယ်ရေးရာပေါ်လစီကတော့ ရှိလာပြီပေါ့နော်။ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နိုင်ငံရေး အဲဒီလို ကဏ္ဍတွေ ရှိနေပေမယ့်လည်း အခုချိန်ထိ ကောင်းကောင်းမွန်မွန် အကောင်အထည် မဖော်နိုင်သေးဘူး။ ဘတ်ဂျတ်ကလည်း ခုချိန်ထိ မကျသေးတာတွေရှိနေတယ်။

ကချင်ပြည်နယ်အတွင်း လက်ရှိနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တွေက ပေါ်လစီရေးဆွဲတဲ့အခါ ထဲထဲဝင်ဝင်လှုပ်ရှား နေပြီလား။
ကျွန်မတို့လှုပ်ရှားနေတဲ့သူတွေကလည်း ပေါ်လစီရေးဆွဲတဲ့နေရာမှာ မပါဝင်နိုင်သေးဘူး။ Ground Level မှာပဲ ရှိနေတယ်ပေါ့နော်။ ဒါက ကချင်ပြည်နယ်ရဲ့ အခြေအနေပေါ့။ ကျွန်မတို့ ကချင်ပြည်က ခေတ်အဆက်ဆက် ပြည်တွင်းစစ်ဖြစ်ခဲ့တာ။ အဲတော့ လူငယ်တိုင်းက စစ်မဖြစ်ချင်ဘူး။ ဒါတော့သိတယ်။ နိုင်ငံရေးမှာ ဘယ်လိုပါဝင်ရမလဲ။ ပါဝင်ရမယ့် လမ်းကြောင်းကဏ္ဍကို ကြည့်လိုက်ရင်၊ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေတဲ့သူတွေကို ကြည့်လိုက်ရင်လည်း သူတို့အတုယူစရာတွေ မတွေ့ရတဲ့ဟာတွေရှိတယ်။ ဒါက ကျွန်မဘယ်ဖက်မှ မပါဘဲပြောနေတာပါ။ ဒီ နိုင်ငံရေးလုပ်နေသူရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေသို့ ကြည့်တယ်၊ ပြီးတော့ တစ်ဖက်မှာတော့ ဘယ်လောက်ထိ အခက်အခဲတွေရှိတယ်ဆိုတာကို ကြည့်ပြီး မပါဝင်ရဲကြဘူး။ ကချင်ပြည်နယ်က လူငယ်တွေက နိုင်ငံရေးဆိုတာ အရေးကြီးတာသိပေမယ့် သူတို့ကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်ဆောင်မှု မရှိဘူး။

ပြည်သူ့ဂုဏ်ရည်ဆုရ မဆွတ်ဆိုင်းထွယ်
ပြည်သူ့ဂုဏ်ရည်ဆုရ မဆွတ်ဆိုင်းထွယ်

နိုင်ငံရေးနဲ့ ပတ်သက်ပြီး လူငယ်တွေလုပ်ရှားမှု အများဆုံးနေရာက ကချင်ပြည်နယ်မှာဆို ဘယ်နေရာ ဖြစ်မလဲ။
လူငယ်အများဆုံးရဲ့ လှုပ်ရှားမှုက ဘယ်မှာလဲဆိုတော့ အသင်းတော်ထဲမှာ များတယ်။ အခုဆိုရင် အသင်းတော်ရဲ့ Institution က အရမ်းခိုင်လာတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ နိုင်ငံဆိုတဲ့ဘောင်ထဲမှာ လူငယ်တွေရဲ့ပါဝင်မှုကတော့ ခုချိန်ထိ ရာခိုင်နှုန်း တက်မလာသေးဘူး။

အမျိုးသမီး လူငယ်တွေ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုမှာရော ဘယ်လိုအခြေအနေရှိတယ်လို့ အစ်မမြင်မိပါသလဲ။
အမျိုးသမီးလူငယ်တွေ နိုင်ငံရေးမှာ လှုပ်ရှားသူက အရမ်းရှားတယ်။ အမျိုးသမီးတွေက ပိုပြီးမှ အတားအဆီးများတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တချို့က လူငယ်အမျိုးသမီးတွေဆိုရင် တစ်ခါတလေ ကိုယ့်ရဲ့ချစ်သူတို့၊ ဘဝလက်တွဲဖော်တို့က နားမလည်ပေးနိုင်ဘူးဆိုရင် မိန်းကလေးတွေအနေနဲ့ နိုင်ငံရေးမှာ လှုပ်ရှားပါဝင်ဖို့ ခက်ခဲတယ်။ ပြီးတော့ အမျိုးသားတွေနဲ့ရင်ဆိုင်ပြီး စကားပြောဆိုရတယ်။ အိမ်မှုကိစ္စတွေ ရှိတာရယ်၊ အချိန်မပေးနိုင်တာရယ် ဒါတွေက ကျွန်မတို့ အမျိုးသမီးတွေရဲ့ တော်တော်များများ မခံနိုင်တဲ့အရာ ဟုတ်တယ်။ အဲဒါတွေက မိန်းကလေးတွေ ကြုံနေရတဲ့ ပုဂ္ဂိုလ်ရေးရာပိုင်းတွေပေါ့နော်။ ကျွန်မတို့ရဲ့ ကချင်အသိုင်းအဝိုင်း စကားပုံတစ်ခုရှိတယ်။ အမျိုးသမီး မိန်းကလေးရဲ့စကားနားမထောင်နဲ့ (Num Ma ga hkum madat)အမျိုးသမီးဆိုပြီး တစ်ခါနှိမ်လိုက်တယ်။ ဒုတိယတစ်ခါ ကလေး၊ ဓဒါကလေးစကားပါဓဆိုပြီး တစ်ခါပြန်နှိမ်တယ်။ အဲဒီတော့ ကျွန်မတို့ အမျိုးသမီး၊မိန်းကလေးတွေ ပြောတဲ့စကား တော်တော်များများ သူတို့နဲ့ အတိုက်အခံ ဖြစ်လာပြီဆိုရင် ကျွန်မတို့ရဲ့ အသိုင်းအဝိုင်းက “သူနဲ့မတူ ကိုယ့်ရန်သူ”လို့ပဲ အယူအဆ အမြင်သဘောထားကို ကိုင်ထားကြတာ။ ဒါကြောင့် အမျိုးသမီးတစ်ယောက်အနေနဲ့ ယုံကြည်မှုရဖို့ခက်ခဲသလို၊ လုပ်ဆောင်ရတာလည်း အရမ်းခက်ခဲတယ်။ အဲဒီတော့ ဒီအရာတွေကို ကျော်ဖြတ်ဖို့ဆိုရင်တော့ တကယ့်ကို ခံဝန်ချက်ကတိကဝတ်ရှိတဲ့ စိတ်ရင်းပိုင်ရှင် တစ်ယောက်မှ ကြံ့ကြံ့ခံရပ်တည်နိုင်မှာပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကြည့်လိုက်ရင်လည်း အမျိုးသမီးပါဝင်မှုက အရမ်းကို နည်းပါးနေတယ်။ ခုချိန်မှာ ရာခိုင်နှုန်း ဘယ်လောက်လို့ လုပ်နေပေမယ့် ခုချိန်ထိလက်တွေ့က ဖြစ်မလာသေးဘူး။

ကချင်ပြည်နယ်က လူငယ်တွေရဲ့ပြဿနာက ဘာလို့ထင်ပါသလဲ။
လောလောဆယ် ကချင်ပြည်နယ်မှာရှိတဲ့ လူငယ်တွေရဲ့အနေအထားက အလုပ်အကိုင်ရှားပါးမှု ပြဿနာပဲ။ အလုပ်အကိုင် ရှိလာတော့လည်း ကျွန်မတို့လူငယ်တွေက အဆင်သင့်မဖြစ်သေးတာ။ ဥပမာ ကချင်ပြည်နယ်က လူငယ်တွေ Microsoft pakages ပိုင်တဲ့သူတွေ လာခဲ့ကြပါ၊ အင်္ဂလိပ်စကားအပါအဝင် ဘာသာစကား ၃ခုလောက် ကျွမ်းကျင်တဲ့သူတွေ လာခဲ့ကြပါဆိုရင်တောင် ကျွန်မတို့ ကချင်ပြည်နယ်မှာ ရှိနေတဲ့ လူငယ်တွေက ဒီစံနှုန်းတွေနဲ့ကိုက်ညီဖို့ အရမ်းလိုအပ်နေသေးတယ်။

ကချင်ပြည်နယ်မှာရှိတဲ့ လူငယ်တွေကို အကြံပေး ပြောပြချင်တဲ့ စကားကိုလည်း ပြောပေးပါဦး။
အကြံပေးချင်တယ် ဆိုတာထက် ဖိတ်ခေါ်ချင်တာ။ ကျွန်မတို့ ကချင်ပြည်နယ်ဆိုရင် လုပ်ဆောင်စရာ အများကြီးရှိတယ်။ ပြည်တွင်းစစ်ကြောင့် တိုက်ပွဲရှောင်နေတဲ့ ပြည်သူတွေ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာရေး၊ မူယစ်ဆေးဝါး စတဲ့ ကိစ္စရပ်တွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် နိုင်ငံရေးလို့ပြောလိုက်ရင် အရမ်းကြီးတွန့်ဆုတ်မနေဘဲ၊ ကိုယ် ဘယ်လိုကဏ္ဍမှာ ပါဝင်လို့ရသလဲ ဆိုတာကို ကြည့်ပြီး ပါဝင်သင့်တယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပါ။ ရှေ့မှာပြောသွားတဲ့ ကဏ္ဍတွေမှာ ပါဝင်နိုင်ဖို့ ကြိုးစားရအောင်လို့ ပြောချင်ပါတယ်။

အစ်မအနေနဲ့ ဖြည့်စွက်ပြောချင်တဲ့စကားရှိရင် ပြောပေးပါဦး။
ဖြည့်စွက်ပြောရမယ်ဆိုရင် လူငယ်နိုင်ငံရေးမှာ ဘာကြောင့် မပါဝင်တာလဲလို့မေးလာတဲ့အချိန်မှာ ဒီလူငယ်တွေ ပါဝင်ဖို့ဆိုတာ ကျွန်မတို့လူငယ်တွေပဲ နေရာတိုးနေလို့မရဘူး။ အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့တွေမှာ လူငယ်တွေကို များများ လက်တွဲခေါ်ပေးပါလို့ ပြောချင်ပါတယ်။

မျိုးမြတ်မြတ်ပန် မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here