မင်္ဂလာရှိသော နေ့ထူးနေ့မြတ်

1179

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ၇၃ နှစ်မြောက် “ပြည်ထောင်စုနေ့” ဖြစ်သည်။ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံးအတွက် မမေ့အပ်၊ မမေ့နိုင်သေး သည့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တစ်ရပ် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် နေထိုင်ကြသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဘာသာစကားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုဖြစ်သည်။ ယခုကဲ့သို့ လူမျိုး၊ဘာသာပေါင်းစုံနေသည့် နိုင်ငံဖြစ်သည့်အတွက် အချင်းချင်းခွဲခြားဆက်ဆံသည့် စိတ်ဓာတ်တွေ မရှိဖို့၊ နားလည်မှုများရှိဖို့ အင်မတန်လိုအပ်သည်။

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ၊ နိုင်ငံတော်အလံ တစ်ခုတည်းအောက်မှာ တည်ရှိသည့် နိုင်ငံတော် မည်သည့်အစိတ်အပိုင်း/မည်သည့် ဒေသမှာမဆို နေထိုင်ကြသည့် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်သော စိတ်ဓာတ်ကို ခေါ်သည်။ ထို့ကြောင့် ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြဖို့ အရေးကြီးဆုံးဖြစ်သည်။

သမိုင်းကြောင်းအရ တိုင်းရင်းသားလူမျိုး အသီးသီးတို့ကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ရရာလက်နက်ကိုင်စွဲပြီး နယ်ချဲ့များကို တွန်းလှန်၍ လွတ်လပ်ရေး ရယူနိုင်ခဲ့သည်မှာလည်း ပြည်ထောင်စု စိတ်ဓာတ်ကြောင့်သာ ဖြစ်သည်။
သွေးမကွဲ စည်းလုံးခဲ့ခြင်းကြောင့် မေ့မရသည့် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓာတ်က သက်သေထူလျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကချင်၊ ချင်း၊ ရှမ်း အမျိုးသား ကိုယ်စားလှယ် ၂၃ ဦးတို့က တိုင်းရင်းသား လူမျိုးအားလုံးတို့၏ စည်းလုံးညီညွတ်ခြင်းဖြင့် သာတူညီမျှ တစ်စည်းတစ်လုံးတည်း နေထိုင်ကြမည်ဟူသော သန္နိဌာန်ဖြင့် ပင်လုံစာချုပ်သဘောတူ လက်မှတ်ရေးထိုးသည့် အထိမ်းအမှတ်ကြောင့် ပင်လုံစာချုပ်ချုပ်ဆိုသော ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့”အဖြစ် သတ်မှတ်ခဲ့သော သမိုင်းဝင်နေ့ရက်လည်း ဖြစ်ပါသည်။

တည်ထောင်ထားသော ပြည်ထောင်စုကြီး ပြိုကွဲမသွားအောင် ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြရာ ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုး တစ်ရာကျော်ကလည်း စည်းလုံးမှု တစ်ညီတစ်ညွတ်တည်းဖြင့် ဆက်လက်ထိန်းသိမ်းကြရမည်။

တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှ ဖြစ်မည်ဆိုသည့် ခံယူချက်နှင့်အတူ နိုင်ငံတစ်ခု၏ ဒေသ၊ အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန်လေးစား တန်ဖိုးထားမှုတွေ ရှိလာပါက ပြဿနာပေါင်းများစွာမှသည် ပြည်ထောင်စုအောင်ပွဲဆီသို့ ရောက်ရှိလာရန် မျှော်လင့်တောင့်တပါသည်။

လက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်များတွင် နိုင်ငံရေးအပြင် ကဏ္ဍအသီးသီးမှ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိနေသည်။ ပြည်သူလူထုတွေ မကြာခဏတောင်းဆိုနေကြသည့်၊ ဆာငတ်သကဲ့သို့ တောင့်တနေကြသည့် ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက လည်း ပြည်ထောင်စုစိတ်ဓာတ် အပြည့်ဖြင့် ဝိုင်းဝန်းကူညီကြရပါလိမ့်မည်။

ယနေ့ကျရောက်သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ “၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့”အပြီး များမကြာမီအချိန် နောက်ပိုင်းတွင် အစိုးရအဖွဲ့၊ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Aggrement) လက်မှတ်ရေးထိုးနိုင်ရေးအတွက် တရားဝင်တွေ့ဆုံရန် ရှိနေသည်ဟု ကြားသိရသည်။ ယင်းတွေ့ဆုံပွဲမှတစ်ဆင့် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုသို့ သွားနိုင်ရန် မျှော်လင့်မိပါသည်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here