ဧပြီ၊ ၂၉
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ ၂၅ ယောက်ကို KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီလ ၂၆ ရက်နေ့က အဲဒီခရီးသည်ပြည်သူတွေဟာ ကားမိုင်လမ်းကနေ ဖားကန့်ဘက် တက်လာတဲ့အချိန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး အခုထိမလွတ်သေးဘူးလို့ သိရပါတယ်။
တရားဝင်စာထုတ်ပြန်ပြီး ပိတ်ထားတဲ့ လမ်းကြောင်းကို အသုံးပြုပြီး ခရီးသွားလာတာကြောင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ ယူဆကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဟုတ်ပါတယ်။ အခုထိတော့ မလွှတ်ပေးသေးဘူး။ တရားဝင်ထုတ်ပြန်ထားတဲ့စာကို မလိုက်နာတဲ့ အတွက် အဲဒီလမ်းကို ဖြတ်လာလို့ ဖမ်းဆီးထိန်းသိမ်းထားတာ“ လို့ အဲဒီ အမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက် ဖားကန့်-နန့်ယား-ကားမိုင်လမ်းပိုင်းကို အများပြည်သူတွေအနေနဲ့ ခရီးသွားလာတာ၊ ယာဉ်ကြီးယာဉ်ငယ်နဲ့ ဖြတ်သန်းသွားလာတာကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ KIA ထုတ်ပြန်ထားတာပါ။
အခုအဖမ်းခံထားရတဲ့သူတွေဟာ တာမခန် ဟောင်ပါးနဲ့ ဆယ်ဇင်းကျေးရွာက ဒေသခံပြည်သူတွေ ဖြစ်ပြီး သူတို့တွေအပြင် ခရီးသည်တင်ကား(၆)စီးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ အခြားအတည်ပြုချက်တော့ မရှိသေးပါဘူး။
KIA နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်ကတော့ လုံခြုံရေးကြောင့် ယာယီဖြတ်သန်းခွင့် ပိတ်ထားတဲ့အချိန် ဖြတ်သန်းသွားလာလို့ အဖမ်းခံရတာဖြစ်တယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ခရီးသည်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းကြည့်ရမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားပါတယ်။
ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ရဲ့ လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်မှုတွေ ရှိနေသလို ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေ တစ်ကြောင်းပြီးတစ်ကြောင်း တက်လာကြတာ ဖြစ်ပါတယ်။







