တာဝန်ယူမှု အားနည်းနေသေးသည့် အခမဲ့ပညာရေးစနစ်၏ မမျှတမှုကြောင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နေ့ကလေးထိန်းကျောင်း၌ ကျောင်းအပ်နှံလိုသော မိဘများနှင့် နှစ်တိုင်းကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။
ဖေဖော်ဝါရီလ ၁၀/၁၁ ရက်နေ့ခန့်တွင် ကောက်ယူမည့်အမည်စာရင်းတွင် မိမိတို့သားသမီးတို့၏ အမည်များပါဝင်ကာမူကြိုကျောင်း တက်ခွင့်ရရေးအတွက် ၈ ရက်နေ့ညကတည်းက ကားလမ်းမဘေးတွင် နေ့ရောညပါ တန်းစီစောင့်ဆိုင်းခဲ့ကြရသည်။ တာဝန်ရှိဆရာမများက ထိုသို့မစောင့်ဆိုင်းကြရန်ပြောဆိုမှုများရှိသော်လည်း ထိုနေရာတွင် ရှောင်တခင်လာရောက်လူစစ်သည့်အခါ မရှိသူကို စာရင်းမှပယ်မည်ဟုလည်း ပြောပြန်သဖြင့် ထိုသို့စောင့်ဆိုင်းကြရခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးထံမှ သိရသည်။
ဆိုးလွန်းသည်က ထိုတန်းစီစောင့်ဆိုင်းသည့် နေရာတွင် ကြိုတင်နေရာယူထားပြီး နောက်လာသူများကို နေရာရောင်းစားနေကြခြင်းဖြစ်သည်။ လမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းရန်အတွက်ပင် နေရာကို ငွေသောင်း ဂဏန်းပေး၍ ဝယ်ယူနေကြရသည်။ ှနမငေူ နံပါတ်ပေါ်မူတည်ကာ နံပါတ်ရှေ့ရောက်လျှင်ရောက်သလို ငွေကျပ် တစ်သောင်းခွဲမှ သုံးသောင်းဈေးခေါ်ရောင်းစားနေကြခြင်း ဖြစ်သည်။
ထိုကျောင်းက ကျောင်းလခသက်သာခြင်း၊ နေ့လယ်စာထည့်ပေးရန် မလိုခြင်း၊ နေရာကျယ်ကျယ်ဝန်း ဝန်းရှိခြင်းတို့ကြောင့်ထိုကျောင်းသို့ လာရောက်အပ်နှံကြသူအများစုမှာဝင်ငွေနည်း အခြေခံလူတန်းစားများဖြစ်သည်။ မိခင်ရော၊ ဖခင်ပါမအားမလပ်သည့် အောက်ခြေဝန်ထမ်းများ၊ လက်လုပ်လက်စားများ ပါဝင်သည်။ သို့သော်တက်ရောက်ခွင့်ရသူများထဲတွင် ထိုမိဘများ၏ သားသမီးအရေအတွက် နည်းသည်။
ထောင်နှင့်ချီသော Form များအနက်မှ ကလေးအယောက် ၂၀၀ ခန့်ကို သာရွေးချယ်သဖြင့် နေရာဝယ်ကာ နှစ်ညအိပ်၊ သုံးညစောင့်ဆိုင်းရပြီး ကျောင်းတက်ခွင့်မရသော ကျောင်းသားမိဘများ ပေါက်ကွဲနေကြသည်။
ထိုမူလတန်းကြိုကျောင်းတွင် နှစ်စဉ်ဖြစ်ပျက်နေသော ဖြစ်စဉ်တစ်ခုဖြစ်သည့်တိုင် အစိုးရအနေဖြင့် ထိုပြဿနာကို ယနေ့ထက်ထိ မတို့မထိကြသေးပေ။ ထိုကျောင်းကို မည်သည့်အတွက် ကျောင်းသားမိဘများအပ် နှံချင်ကြတာလဲ၊ ဒီလိုကျောင်းမျိုး နောက်ထပ်ဖွင့်လှစ်လို့ မရနိုင်ဘူးလားဆိုသည့် မေးခွန်းအတွက် ပြည်နယ်အစိုးရနှစ်ဆက်လုံးက အဖြေရှာမကြည့်ခဲ့ကြဟု မြစ်ကြီးနားသတင်းဂျာနယ်က ယူဆပါသည်။
၎င်းတို့ကို ဆန္ဒမဲမပေးနိုင်သော ကျောင်းသားလေးများကို အစိုးရများက စိတ်ဝင်စားဟန်မတူ။ တိုင်းပြည်အပေါ် အမှန်တကယ် စေတနာထားသည့် အစိုးရများသည် အနာဂတ်မျိုးဆက် ကလေးများအတွက် သီးခြားဥပဒေများဖြင့် ကာကွယ်စောင့်ရှောက်ကြသည်။
တိုးတက်သော အနာဂတ် ကမ္ဘာဖြစ်ဖို့ဆိုလျှင် လက်ရှိပစ္စုပ္ပန်ကာလကလေးလူငယ်များ၏ ပတ်ဝန်းကျင်ကို မြှင့်တင်ဖို့လိုအပ်ပါသည်။ နောင်တစ်ချိန်တွင် မိမိတို့ဒေသဖွံ့ဖြိုးရေးက အမွေဆက်ခံမည့် မျိုးဆက်သစ်တို့၏ အရည်အချင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။
လူငယ်များ၏ ဘဝတိုးတက်ရေးအတွက် ကလေးဘဝမှစတင် အခြေတည်ပေးရန် လိုအပ်သည်ဖြစ်၍ စိတ်ထားနူးညံ့ပျော့ပြောင်းပြီး လိမ်္မာရေးခြားရှိသော ကလေးငယ်များဖြစ်အောင် မိဘများကလည်း အိမ်မှာကတည်းက အကြောင်းအကျိုးဆီလျော်စွာ သင်ကြားသွန်သင်တတ်အောင် ကြိုးပမ်းခြင်းဖြင့် ကလေးများ၏ ကာယ၊ ဉဏစာရိတ်္တအရည် အသွေးများပြည့်မီအောင် လုပ်ဆောင်ပေးရန်လိုပါမည်။
သို့မှသာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ပြီး အရာရာကိုဝေဖန်ပိုင်းခြားဆန်းစစ်နိုင်သော နိုင်ငံသားများနှင့် ဖွဲ့စည်းထားသည့် လူ့ပတ်ဝန်းကျင်တစ်ရပ် ပေါ်ထွန်းလာမည်ဖြစ်၍ မိဘနှင့်ဆရာ၊ အစိုးရနှင့်ပြည်သူတို့ ပူးပေါင်းကာ ကလေးများကို ငယ်စဉ်ကတည်းက တန်ဖိုးထားကြရန် အရေးကြီးလှပါသည်။
မြစ်ကြီးနားသတင်းဂျာနယ်




