ဇန်န၀ါရီ ၂၅
ဓာတုဆေးဝါးဖြင့် စိုက်ပျိုးထားခြင်းမရှိသည့် ဒေသထွက် မျိုးစေ့မျိုးဆန်များ ပြိုင်ပွဲနှင့်လူထုဆွေးနွေးပွဲကို အာလမ်ကျေးရွာရှိ မေတ္တာဖောင်ဒေးရှင်းခြံတွင် နှစ်ရက်ကြာပြုလုပ်ခဲ့ကြသည်။
အဆိုပါ မျိုးစေ့မျိုးဆန်များဆိုင်ရာ ဆွေးနွေးပွဲကို ဇန်န၀ါရီလ ၂၄ ရက်မှ ၂၅ ရက်အထိကျင်းပခဲ့ပြီး ထိုဆွေးနွေးပွဲတွင် မျိုးစေ့နှင့် စပ်လျဉ်းသော ဥပဒေအကြောင်းအရာများကို ပြည်သူများအား အသိပညာပေးဆွေးနွေးမှု ပြုလုပ်ပေးရန်ပြည်နယ်မျိုးစေ့ဌာန တာဝန်ခံနှင့် စိုက်ပျိုးရေးပညာရှင်များကို ခေါ်ယူခဲ့ကြောင်း သိရသည်။

“မျိုးစေ့ပြပွဲကို ကျွန်တော်တို့ စီမံကိန်းဝင်ထားတဲ့ ကျေးရွာတွေကို အခြေပြုပြီးတော့ ခေါ်ယူလုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ ရိုးရာအစားအစာများ ပြသဖို့အတွက်ကျတော့ လူမျိုးစုတွေကို အခြေခံပြီး ခင်းကျင်းပြသထားပါတယ်။ ပြည်သူတွေအတွက် မျိုးစေ့မျိုးဆန်နဲ့ပတ်သက်တဲ့ ဥပဒေအကြောင်းအရာတွေကို အသိပညာပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးပွဲလုပ်တာပါ”ဟု မေတ္တာဖောင်ဒေးရှင်း၏ စီမံကိန်းညှိနှိုင်းရေးမှူး ဦးခါဒေါင်ကပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို တောင်သူများထံတွင် ကွဲပြားစုံလင်သည့် တန်ဖိုးရှိသောမျိုးစေ့မျိုးဆန်များရှိကြောင်း ပြသရန်၊ ဒေသခံများအနေဖြင့် ဒေသမျိုးစေ့မျိုးဆန်များကို တန်ဖိုးထား ထိန်းသိမ်းတတ်ရန်၊ ဒေသမျိုးစေ့မျိုးဆန်များကို တွင်ကျယ်စွာ အသုံးပြုလာရန်၊ ဒေသမျိုးစေ့မျိုးဆန်များနှင့် ယဉ်ကျေးမှုများ မည်သို့ သက်ဆိုင်သည်ကို ပြသရန်၊ တက်ရောက်လာသည့် ဒေသခံများနှင့် ဌာနဆိုင်ရာများအချင်းချင်း ဒေသမျိုးစေ့မျိုးဆန်များနှင့် ယဉ်ကျေးမှုများ အသိပညာကို ဖလှယ်နိုင်ရန်၊ ဒေသမျိုးစေ့မျိုးဆန်များနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် နိုင်ငံတကာမှ မျိုးစေ့မျိုးဆန်များ မူဝါဒတွင်ပါရှိသော အကြောင်းအရာနှင့် မြန်မာနိုင်ငံမှ မျိုးစေ့မျိုးဆန်များ မူဝါဒတွင်ပါရှိသော အကြောင်းအရာများသည် တောင်သူများအား မည်သို့ကာကွယ်ပေးကြောင်း ဆွေးနွေးပြောကြားပေးစေရန်နှင့်တောင်သူများ၏ မျိုးစေ့မျိုးဆန်များကဏ္ဍ တိုးတက်လာရန်အတွက် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဖော်ဆောင်သွားနိုင်ရန် စသည့်ရည်ရွယ်ချက် ၇ ချက်ကြောင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
“အခမ်းအနားပြီးချိန်မှာတော့ မျိုးစေ့များကို တောင်သူအချင်းချင်း ဖလှယ်သွားမှာပါ။ အဲဒီလို လုပ်ခြင်းအားဖြင့် မိမိဒေသမှာမရှိတဲ့ မတူညီကွဲပြားတဲ့ မျိုးစေ့များကို မိမိဒေသမှာ စိုက်ပျိုးဖြစ်ထွန်းမှု ရှိမရှိ၊ ကိုက်ညီမှုရှိမရှိကို စမ်းသပ်စိုက်ပျိုးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စိုက်ပျိုးရေးနည်းပညာပေးများကို တောင်သူများ၏ တောင်းဆိုမှုအပေါ် စီမံကိန်းဝင်ကာ နည်းပညာ ပံ့ပိုးပေးသွားတဲ့ အပိုင်းတော့ ရှိပါတယ်”ဟု ဦးခါဒေါင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အဆိုပါ မျိုးစေ့မျိုးဆန်ပြိုင်ပွဲနှင့်ဆွေးနွေးပွဲကို မေတ္တာဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ယူဝေးဖောင်ဒေးရှင်းနှင့် တိုင်လေရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တိုင်းခမ်းတီမြစ်ကြီးနားအဖွဲ့၊ ခန်ယာန်ကျေးရွာ၊ ငါးအိုးကျေးရွာ၊ တန်ဘောင်ကျေးရွာ၊ မော်ဖောင်းကျေးရွာ၊ ဒွတ်ဂန်ကျေးရွာ၊ ဒိန်ဂျာယန်ကျေးရွာ၊ အင်းတော်ကြီးဒေသရှိ နံသာကျေးရွာနှင့် နန့်ခင်းကျေးရွာအပြင် တောင်နီကျေးရွာနှင့် အောက်မော်ဖောင်းကျေးရွာ စသည့်ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံများ ပါဝင်ခဲ့ကြသည်။
“ကျွန်မတို့ဒေသမှာ စိုက်ပျိုးတဲ့ မျိုးစေ့မျိုးဆန်တွေနဲ့ပဲ လာပြိုင်တာပါ။ ကျွန်မတို့ မိခင်တွေ စိုက်ပျိုးခဲ့တဲ့ ဟိုးဘိုးဘေးတွေခေတ်ကတည်းက ထိန်းသိမ်းလာတဲ့ မျိုးစေ့မျိုးဆန်တွေကို နောင်လာနောက်သားတွေ ထိန်းသိမ်းတက်စေဖို့ ရည်ရွယ်ပြီး လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်”ဟု မျိုးစေ့ပေါင်း ၃၅၀ ခန့်ဖြင့် ပါဝင်ယှဉ်ပြိုင်သည့် အာလမ်ဒွမ်ဂန်ကျေးရွာမှ ဒေါ်ခေါန်စင်က ပြောသည်။
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှ လာရောက်ယှဉ်ပြိုင်သည့် ဒေါ်ညိုညိုကလည်း “မိမိဒေသကထွက်တဲ့ ဆေးနွယ်စုံ၊ သီးနှံမျိုးစေ့မျိုးစုံနဲ့ ပန်းမျိုးစုံတွေကို အားလုံးသိရှိအောင် လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ မျိုးစေ့မျိုးဆန် အများကြီးရှိတဲ့အထဲက ကျွန်မတို့အဖွဲ့အနေနဲ့ စုဆောင်းမိတဲ့ မျိုးစေ့ပေါင်း ၂၇၂ မျိုးနဲ့ လာရောက်ပါဝင်ရတာပါ”ဟု ပြောသည်။
မေတ္တာဖောင်ဒေးရှင်း၏ မြစ်ကြီးနားရုံးခွဲအနေဖြင့် ယခုပြုလုပ်သည့် မျိုးစေ့မျိုးဆန်များပြိုင်ပွဲနှင့် ဟောပြောပွဲကို ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ထိုအခမ်းအနားသို့ တောင်သူများ၊ ဖိတ်ကြားထားသည့် အရက်ဘက်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်မျိုးစေ့ဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
မွန်းမွန်းပန်







