မြန်မာနိုင်ငံလုံးအတိုင်းအတာ အိမ်ထောင်ရှင်အလှမယ်ဆုရှင် ထူးကေခိုင်

5819

မြစ်ကြီးနား၊ မေ ၂၈

ဒီတစ်ပတ်ရဲ့ အနုပညာကဏ္ဍစာမျက်နှာထက်မှာတော့ မေလ ၁၁ ရက်က ရန်ကုန်မြို့၊ တော်ဝင်စင်တာမှာ ကျင်းပခဲ့တဲ့ Mrs Union Of Myanmar 2018 ပြိုင်ပွဲမှာ Winner ဆုရခဲ့တဲ့ အိမ်ထောင်ရှင်အလှမယ် မထူးကေခိုင်ရဲ့ အကြောင်းလေး ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် မထူးကေခိုင်ဟာ မြစ်ကြီးနားမြို့က ရှေ့နေဦးဇော်မင်းထွန်းရဲ့ဇနီးဖြစ်ပြီး သူတို့မှာ သမီးလေးတစ်ယောက် ရှိပါတယ်။ မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့တော်ဝင်စင်တာမှာ ကျင်းပခဲ့တဲ့ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ မှာ Winner ဆုရခဲ့သူပါ။

သူမအနေနဲ့ ပြိုင်ပွဲယှဉ်ပြိုင်ဖြစ်ခဲ့ပုံက “အစ်မက အိမ်ထောင်ရှင်ဆိုတော့ အိမ်ထဲမှာပဲနေနေရတယ်။ သူများတွေလို လွတ်လွတ်လပ်လပ်နဲ့နေချင်တယ်။ အစကတည်းကနေလည်း ဒီအလုပ်လုပ်ဖို့ ဝါသနာပါပေမယ့် မလုပ်ဖြစ်ဘူး။ နောက်ပိုင်း အမျိုးသားက အားအရမ်းပေးတာနဲ့ ယှဉ်ပြိုင်ဖြစ်သွားတာပါ”လို့ မထူးကေခိုင်က ပြောပြပါတယ်။

ယခုသူမအနေနဲ့ လာမည့်ဇွန်လမှာ  စင်္ကာပူနှင့်မလေးရှားနိုင်ငံများမှာ ထပ်မံကျင်းပမယ့် နိုင်ငံတကာအိမ်ထောင်ရှင်မပြိုင်ပွဲအတွက်  အကောင်းဆုံး ကြိုးစားနေကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

“အစ်မက နောက်လ ၂၀ ရက်နေကို စင်္ကာပူမှာ Camp ဝင်ရတော့မယ်။ ပွဲက ၂၅ ရက်နေ့မှာပါ။ ရက်ကပ်နေတော့ အစွမ်းကုန်ကြိုးစားနေရတယ်။ ညညဆိုရင်လည်း မအိပ်နိုင်ဘူး။ ဖုန်းတစ်လုံးနဲ့ အဝတ်အစားနဲ့ ဘာသာစကားတွေအတွက် ပြင်ဆင်နေရတယ်။ အရမ်းလည်း ခက်ခဲတယ်” လို့ ထပ်ပြောပြခဲ့ပါတယ်။

တစ်ဘက်က ဝါသနာပါရာအလုပ်၊ တစ်ဘက်က ကလေးတစ်ယောက်မိခင်၊ အိမ်ထောင်ရှင်မကလည်းဖြစ် ဒီလိုမတူညီတဲ့ ဘဝလမ်းကြောင်းနှစ်ခုကို ထိန်းညှိပြီး အောင်မြင်မှုကို ဆက်လက်ရှာဖွေနေသူတစ်ယောက်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

“အစ်မတွက် အရမ်းကိုခက်ခဲလွန်းပါတယ်။ ၂၄ နာရီတောင် ကိုယ်အတွက်က အချိန်မလောက်ဘူး ဖြစ်နေတယ်။ အိမ်မှာဆိုလည်း ထမင်းဟင်းတောင် မချက်နိုင်ဘူး။ ဖြစ်သလိုစား။ ဖြစ်သလိုသွားပြီး ပြိုင်ပွဲကို ဝင်ပြိုင်နေရတယ်။ ခက်တာက အိမ်ထောင်ရှင်မဆိုတော့ သမီးလေးအတွက် အချိန်ကလည်း ပေးရတယ်။ ခက်ခဲမှုတွေက အများကြီးရှိနေပါသေးတယ်။ ဒါပေမယ့် အချိန်ခဏလေးပါကွာဆိုပြီး ယှဉ်ပြိုင်နေရပါတယ်” လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပြခဲ့ပါတယ်။

နိုင်ငံတကာပြိုင်ပွဲအဖြစ် မြန်မာနိုင်ငံကိုယ်စားပြုကာ ယှဉ်ပြိုင်ရမယ့် Winner ဆုရှင်ထူးကေခိုင်ရဲ့ ရည်ရွယ်ချက်က “ကမ္ဘာမှာ မြန်မာအမျိုးသမီးတွေပါဝင်မှုက မလွယ်ပါဘူး။ အိမ်ထောင်ရှင်မ ပြိုင်ပွဲကိုတော့ မနှစ်ကမှ စတာဆိုတော့ အစ်မပြောချင်တာက မြန်မာအမျိုးသမီး အိမ်ထောင်ရှင်မတွေလည်း လုပ်နိုင်တယ်ဆိုတာ ဆုရတာမရတာ တစ်ကဏ္ဍ ကမ္ဘာမှာချပြချင်တာပါ”လို့ ဆိုပါတယ်။

Mrs Union Of Myanmar 2018 ပြိုင်ပွဲကိုရန်ကုန်မြို့မှာ မေလ ၁၁ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်ထဲက ဖားကန့််၊ မိုးညှင်း၊ ပူတာအို၊ ဗန်းမော်မြို့က အိမ်ထောင်ရှင်အလှမယ်တွေအပါအဝင် အလှမယ် ၂၀ ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြရာကနေ အလှမယ်ထူးကေခိုင်က ဝင်းနားဆုရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဆိုင်း (ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here