ဇွန်၊၉
ဒီကနေ့ဟာ ကချင်ဒေသမှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်ခဲ့တာ ၁၅ တိတိပြည့်တဲ့နေ့ပါ။ စစ်ရှောင်ဦးရေကတော့ မလျော့ခဲ့တဲ့အပြင် လက်ရှိမှာ၂ သိန်းခွဲနီးပါးအထိ ရှိလာပါပြီ။
တစ်ပြည်နယ်လုံး လူဦးရေ ၁၆ သိန်းရှိတဲ့ ကချင်မှာ ၁၅ ရာခိုင်နှုန်းနီးပါသော ပြည်သူတွေ စစ်ဘေးရှောင်နေရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မြန်မာစစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီကတည်းကနေ(အာဏာသိမ်းကာလအပါ) ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားရာနေရာ ဒေသတွေက ပြည်သူတွေလည်း စစ်ရှောင်ခဲ့ရတာပါ။
UNHCR- Myanmar ရဲ့ ဇွန်လ ၁ ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရတော့ ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေ ၂ သိန်းခွဲနီးပါး (၂၄၄,၅၅၀) ကျော်ရှိနေပြီး တစ်ဖြည်းဖြည်း တိုးလာနေပါတယ်။
မနှစ်က ဇွန်လ ၂ ရက်နေ့ရဲ့ စာရင်းကိုကြည့်ရင်တော့ စစ်ရှောင်ဦးရေ ၂၃၀,၀၀၀ (နှစ်သိန်းသုံးသောင်း)ကျော်တွေ့ရပြီး တစ်နှစ်အတွင်း ၁၂,၀၀၀ လောက် တိုးလာတာကို တွေ့ရမှာဖြစ်ပါတယ်။
အာဏာမသိမ်းမီအချိန်ကတော့ ကချင်ပြည်နယ်အတွင်းမှာ စစ်ရှောင်ဦးရေ ၉၀,၀၀၀ (ကိုးသောင်း) ဝန်းကျင်ရှိခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ၅ နှစ်လောက်အတွင်းမှာပဲ စစ်ရှောင်ဦးရေ တစ်သိန်းခွဲလောက် လောက် ထပ်တိုးလာတာပါ။
အခြားပြည်နယ်နဲ့တိုင်းတွေနဲ့ ပြည်ပကိုထွက်ခွာသူတွေလည်း အများအပြားရှိကြသလို ဆွေမျိုးအသိုင်းအဝိုင်းတွေဆီမှာ ခိုလှုံနေကြသူတွေလည်း ရှိတာကြောင့် စစ်ရှောင်ဦးရေ အတိအကျကိုတော့ ခန့်မှန်းတွက်ချက်ဖို့ ခက်ခဲပါတယ်။ အထက်ကစာရင်းနဲ့ထက်လည်း ပိုများနိုင်ပါတယ်။
လက်ရှိအချိန်မှာလည်း ဝိုင်းမော်၊ဗန်းမော်နဲ့ ဖားကန့်ဒေသဘက်မှာ နေ့စဉ်လိုလိုတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း စစ်အုပ်စုက ကချင်ပြည်နယ်ဘက်ကို အင်အားတွေပို့နေတာကိုကြည့်ရင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်နေကြတာပါ။
ရွှေကူမြို့က ပြည်သူတွေကိုလည်း စစ်ရှောင်ဖို့မနေ့ကပဲ ပြောထားတာကြောင့် အထက်ပါအခြေအနေတွေကို ကြည့်ရင် စစ်ရှောင်ဦးရေပိုတိုးလာမယ့် အခြေအနေမှာ ရှိနေပါတယ်။
တစ်ဖက်မှာလည်း မနှစ်က ဒီဇင်ဘာလအထိ စာရင်းအရ နေရပ်ပြန်တဲ့ စစ်ရှောင်ဦးရေဟာ ၇၀,၀၀၀ ကျော်လောက်ရှိခဲ့ပါတယ်။
ထောက်ပံ့မှုတွေရပ်တာ၊ နေရာထိုင်ခင်းကျဉ်းတာ၊ စစ်ရှောင်စခန်းတွေ ဖျက်သိမ်းရတာ၊ အလုပ်အကိုင်ရှားပါးတာနဲ့ စစ်ရှောင်ကာလကြာလာတွေဟာ နေရပ်ပြန်ရတဲ့ အဓိကအကြောင်းအချက်တွေ ဖြစ်ပါတယ်။ အမှန်တကယ် ငြိမ်းချမ်းသွားလို့ ပြန်တာမျိုးတော့ မဟုတ်ပါဘူး။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ အာဏာသိမ်းပြီး ၅ နှစ်အတွင်းမှာ စစ်ရှောင်ဦးရေ ၃ ဒဿမ ၇ သန်းကျော်(သိန်း ၄၀ နီးပါး) ရှိနေပါတယ်။ စစ်ကိုင်းတိုင်းက လူဦးရေ တစ်သန်းကျော်နဲ့ အများဆုံး စစ်ရှောင်နေရပါတယ်။
ဒုတိယကတော့ စစ်ရှောင် ၅ သိန်းနီးပါးရှိတဲ့ ရခိုင်ပြည်နယ်ဖြစ်ပြီး ကချင်ပြည်နယ်ကတော့ နံပါတ် ၇ ပါ။
ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့(WFP)ကလည်း ထောက်ပံ့မှုတွေ ရပ်တဲ့အပြင် ပြည်တွင်းထောက်ပံ့မှုတွေပါ မရတာကြောင့် စစ်ရှောင်တွေဟာ တစ်နှစ်ထက်တစ်နှစ် ခက်ခဲလာပါပြီ။
နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍတွေမှာ နယ်စပ်တွေကို အမှီပြုပြီး ကူညီထောက်ပံ့မှုတွေလုပ်ဖို့ လက်ရှိစစ်အစိုးရကိုလည်း အသိအမှတ်မပြုဖို့နဲ့ စစ်ဘေးရှောင်တွေကို အတတ်နိုင်ဆုံးကူညီပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(KHRW) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဆိုင်းမိုင်က တောင်းဆိုပါတယ်။
“မြေပြင်မှာ တကယ်ပဲဖြစ်နေတဲ့ အမှန်အတိုင်းကို ကူညီပေးဖို့၊ ထုတ်ဖော်ပြောဖို့ ကျွန်မတို့နေနဲ့ ပြောချင်ပါတယ်။”လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်တွေအပါအဝင် မြန်မာပြည်သူတွေအားလုံးရဲ့ မျှော်လင့်ချက်က တစ်ခုတည်းပါပဲ။ အဲဒါဟာ တိုင်းပြည်တည်ငြိမ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့ပါ။






