စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်လာသည့် သင်္ဘော (၆)စီး မန္တလေးဘက်မှ ဆန်တက်လာ၊ မြေပြင်တွင်လည်း စစ်ကြောင်းထိုး ဝင်ရောက်မှုများရှိနေ

241
စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်လာသည့် သင်္ဘော (၆)စီး မန္တလေးဘက်မှ ဆန်တက်လာ

အောက်တိုဘာ၊၁၇

စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ သင်္ဘော (၆)စီးဟာ မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့အပြင် ခြေလျင်တပ်တွေလည်း ရွှေကူမြို့နယ်နဲ့ ကသာမြို့နယ်ဘက်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတာမျိုးတွေ ရှိနေတယ်လို့ အနီးနားမှာ ရှိတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီ သင်္ဘောတွေဟာ အောက်တိုဘာလ (၁၃) ရက်နေ့က မန္တလေးကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး သင်္ဘောတွေကို လုံခြုံရေးယူပေးတဲ့အနေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ရွှေကူမြို့နယ်ထဲက ဘိုကုန်းကျေးရွာနဲ့ KIA တပ်မဟာ (၅) ဘက်က နယ်မြေတွေထိ အောက်တိုဘာလ (၁၅) ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်နေပြီဖြစ်တယ်လို့ ရွှေကူမြို့နယ်မှာရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ရွှေကူတော့ မရောက်သေးဘူး။ သပိတ်ကျင်းဘက်ပဲ ရှိသေးတယ်။ စစ်အင်အားရော ရိက္ခာရော နေမှာပေါ့” လို့ ဒေသခံက ပြောဆိုခဲ့တာပါ။

စစ်ကောင်စီ သင်္ဘောတွေ ဆန်တက်လာခဲ့ရင် စစ်ကောင်စီ စစ်ကြောင်းတွေကနေ ရွာတွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေရှိတာကြောင့် မြစ်ကမ်းအနီးကျေးရွာတွေက ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ နောက်ထပ် ရွှေကူဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လောလောဆယ်ဆယ်တော့ မရှိသေးဘူး။ ဒီနားနီးရင် ရှိနိုင်တယ်။ ကသာလောက်ရောက်ပြီဆို ရှိနိုင်တယ်။ သူတို့ လုပ်နေကျ အလုပ်တွေလေ” လို့ ဒေသခံဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထပ်မံသိရှိရဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO/KIA ပြန်ကြားရေးတာဝန်ခံဆီ ဆက်သွယ်ထားပေမယ့် အခုချိန်ထိတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၁) ရက်နေ့ ကလည်း ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စီမူကြီး၊ စီမူလေး၊ စီသာ၊ မံဝိန်း၊ နန့်လှန် ၊ နောက်လက်ကြီး စတဲ့ကျေးရွာတွေဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ရွာသူ/သားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဓါတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။

Credit- Myo Hla PDF

LEAVE A REPLY

Please enter your comment!
Please enter your name here