မတ် ၃၁
မျိုးဆက်ကြယ်ပွင့်ကုမ္ပဏီက ၀ိုင်းမော်မြို့၊ နန့်ဝါ၊ မုန့်ကြိတ်ကျေးရွာတွင် တောင်သူများ၏မြေကို ငှားရမ်းထားခြင်းလည်းမရှိ၊ ခြံရှင်များထံ ခွင့်ပြုချက်လည်းမတောင်းဘဲ ငှက်ပျောစိုက်ပျိုးရန် ၀င်ရောက်လုပ်ကိုင်နေသဖြင့် ဒေသခံတောင်သူများက မတ်လ ၃၁ ရက်တွင်မောင်းထုတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကုမ်္ပဏီက ဒေသခံတောင်သူများ စိုက်ပျိုးထားသော နှစ်ရှည်ပင်များကို ခုတ်ထွင်ရှင်းလင်းကာ ငှက်ပျောပျိုးပင်များပျိုးထားသည်ကို ဒေသခံတောင်သူများက အလိုမရှိသည့်အတွက် မောင်းထုတ်လိုက်ကြခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်မက ခြံလည်းမငှားထားဘဲနဲ့ ဘက်ဖိုးနဲ့လာကုတ်ပြီး ၁၀ နှစ်လောက်ရှိပြီဖြစ်တဲ့ မယ်ဇလီ၊ ယမနေပင်တွေ ၁၀၀ကျော်စိုက်ထားတာ အားလုံးလာတူးပစ်လိုက်ကြတယ်။ အပင်အတွက် လျော်ကြေးမပေးချင်လည်းနေပါစေ၊ မြေကြီးကိုတော့ ပြန်လိုချင်ပါတယ်။ မြေကြီးမရှိရင်တော့ ထင်းလည်းဘာနဲ့မသုံးဘူး။ ကလေးတွေကျောင်းထားဖို့လည်း မရှိတော့ဘူး။ ထင်းတွေခုတ်ရောင်း၊ အပင်တွေခုတ်ရောင်းပြီး အသက်မွေးတာပါ။ ကုမ္ပဏီကို ထွက်သွားစေချင်တယ်”ဟုအသက် ၆၀ ကျော်အရွယ်ရှိတောင်သူ ဒေါ်တိန့်ဝမ်ကပြောသည်။
အဆိုပါကုမ်္ပဏီ ကျေးရွာအတွင်းသို့ စတင်ဝင်ရောက်လာချိန် ဇန်န၀ါရီလ ၇ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူများကိုခေါ်၍ ခြံငှားရမ်းပေးရန် လာရောက် ညှိနှိုင်းသော်လည်း တောင်သူအားလုံးက တရုတ်ငှက်ပျော စိုက်ပျိုးခြင်းသည် ဆိုးကျိုးများစွာဖြစ်နိုင်သည်ဟု အကြောင်းပြကာ သဘောမတူကြောင်းရွာသား ၁၁၄ ဦးက လက်မှတ်ထိုးကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။
ထိုသို့ ဒေသခံများသဘောမတူသော်လည်း ဒေသခံတစ်ဦးဖြစ်သူ ဦးဖိုင်လိုင်ဘောမ်ဇုန်းဆိုသူက တောင်သူများမငှားနိုင်လျှင် ၎င်း၏ခြံကို ငှားရမ်းမည်ဟု အုပ်ချုပ်ရေးမှူးရုံးတွင် ပြောဆိုခဲ့ပြီး ၎င်း၏မြေဧရိယာမဟုတ်သည့် တခြားသူများ၏ မြေတွင် တရုတ်ကုမ္ပဏီက ခုတ်ထွင်းရှင်းလင်းနေကြောင်း တောင်သူ ဦးခေါင်ဒေါင်းကပြောသည်။
“တောင်သူတွေ သဘောမတူကန့်ကွက်နေတဲ့ကြားကနေကုမ်္ပဏီက အတင်းဝင်ရောက်လာပြီး လုပ်တယ်။ နောက်ပြီး တောင်သူတွေဆီ ပွဲစားနဲ့ဝင်ပြီး စားကျက်မြေလုပ်မှာ သစ်ပင်တွေမခုတ်ပေးဘူး။ တောင်သူတွေကြိုက်တဲ့အချိန် ခုတ်ယူလို့ရတယ်ဆိုပြီး ဖြားယောင်းတယ်။ လိုက်ငှားတဲ့ အချိန်မငှားဘဲထားရင် ကုမ္ပဏီတွေကလိုက်သိမ်းသွားရင် မြေယာတွေ ဆုံးရှုံးသွားလိမ့်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်”ဟု တောင်သူများကိုယ်စား ဦးဒိုင်ခေါင်ကပြောသည်။
ထိုသို့ပြောဆိုမှုများကြောင့် အချို့တောင်သူများက မြေငှားရမ်းခြင်းနှင့် ရောင်းချခြင်းများပြုလုပ်ခဲ့ရာ တောင်သူများထံ ငွေပေးချေပြီးနောက်တွင် ခြံဝန်းအတွင်းစိုက်ပျိုးထားသည့် နှစ်ရှည်ပင်များနှင့် အခြားသီးနှံပင်အားလုံးကို ခုတ်ထွင်ရှင်းလင်းလိုက်သည် ဟုသိရသည်။
“အုပ်ချုပ်ရေးမှူးကလည်း ဘာမှဖြေရှင်းမပေးနိုင်ဘူး။ ဖြေရှင်းပေးခြင်းမရှိသေးသရွေ့လုပ်ငန်းခွင်မှာ ဘာမှမလုပ်ကိုင်ခွင့်မရဘူးလို့ အုပ်ချုပ်ရေးမှူးရုံးမှာ ဆုံးဖြတ်ချက်ချထားပေးတယ်။ ဒါပေမယ့် တရုတ်တွေက သူတို့လုပ်ချင်သလို နေ့ရောညပါ လုပ်နေတဲ့အတွက်အခုလိုလာပြီး မောင်းထုတ်ရခြင်းဖြစ်ပါတယ်”ဟုလည်း ဦးဒိုင်ခေါင်ကပြောသည်။
အဆိုပါငှက်ပျောစိုက်ခင်းပြုလုပ်မည့်နေရာသည် ရွာနှင့်၆ ဖာလုံခန့်သာ ကွာဝေးသည့်အတွက် ငှက်ပျောခင်းပြုလုပ်မည်ဆိုပါက ဒေသခံများအတွက် ကျန်းမာရေးပြဿနာနှင့် အခြားလူမှုရေးပြဿနာများလည်း ၀င်ရောက်လာမည်ကို ဒေသခံများက ပူပန်နေကြသည်ဟုလည်း ဆိုသည်။
“အခုကုမ္ပဏီဝင်လာတဲ့အတွက် စိုက်ထားသမျှအားလုံးကို သူတို့ကရှင်းပစ်လိုက်တော့ ထင်းခွေမယ့်နေရာလည်း မရှိတော့ဘူး။ ထင်းတွေဆိုရင်လည်း တစ်မြို့နယ်လုံးက ဒီရွာကပဲယူကြတာ ဟုတ်တယ်။လျှပ်စစ်မီးက ဘယ်သူမှမသုံးသလောက်ပဲ။ ထင်းနဲ့ပဲသုံးနေကြတာဖြစ်ပါတယ်။ နောက်နှစ်ဆိုရင် ထင်းကလည်းမရှိ၊ ဟင်းသီးဟင်းရွက်ခူးစားမယ့် နေရာလည်းမရှိတော့လို့ အရမ်းခက်ခဲသွားနိုင်တယ်”ဟု ဦးဒိုင်ခေါင်ကပြောသည်။
ငှက်ပျောစိုက်ပျိုးရေးကုမ္ပဏီ ၀င်ရောက်လာခြင်းနှင့်ပတ်သက်ပြီး တားဆီးပေးရန် ဇန်န၀ါရီလလယ်ခန့်က ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်ပြတောင်းဆိုထားသော်လည်းယနေ့တိုင် ဖြေရှင်းပေးခြင်းမရှိသေးကြောင်း သိရသည်။
မွန်းမွန်းပန်







