ဇွန်၊၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာအတွင်းက ဒေသခံပြည်သူအချို့ ဟာ လယ်ထွန်နိုင်ဖို့အရေး မိုင်နှစ်ဆယ်ကျော်လောက်ဝေးတဲ့ ပူတာအိုမြို့ဘက် ခြေကျင်နဲ့ ဒီဇယ်သွားရောက် ဝယ်ယူနေရပြီး လုံလောက်တဲ့ ပမာဏရရှိဖို့ ခက်ခဲနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွာအတွင်း စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် ဆိုင်ကယ်၊ ကားတွေ မသွားနိုင်ဘဲ ခြေကျင်ခရီးနဲ့ ၂၇ မိုင်လောက်ဝေးတဲ့ ပူတာအိုမြို့ဘက် တက်ပြီး ဒီဇယ်ရောင်းတဲ့ ဆိုင်တွေကို ရှာဖွေ ဝယ်ယူစုဆောင်း ရတယ်လို့ တန်ဂျာဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ပူတာအို အထိ ၂၇ မိုင်ဝေးတယ်။ တစ်နေ့လုံး လမ်းလျှောက်သွားရတယ်။ တစ်ညတော့ အိပ်ရတာပေါ့။ အကုန်လုံးက လယ်ဧက အပြီးအထိ လုပ်နိုင်တာ သိပ်မရှိဘူးပေါ့။ လမ်းမဖွင့်တော့ အရမ်းခက်တယ်“လို့ ဆိုပါတယ်။
တန်ဂျာကျေးရွာကနေ ၅ မိုင် လောက်ဝေးတဲ့ လုံရှာယန်ကျေးရွာဘက်မှာတော့ ဒီဇယ်ရောင်းတဲ့ဆိုင် အချို့ရှိပေမဲ့ မလောက်ငှတာကြောင့် တောင်သူအချို့ဟာ ပူတာအိုမြို့ဘက်အထိ ခြေကျင်သွားရောက် ဝယ်ယူရတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဒီဇယ်တစ်ဂါလံကို ကျပ်တစ်သိန်းကျော်ကနေ ကျပ်နှစ်သိန်းအထိ ပေါက်ဈေးရှိနေပြီး လုံလုံလောက်လောက် ဝယ်ယူနိုင်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လယ်ထွန်အပြီးအစီး တစ်ဧကကို ခန့်မှန်းခြေ ဒီဇယ် ၆ ဂါလံအထိ ကုန်ကျတာကြောင့် အနည်းဆုံး ကျပ်ဆယ်သိန်းလောက် ကုန်ကျတဲ့အတွက် ရွာအတွင်းက လယ်လုပ်တောင်သူ အများပိုင်းဟာ လယ်ဧက အားလုံးနီးပါး လုပ်နိုင်ဖို့ အခက်တွေ့နေကြတာလည်း ဖြစ်ပါတယ်။
မူလ လယ်၁၀ ဧက ရှိတဲ့ တောင်သူတွေဆိုရင် ၅ ဧကလောက်ပဲ လုပ်နိုင်တော့သလို ဒီဇယ်ရရှိမှုပေါ် မူတည်ပြီး လုပ်ဆောင်နေရတယ်လို့ နောက်ထပ်ဒေသခံ ပြည်သူတစ်ဦးကလည်း ကြုံတွေ့နေရတဲ့ လက်ရှိ အခြေအနေကို အခုလိုပြောပြပါတယ်။
“ကိုယ်ဟာကို သွားရှာပြီး ဝယ်ယူရတာပေါ့။ အများကြီး ရောင်းပေးတာလည်း မရှိဘူး။ ရှာယူရတာပေါ့။ နှစ်ဧကကို အနည်းဆုံး ၁၀ ဂါလံကျော်လောက်တော့ ကုန်ရမှာပေါ့။ တစ်ဧကကို ၆ ဂါလံလောက် ကုန်တာပေါ့။ ကိုယ့်ဆီမှာ ရှိတဲ့ ငွေကြေးကိုကြည့်ပြီး လုပ်နိုင်သလောက် လုပ်နေကြတာ။ အခြေအနေကြည့်ပြီး လုပ်ကြရတာပေါ့“လို့ ပြောပါတယ်။
လူဦးရေ ၅၀၀ ကျော်လောက် နေထိုင်တဲ့ တန်ဂျာကျေးရွာအတွင်း လယ်ဧကစုစုပေါင်း ၅၀၀ နီးပါး ရှိတယ်လို့လည်း သိရပါတယ်။
မတ်လ အစောပိုင်းကနေစပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲစတင်ဖြစ်ပွားလာတဲ့ နောက်ပိုင်းကနေ မြစ်ကြီးနား-ပူတာအို လမ်းပိုင်း ပိတ်သွားပြီး ကုန်စည်တွေ ပြတ်လပ်နေတဲ့အပြင် စက်သုံးဆီ၊ဆေးဝါး အစရှိတာတွေပါ ပြတ်လပ်နေတာပါ။







