ဇွန်၊၂၄
မြစ်ကြီးနား-ပူတာအို အတက်အဆင်းပြုလုပ်နေတဲ့ ကုန်ပစ္စည်းတင်ကားတွေဟာ လမ်းပိုင်းဆိုင်ရာ အခက်အခဲကြောင့် ယာယီရပ်နားလိုက်ရပြီး ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ကနေစပြီး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီလို့ သိရပါတယ်။
ပူတာအိုမြို့မရောက်ခင် မဆွန်ဇွပ်(masum zup)နဲ့ တန်ဂျာကျေးရွာကြား ကျောက်ရေတွင်း (ကချင်အခေါ်အဝေါ်Shin dan mada )အောက်ဘက်နားမှာ လမ်းချောက်ကမ်းပါးပြိုတဲ့အတွက် ဇွန်လ ၂၁ ရက်နေ့နေ့ကနေစပြီး ယာယီ ရပ်နားလိုက်ရတာပါ။
မြစ်ကြီးနား-ပူတာအို အတက်ရော အဆင်းပါ ယာယီရပ်နားထားရာကနေ လမ်းပြုပြင်ပြီးစီးပြီ ဖြစ်တဲ့အတွက် ဒီကနေ့မှာတော့ မြစ်ကြီးနားကနေ ပူတာအိုမြို့ဘက် ကားအကြီးအသေး ၂၇ စီး ပြန်ထွက်သွားပြီလို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“လမ်းကတော့ ပြီးပြီ။ ဒီနေ့ ပြန်ထွက်ပြီ။ ဒီနေ့ ထွက်တာက ၂၇ စီး ထွက်တယ်။ လမ်းပိတ်သွားလို့ စုသွားတဲ့ သဘောနေမှာ။ တစ်နေ့ ၇ စီးတော့ သတ်မှတ်ထားတာ ဟုတ်တယ်။“လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကားသမားတွေအနေနဲ့ နှစ်ဖက်တပ်(KIAနဲ့ စစ်ကောင်စီ)ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းဆီ တင်ဆောင်မယ့် ကုန်ပစ္စည်းစာရင်းတွေကို နှစ်ရက်ကြိုတင် စာရင်းပေးပို့ထားရပြီး ကုန်ပစ္စည်းတင်ကားတွေကို စိစစ်ပြီးမှသာ တစ်ဖွဲ့ကို ကား ၇စီးစီနဲ့ တစ်သုတ်ပြီးတစ်သုတ် ပူတာအိုမြို့ဘက် တက်ခွင့်ပြုနေတာလည်း ဖြစ်ပါတယ်။
ပူတာအိုမြို့ဘက် တက်ခွင့်ရဖို့ အလှည့်ကျစနစ်နဲ့ ဖြစ်တာကြောင့် တစ်ချို့ကားသမားတွေဟာ စာရင်းပေးသွင်းပြီးနောက်ပိုင်း သုံးရက်ကနေ တစ်ပတ်လောက်အထိ အလှည့်စောင့်ဆိုင်းရသူတွေပါ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန် မြစ်ကြီးနား-ပူတာအိုမြို့ အတက်/အဆင်း ပြုလုပ်နေတဲ့ ကားတွေ အစီး ၁၀၀ ကျော်လောက် ရှိတယ်လို့လည်း သိရှိရပါတယ်။
ဒါ့အပြင် အရင်က တစ်ရက်တည်းနဲ့ ရောက်တဲ့ မြစ်ကြီးနား-ပူတာအိုမြို့လမ်းခရီးဟာ အခုအချိန်မှာတော့ လမ်းတစ်လျှောက် နှစ်ဖက်တပ်ဂိတ်တွေကနေ အသေးစိတ်စစ်ဆေးရေးတွေ တင်းကျပ်တဲ့အတွက် အနည်းဆုံး တစ်ညအိပ်ခရီးသွားရတဲ့အပြင် လမ်းခရီးအခက်အခဲတွေကြောင့်ပါ ပူတာအိုမြို့ဘက် အချိန်မီရောက်ဖို့ ကြန့်ကြာနေကြတာပါ။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်တီတို့ မတ်လ ပထမအပတ်က ဆွမ်ပရာဘွမ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းဟာ မတ်လ ၉ ရက်နေ့က ပိတ်သွားခဲ့တာဖြစ်ပြီး သုံးလနီးပါးအကြာ ဇွန်လ ၈ ရက်နေ့မှာတော့ နှစ်ဖက်အဖွဲ့အစည်း ခွင့်ပြုချက်နဲ့ ပြန်ဖွင့်ပေးတာ ဖြစ်ပါတယ်။







