ဩဂုတ်၊၁၆
မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ်ကျေးရွာက ဒေသခံပြည်သူတွေကို ဝေရှီစစ်ကောင်စီတပ်စခန်းကနေ မြစ်ကြီးနားမြို့ဘက် ဆင်းခွင့်ပိတ်ထားပြီး ဒေသတွင်း စားသောက်ကုန်မဝင်တော့တဲ့အတွက် အခက်အခဲ ဖြစ်နေကြပါတယ်။
ဩဂုတ်လ လဆန်းပိုင်းကနေစပြီး တီယန်ဇွပ်ကျေးရွာကနေ မိုင် ၃၀ ကျော်လောက် ဝေးတဲ့ ဝေရှီစစ်ကောင်စီတပ်စခန်းဂိတ်ကနေ မြစ်ကြီးနားမြို့ဘက်ကနေ တက်လာသူမယ့် သူတွေကိုသာ ကျေးရွာအတွင်း ဝင်ခွင့်ပြုပြီး အဆင်းကိုတော့ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တီယန်ဇွပ်ကျေးရွာဘက် တက်လာမယ့် ဆိုင်ကယ်၊ ကားတွေကို စားသောက်ကုန် သယ်ယူပို့ဆောင်ခွင့် တားဆီးပိတ်ပင်ထားတယ်လို့ မြစ်ကြီးနားမြို့ဘက် ရောက်ရှိနေတဲ့ တီယန်ဇွပ်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ခက်တာက တက်မယ့်သူတွေကတော့ ကိုယ့်ဒေသပြန်တယ်ဆိုပြီး ပြောရင် ဖြတ်ခိုင်းတယ်။ မြစ်ကြီးနား ဆင်းမယ့်သူတွေကိုတော့ မဖြတ်ခိုင်းဘူး။ တိုက်ပွဲလည်း ဖြစ်ထားတော့ ဒေသခံတွေကို KIA နဲ့ ထိစပ်မှု ရှိတယ်ဆိုပြီးလည်း ဖြစ်နိုင်တယ်။ ပြီးတော့ KIAက စေခိုင်းပြီး ဆင်းတာလားဆိုပြီး ထင်တာလားတော့ မသိဘူး။“လို့ ဆိုပါတယ်။
အခုလို ပြည်သူတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေကိုတော့ မသိရှိရဘူးလို့လည်း ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ကျေးရွာအတွင်း ကုန်ပစ္စည်း ပြတ်လပ်တာတွေ ကြုံတွေ့နေရပြီး အခက်အခဲတွေ ဖြစ်နေကြတယ်လို့ တီယန်ဇွပ်ဒေသခံပြည်သူတစ်ဦးနဲ့ ခေတ္တဖုန်းအဆက်အသွယ်ရရှိချိန် အကြောင်းကြားလာချက်အရ သိရတယ်လို့လည်း အထက်ပါ ဒေသခံက အခုလို ဆက်လက်ပြောပါတယ်။
“ဒီဘက်ကနေ ဖုန်းဆက်လို့ မရဘူး။ ဟိုက ဆက်လာမှ သိရတာ။ စားနပ်ရိက္ခာက ဆိုင်ကယ်နဲ့လည်း သယ်ခွင့် မပြုထားဘူး။ လုံးဝ သယ်ခွင့်မပြုထားဘူး။ ခု အဲဒါ ခက်နေတာပေါ့။ လူမဖြတ်ခိုင်းရင်တောင် စားသောက်ကုန်တွေ ဖြတ်ခိုင်းရင်တော့ အဆင်ပြေမှာ။ ကုန်ဈေးနှုန်းတွေလည်း အရမ်းတက်သွားပြီလို့ ပြောလာတယ်။ ရေဘေးနဲ့ စစ်ဘေးက တစ်ခါတည်းကို ခံစားနေရတာ“လို့ ပြောပါတယ်။
ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းလောက်ကနေ ဧရာဝတီမြစ်ရေ စတင်မြင့်တက်လာပြီး ရေကျသွားချိန် ဇူလိုင်လ ၂ ရက်နေ့မှာတော့ ရေတိုက်စားခဲ့တဲ့ ဒဏ်ကြောင့် တီယန်ဇွပ်ကျေးရွာအတွင်းက မြစ်အနီးတစ်လျှောက် နေအိမ် အလုံး ၂၀ကျော် လောက် ထိခိုက်ပျက်စီးသွားပါတယ်။
ရေကြီးပြီးနောက် မြစ်ကြီးနားကနေ မိုင် ၃၀ ကျော်လောက်ဝေး ဝေရှီအထက်ဘက် နေရာတစ်နေရာအပြင် အင်ဂျစ်ယန်ကျေးရွာ အုပ်စု၊ အင်ဆွပ်ဇွပ်ရွာအထက် ၄၂ မိုင်မှာပါ လမ်းပြို၊ တံတားကျိုးတာတွေ ဖြစ်ပေါ်နေတဲ့အတွက် ကားတွေ သွားလာလို့ မရတော့တဲ့ အခြေအနေ ဖြစ်ခဲ့ရတာပါ။
အဲဒီအချိန်တုန်းက ရေလမ်းကြောင်း အသုံးပြုပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊။ ပျက်စီးသွားတဲ့ ကုန်လမ်းတွေကို ကမ်းပါးဖောက်ပြီး ပြန်လည် ပြုပြင်ပြီးစီးသွားပေမဲ့ လက်ရှိမှာတော့ ကုန်းလမ်း၊ ရေလမ်းပါ စစ်ကောင်စီဘက်က ဖြတ်သန်းသွားလာခွင့် တားဆီးထားတဲ့ သဘောဖြစ်တယ်လို့ ထပ်မံသိရှိရပါတယ်။
ဒါ့အပြင် ရေကြီးပြီးနောက် မြစ်ကြီးနား-တီယန်ဇွပ် လမ်းပိုင်း ပျက်စီးချိန်က ရွာအတွင်း ဈေးဆိုင်တွေမှာ ကုန်ပစ္စည်းပြတ်တာတွေ ဖြစ်ပေါ်ပြီး ဓာတ်ဆီတစ်ဂါလံကို ခြောက်သောင်းကျပ်ရှိသွားတယ်လို့ တီယန်ဇွပ်ဒေသခံတစ်ဦးက ဇူလိုင်လအတွင်း ဖြေကြားထားတာ ရှိပါတယ်။
တီယန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဩဂုတ်လ ၂ရက်နေ့က အပြီးသတ် သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့နဲ့ မိုင် ၅၀ ကျော်လောက်ဝေးတဲ့ မြစ်ဆုံအထက်ပိုင်းက တီယန်ဇွပ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး လူဦးရေ တစ်ထောင်၀န်းကျင် နေထိုင်ပါတယ်။







