ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းကို တစ်လနီးပါးအကြာမှာ KIA သိမ်းပိုက်နိုင်

247
ဓာတ်ပုံ-KIA စစ်သင်တန်းတစ်နေရာ

 

ဩဂုတ်၊၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းက ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဩဂုတ်လ ၁၉ ရက်နေ့ ဒီကနေ့ ညနေပိုင်း ၃ နာရီကျော်လောက်မှာ အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ ကနေစပြီး စစ်ကောင်စီရဲ့ ခလရ ၄၃၇ တပ်စခန်းရှိတဲ့ဘက် တိုက်ပွဲပြန်လည် ပြင်းထန်လာတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွှတ်ရေး မြေပြင်အပြင် လေကြောင်းကနေပါ တန်ပြန်တိုက်ခိုက်မှုုတွေ ပြုလုပ်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်ပြီး တစ်လနီးပါး အကြာ ဒီကနေ့မှာတော့ အပြီး သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုးမောက် ခမရ ၄၃၇ကို နာရီ ၁၅ မိနစ် ဝန်းကျင်မှာ အပြီး သိမ်းပိုက်နိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြု ပြောကြားပါတယ်။

နွေရာသီအချိန်တုန်းက တောင်တန်းတွေမှာရှိတဲ့ တပ်စခန်းတွေကို တိုက်ခိုက်တဲ့အချိန် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားဟာ အထက်ပါ ၄၃၇ တပ်စခန်းကြီးဘက် စုဝေးနေကြတာကြတာကြောင့် တပ်စခန်း ပိုမို ခိုင်မာလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကြီး အနီးအနားမှာတော့ တပ်စခန်းတွေ မရှိတော့ပေမဲ့ မိုးမောက်နဲ့ ဗန်းမော်ကြားမှာတော့ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းက စစ်ကောင်စီစခန်းတွေကို မတ်လ ၂၇ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး စိန်လုံနဲ့ ယောယုံ ဗျူဟာကုန်းတပ်စခန်းကြီးတွေ အပါအဝင် စစ်ကောင်စီရဲ့ စခန်း ၁၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ လွယ်ဂျယ်မြို့ကိုလည်း မတ်လ ၂၈ ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

လက်ရှိမှာတော့ မိုးမောက်မြို့နယ်အတွင်းက တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အုပ်ချုပ်ရေးယန္တရားစနစ်နဲ့အညီ အုပ်ချုပ်ရေးဆိုင်ရာ ဌာန၊ ရဲဌာနတွေ ချမှတ်ပြီး စတင်အုပ်ချုပ်နေပြီလည်း ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေကနေ စတင်ခဲ့တဲ့ KIA ရဲ့ ထိုးစစ်ကနေ ဒီကနေ့(၅ လကျော်) အထိ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၂၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here