စက်တင်ဘာ၊၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အူဗျစ်ရွာအဝင်မှာ လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို တစ်သောင်းကျပ်နှုန်းကောက်ခံပြီး အထက်ဘက်(မြစ်ဆုံလမ်း)ကို ဆက်တက်သွားတယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဆယ်မိုင်ကျေးရွာကနေ ထွက်ခွာပြီး အူဗျစ်ရွာ အဝင် ၁၁ မိုင်လောက်မှာတော့ စားပွဲတစ်လုံး ချပြီး လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို တစ်သောင်းကျပ် ကောက်ခံတာလို့ မြစ်ကြီးနားဒေသခံ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ဆိုင်ကယ်မှာ လူနှစ်ယောက် ပါရင် နှစ်သောင်းပဲ။ ကားဆိုရင်လည်း လူသုံးဦးပါရင် တစ်ယောက် တစ်သောင်းနှုန်း ပေးရတာ။ မနေ့က ရပ်ထားတဲ့ ကားရော၊ ဆိုင်ကယ်ရော ယာဉ်တန်းက အရှည်ကြီးဖြစ်သွားတာ“လို့ ဆိုပါတယ်။
အဲဒီနေရာ ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သား အယောက် ၆၀ လောက်ရှိပြီး လမ်းသွားလမ်းလာ ပြည်သူအချို့ကိုလည်း စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လမ်းသွားလမ်းလာ ပြည်သူတွေဆီက ငွေကြေးကောက်ခံပြီးနောက် ညနေပိုင်းမှာတော့ တုန်ဖုံးကားနှစ်စီးနဲ့ မြစ်ဆုံလမ်းအတိုင်း တက်သွားကြတယ်လို့ အထက်ပါ မြစ်ကြီးနားဒေသခံပြည်သူရဲ့ ပြောပြချက်အရ သိရပါတယ်။
အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဆယ်မိုင်ကျေးရွာအတွင်း ဝင်ရောက်လာကြတာဖြစ်ပြီး ကျေးရွာအထက်တန်းကျောင်းနဲ့ လမ်းတစ်လျှောက်က ဆိုင်တွေမှာ နေရာခွဲ နေထိုင်နေကြခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းလောက်ကလည်း အထက်ဘက်ကနေ တုန်ဖုန်းကားကြီးနဲ့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ ထက်မနည်းဟာ မြစ်ကြီးနား-မြစ်ဆုံတန်ဖရဲ လမ်းပေါ်မှာရှိတဲ့ ဆယ်မိုင်ကျေးရွာအတွင်းက အထက်တန်းစာသင်ကျောင်း၊ ကက်သလစ်ဘုရားကျောင်းဝင်းနဲ့ ကျေးလက်ဆေးပေးခန်းအပြင် ဂျော်ဘွမ်ဆုတောင်းတောင်လမ်း ရပ်ကွက်(၅)ဘက်က လူမရှိတဲ့ နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲခဲ့ပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ မနက်မှာ အဲဒီ စစ်ကောင်စီတပ်သားတွေအားလုံး ရွာအတွင်းကနေ ပြန်လည်ထွက်ခွာသွားပြီးနောက်ပိုင်း စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ်ပြန်လည် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေ ကားလေးစီးနဲ့ ဂျော်ဘွမ်ဆုတောင်းတောင်အတွင်း လှည့်လည်သွားလာတာ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပြီး ဘာအကြောင်းကြောင့် အခုလို ဝင်ရောက်လာတာလဲဆိုတာတော့ တိတိကျကျမသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြစ်ကြီးနားမြို့အပြင် ကချင်တစ်ပြည်နယ်လုံး ဖုန်းနဲ့ အင်တာနက်ဖြတ်တောက်ထားတာ ရက်ပေါင်း ၅၀ ကျော် ရှိနေပြီဖြစ်ပြီး အဲဒီအချိန်မှာပဲ မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဩဂုတ်လ ၂ ရက်နေ့မှာ သိမ်းပိုက်ထားတာပါ။







