စက်တင်ဘာ၊ ၁၃
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာက အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့မနက် ၁၁ နာရီလောက်ကနေ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်းတောင်ရဲစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကနေ မီးရှို့နေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“စစ်ကောင်စီတပ်တွေ လိုက်ရှို့နေတယ်တဲ့။ လေယာဉ်တော့ မလာသေးဘူး။ မီးလိုက်ရှို့ပေးနေတဲ့သူတွေက ဆိုင်းတောင်ရဲကုန်း(ရဲစခန်း)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီစစ်သားတွေ ရဲတွေဟုတ်တယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဆိုင်းတောင်မှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA )ပူးပေါင်းတပ်တွေက တိုက်ခိုက်ဖို့ လုပ်နေတယ်လို့သိရပြီး အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မနေ့က မနေ့ စက်တင်ဘာလ ၁၃ ရက်နေ့က ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်အပြီးမှာ စစ်ကောင်စီတပ်ကနေ လေကြောင်းအပြင် လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဆိုင်းတောင်ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။
တိုက်ပွဲတွေကြောင့် ဆိုင်းတောင်ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
ဖားကန့်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ဆိုင်းတောင်ရပ်ကွက်/ကျေးရွာက စစ်ရှောင်ကြတဲ့ ပြည်သူတွေရဲ့ စာရင်းအချက်အလက်ကို သိရဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ဆိုင်းတောင်ရပ်ကွက်/ကျေးရွာ အနီးက ယူမာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။







